【 ဆောင်းပါး 】 EV နှင့်အတူ ဖွံ့ဖြိုးလာတော့မည့် ဘက်ထရီမပါ လျှပ်စစ်ကားစနစ်

【 ဆောင်းပါး 】 EV နှင့်အတူ ဖွံ့ဖြိုးလာတော့မည့် ဘက်ထရီမပါ လျှပ်စစ်ကားစနစ်

မြန်မာနိုင်ငံတွင် EV ကား အသုံးပြုမှုမှာ ယခုနောက်ပိုင်း တွင်ကျယ်လာခြင်းနှင့်အတူ ရန်ကုန်အပါအဝင် မြို့ကြီးပြကြီးများရှိ လမ်းများပေါ်၌ အများအပြားမြင်တွေ့လာမည်ဖြစ်သည်။

ထို EV ကားများအနက်တွင် တရုတ်ထုတ် EV ကား Brand များကလည်း လူသုံးများလာခဲ့ပြီး အသွင်ဒီဇိုင်းများသာမက တစ်စတစ်စဖြင့် တိုးတက်လာခဲ့သည်။

ထိုကဲ့သို့ EV ကားများ ဖွံ့ဖြိုးလာမှုနှင့်အတူ နောက်ပိုင်းတွင် ဘက်ထရီမပါ လျှပ်စစ်ကားစနစ်မှာလည်း တွင်ကျယ်လာတော့မည်ဟု ပြည်တွင်းကားလောကအတွင်း ခန့်မှန်းမှုများရှိနေကြသည်။

မြန်မာနိုင်ငံအတွင်း ကားသုံးစွဲမှုကို လေ့လာကြည့်ပါက ယာဉ်ပိုင်ရှင်အများစုသည် ဆီဆိုင်များတွင် အချိန်ကြာမြင့်စွာ တန်းစီ စောင့်ဆိုင်းရသော အခြေအနေများနှင့် ကုန်ကျစရိတ် သက်သာစေသော အခြေအနေများမှ ကင်းဝေးစေခြင်းကြောင့် EV ကားများအပေါ် စိတ်ဝင်စားမှုပိုလာကြသည်။

လတ်တလောတွင် EV ကားများကို Charging Station များ၌ အလွယ်တကူ အားသွင်းနိုင်သော အခြေအနေမျိုးရှိသော်လည်း EV ကားများကို အသုံးပြုမှုများလာပါက အခြားသော နိုင်ငံကြီးများကဲ့သို့ Charging Station တွင် အချိန်ယူစောင့်၍ အားဖြည့်ရသော အခြေအနေမျိုး ဖြစ်လာနိုင်သလို ယင်းအခြေအနေကို ဖြေရှင်းရာရန် ဘက်ထရီမပါ လျှပ်စစ်ကားစနစ်ဟု ခေါ်ကြသည့် Battery-swapping စနစ်ကို အသုံးပြုလာကြခြင်းဖြစ်သည်။

ဘက်ထရီမပါ လျှပ်စစ်ကားစနစ်ဟု ဆိုသော်လည်း လုံးဝဘက်ထရီမပါခြင်းကို ဆိုလိုသည်မဟုတ်ပေ။ကားတွင်ပါဝင်သော ဘက်ထရီကို အချိန်ကုန်ခံ၍ အားသွင်းခြင်းမျိုးမပြုဘဲ လဲလှယ်လုပ်ဆောင်သော စနစ်မျိုးဖြစ်သည်။ဥပမာအားဖြင့် ပြည်တွင်းတွင် ရေသန့်ဘူးများ ရောင်းချသည့် ပုံစံမျိုးကဲ့သို့ပင်ဖြစ်သည်။ရေသန့်ဘူးများကို မှာယူသုံးစွဲပြီးနောက် ကုန်သွားသည့်အခါ သုံးစွဲသူက ရေပြန်ဖြည့်တင်းခြင်းအစား ရေအပြည့်ပါသော ဘူးအသစ်တစ်ဘူးဖြင့် အစားထိုးကာ လဲလှယ်လိုက်ခြင်းမျိုးလည်းဖြစ်သည်။

EV ကားများကို အားသွင်းသည့် DC Fast Charge များမှာ အနည်းဆုံး နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက် ကြာမြင့်လေ့ရှိတတ်ပြီး ကိုယ့်ရှေ့တွင် အားသွင်းနေသော ကားရှိပါက ယင်းထက် အနည်းငယ် ပိုကြာမြင့်နိုင်မည်ဖြစ်သလို DC Fast Charge Station များ ပေါများစွာရှိနေမှုကလည်း အရေးကြီးသည်။ထို့ကြောင့် EV ကားများကို အသုံးမျာသည့် နိုင်ငံများတွင် Charging Station များတွင် စောင့်ဆိုင်း၍ အားဖြည့်ခြင်းမျိုး မလုပ်ချင်ကြတော့ဘဲ ဘက်ထရီဖြုတ်လဲသည့် ဝန်ဆောင်မှုစနစ်အပေါ် စိတ်ဝင်စားလာသလို ယင်း Battery-swapping စနစ်မှာ တွင်ကျယ်လာခြင်းလည်းဖြစ်သည်။

ထိုသို့သော ဖြုတ်လဲသည့် လက်ခမှာ ဘက်ထရီအမျိုးအစားအလိုက် နိုင်ငံတကာတွင် ပျမ်းမျှ ဒေါ်လာ ၃၀၀ မှ ၁၀၀၀ ကျော်အထိ ရှိတတ်သည်။ထို Battery-swapping စနစ် လုပ်ဆောင်သည့် ကားထုတ်လုပ်သော ကုမ္ပဏီများအနက်တွင် ယခုနောက်ပိုင်း NIO (နီအို) မှာ နာမည်ကြီးလာခဲ့သည်။

တရုတ်ပြည်တွင်း ကားဈေးကွက်တွင် ကားအမှတ်တံဆိပ် အခုရေ ၄၀ ကျော်အထိ အများအပြားရှိနေပြီး ပြိုင်ဆိုင်မှု ပြင်းထန်ကာ ထုတ်လုပ်နေလျက်ရှိသည်။တရုတ်ကားကုမ္ပဏီကြီးတစ်ခုဖြစ်သည့် NIO သည် နောက်ပိုင်းတွင် EV များကို ပိုမိုထုတ်လုပ်လာခဲ့သည်။တရုတ်စက်မှုဝန်ကြီးဌာနက NIO ကုမ္ပဏီကို EV ကား ထုတ်လုပ်ခွင့်ပြုလိုက်ပြီးနောက် EV ဘက်ထရီများ အားကုန်သည့်အခါ အသစ်လဲလှယ်မည့် Battery-swapping စနစ်ကို NIO က ၂၀၁၈ ခုနှစ်တွင် စတင်လာခဲ့သည်။

NIO သည် ၂၀၁၈ ခုနှစ်မှစ၍ မော်တော်ယာဉ် ထုတ်လုပ်ခွင့် လိုင်စင်ရရှိထားသည့် Anhui Jianghuai Automobile Group (JAC) နှင့် မိတ်ဖက်ပြုထားပြီး ကန်ထရိုက်စနစ်ဖြင့် JAC ထံ အလုပ်အပ်နှံကာ EV များ ထုတ်လုပ်လျက်ရှိသည်။

နာမည်ကြီး ကားကုမ္ပဏီတစ်ခုဖြစ်သည့် Tesla ပင်လျှင် အဆိုပါ Battery-swapping စနစ်ကို စမ်းသပ်ခဲ့သော်လည်း လာရောက်လဲလှယ်မည့်သူမရှိဖြစ်ကာ အောင်မြင်မှုမရှိဘဲဖြစ်ခဲ့သည်။သို့ရာတွင် တရုတ်ကားကုမ္ပဏီဖြစ်သည့် NIO မှာ ပထမဆုံး ခြေလှမ်းတစ်ခုအဖြစ် ပေကျင်း-ဟောင်ကောင် လမ်းမကြီးပေါ်တွင် Battery-swap Station ၁၄ ခုကို စတင်ထားရှိခဲ့သည်။၎င်း၏ဝန်ဆောင်မှုစနစ်ကို အသုံးပြုသူများလာခဲ့သလို ၂၀၁၉ ခုနှစ်တွင် ပေကျင်း-ရှန်ဟိုင်းလမ်းမကြီးပေါ်တွင် ရှစ်ခု ထပ်မံတည်ဆောက်ကာ ဝန်ဆောင်မှုများပေးခဲ့ရာ နှစ်သက်သုံးစွဲသူများဖြင့် တဖြည်းဖြည်းများလာခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် Station ၁၉၃ ခု အထိ ရှိလာခဲ့ပြီး ဘက်ထရီလာရောက်လဲလှယ်မှု အခြေအနေမှာ အရေအတွက် နှစ်သန်းလောက်အထိရှိခဲ့သည်။

ထိုသို့သော ဘက်ထရီ လဲလှယ်မှုကို Automatic ပြုလုပ်ကာ ဝန်ဆောင်မှုပေးခဲ့သလို အချိန်လေးမိနစ်ဝန်းကျင်လောက်သာ ကြာမြင့်မှုရှိသည့်အတွက် သုံးစွဲသူများက နှစ်သက်လာခဲ့ကြသည်။အားသွင်းစနစ်ဖြင့် Tesla Supercharger တွင် အားသွင်းသည့်အခါ ၂၅ ဒေါ်လာ ကျသင့်သလို အချိန်တစ်နာရီခန့် ကြာမြင့်သည့် အခြေအနေကို NIO က လေးမိနစ်ဝန်းကျင် အချိန်ကြာမြင့်မှုဖြင့် ဘက်ထရီလဲလှယ်၍ ကုန်ကျစရိတ်ကိုလည်း ၁၅ ဒေါ်လာ ယူခဲ့ခြင်းကြောင့် သုံးစွဲသူများ နှစ်သက်မှုပိုကာ အလဲထိုးအနိုင်ယူသွားနိုင်မည့် အခြေအနေမျိုး ပိုင်ဆိုင်လာခဲ့သည်။

ကမ္ဘာတစ်လွှားတွင် အချက်အချာ ၇ ခုကို တရုတ်၊ ဂျပန်၊ ကိုရီးယား၊ အမေရိကန်၊ သြစတြေးလျ၊ ဂျာမနီ၊ နယ်သာလန် အစရှိသည့် နိုင်ငံခုနစ်ခုတွင် စက်ရုံများထားရှိပြီး မြို့ကြီးရှစ်မြို့၌ ရုံးခန်းများဖွင့်လှစ်ထားသော Tesla က ထိုင်းနိုင်ငံတွင် စက်ရုံဆောက်၍ EV များ ထုတ်လုပ်ရန် စီစဉ်နေလျက်ရှိသည်။တရုတ် BYD ကုမ္ပဏီက မြေ ရိုင် ၆၀၀ (၉၆ ဟက်တာ) ကိုသာ အသုံးပြု၍ စက်ရုံတည်ဆောက်ကာ ထုတ်လုပ်နေသော်လည်း Tesla က မြေ ၂၀၀၀ ရိုင် (၃၂၀ ဟက်တာ) အကျယ်အဝန်း သုံးစွဲကာ စက်ရုံဆောက်ရန် ပြင်ဆင်နေခြင်းကြောင့် မြေနေရာအခြေအနေအတွက် အခက်အခဲများကြုံနေလျက်ရှိသည်။

NIO သည် တရုတ်နိုင်ငံတွင် EV ကား အစီးရေ ၁၂၆,၀၆၇ စီးကို ရောင်းချခဲ့ပြီး အဆင့် ၉ နေရာတွင် ရပ်တည်နေကြောင်းကို ၂၀၂၃ နှစ်၊ ပထမ ၁၀ လစာရင်းများ၌ မြင်တွေ့ရမည်ဖြစ်သည်။ယခုနောက်ပိုင်းတွင် Swap-Station စနစ်ကို အဆင့်မြှင့်တင်လာသလို Second Generation အဖြစ် လုပ်ဆောင်နိုင်ခဲ့ပြီး ယာဉ်ပိုင်ရှင်မှာ ကားပေါ်မှ ဆင်းစရာမလိုဘဲ သုံးမိနစ်ဝန်းကျင်အတွင်းတွင် Automatically Packing and Swapping စနစ်ဖြင့် ဘက်ထရီလဲလှယ်မှုကို လုပ်ဆောင်လာခဲ့သည်။ထို့ကြောင့် Station ပေါင်း ၇၀၀ အထိ ရှိလာကာ ဘက်ထရီလဲလှယ်မှု ၅ ဒသမ ၃သန်းအထိဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် Station ပေါင်း ၁၃၀၀ ကျော်နှင့် တစ်ရက်လျှင် ဘက်ထရီ ၄၀,၀၀၀ လောက်ကို လဲလှယ်မှုရှိလာခဲ့သည်။ယင်းကုမ္ပဏီမှ တရုတ်ပြည်အနှံ့ ဘက်ထရီလဲမှု ၁၅ သန်းအထိရှိခဲ့ပြီး ၂၀၂၃ ခုနှစ်တွင် Swap Station ခုနစ်ခုကို ဂျာမဏီ နိုင်ငံ၌ ဖွင့်လှစ်ပေးနိုင်ခဲ့သည်ဟု သတင်းများ၌ ဖော်ပြထားကြသည်။

NIO ၏ အောင်မြင်မှုရလာသည်နှင့် Changan, Geely, JAC, Chery စသည့် အခြားသော ကားကုမ္ပဏီများကလည်း NIO နှင့် လက်တွဲ၍ ဘက်ထရီလဲလှယ်မှုစနစ်ကို လုပ်ဆောင်ရန် ကြိုးစားလာမှုများရှိလာခဲ့သည်။ထိုကဲ့သို့သော စမတ်ကျလှသည့် အရည်အသွေးမြင့် မိုဒယ်လ်များဖြင့် ဘက်ထရီအလဲအလှယ်ပြုလုပ်ပေးရာတွင် နာမည်ကြီးလာလျက်ရှိပြီး ယခုဆိုလျှင် တရုတ်နိုင်ငံ အရှေ့ပိုင်း၊ အန်ဟွေးပြည်နယ်၏ မြို့တော် ဟေဖေတွင် ဒုတိယမြောက် အဆင့်မြင့်ထုတ်လုပ်ရေးစင်တာတစ်ခုကို ဖွင့်လှစ်ခဲ့ပြန်သည်။

ကမ္ဘာတစ်ဝန်း EV ကားသုံးစွဲမှု ခေတ်ရေစီးကြောင်းစနစ် ပြောင်းလဲလာမှုနှင့်အတူ အားမသွင်းတော့ဘဲ ဘက်ထရီလဲလှယ်သော Battery-swapping စနစ်မှာ တစ်စစဖြင့် တွင်ကျယ်လာလျက်ရှိလာခဲ့သည်။ထိုသို့ ဘက်ထရီလဲလှယ်သော စနစ်တွင် နာမည်ရကာ စျေးကွက်အတွင်း တရုတ်ကားကုမ္ပဏီက ဦးဆောင်နေခြင်းကြောင့်လည်း မြန်မာနိုင်ငံအနေဖြင့် EV ကားစျေးကွက်တွင် တရုတ်ကားကုမ္ပဏီများ၏ ထုတ်လုပ်မှုကို အဓိကထားကာ တင်သွင်းသုံးစွဲနေခြင်းကြောင့် ယင်းသုံးစွဲမှုနည်းပညာများကို မကြာခင်ခံစားရနိုင်မည့် အခြေအနေမျိုးလည်း ရှိလာခဲ့သည်။

ယခုဆိုလျှင် EV ကားများ အားသွင်းသည့် Station များကို တည်ဆောက်လာသလို EV ကား အသုံးပြုမှု ပိုမိုများလာသည်နှင့် အားသွင်းခြင်းထက် ဘက်ထရီလဲလှယ်သော စနစ်များမှာ တွင်ကျယ်လာတော့မည့်အကြောင်းကို ရေးသားလိုက်ရပေသည်။

ဧပရယ်လ်