【 နိုင်ငံတကာဆောင်းပါး 】 ဟိုင်နန်ကို လွတ်လပ်စွာ ကုန်သွယ်ရေး စမ်းသပ်ဇုန်အဖြစ် တည်ဆောက်ခြင်း

【 နိုင်ငံတကာဆောင်းပါး 】 ဟိုင်နန်ကို လွတ်လပ်စွာ ကုန်သွယ်ရေး စမ်းသပ်ဇုန်အဖြစ် တည်ဆောက်ခြင်း

တရုတ်နိုင်ငံ၊ ဟိုင်နန်ကျွန်းတစ်ခုလုံးအား လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်အဖြစ် စမ်းသပ်ကာ တည်ဆောက်သွားမည်ဖြစ်ပြီး တရုတ်ဝိသေသလက္ခဏာနှင့် ပြည့်စုံသော လွတ်လပ်သော ကုန်သွယ်ရေးဆိပ်ကမ်းတစ်ခုအဖြစ် တဖြည်းဖြည်းဖော်ဆောင်သွားမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်က ကြေညာခဲ့သည်။

လိုအပ်သည့် မူဝါဒများနှင့် စနစ်များကို တစ်ဆင့်ချင်း တည်ဆောက်သွားမည်ဖြစ်ပြီး အဆင့်အမြင့်ဆုံးသော ပြင်ပသို့ တံခါးဖွင့်ခြင်း မူဝါဒများရှိသည့် တရုတ်၏ အကြီးဆုံး လွတ်လပ်စွာ ကုန်သွယ်ရေးဇုန် ဖြစ်လာမည်ဟု သမ္မတ ရှီက ဆိုခဲ့သည်။

ဖွံ့ဖြိုးတိုးတက်ဆဲ ကျွန်းတစ်ခုအား လွတ်လပ်သော ကုန်သွယ်ရေးဇုန်အဖြစ် တည်ဆောက်ခြင်းအဖြစ် ဟိုင်နန်သည် ပြုပြင်ပြောင်းလဲရေးအတွက် ပို၍အခွင့်အလမ်းရလာပြီး ဥပဒေအခြေပြုသော၊ နိုင်ငံတကာအဆင့်မီသော၊ သက်သောင့်သက်သာရှိသော စီးပွားရေးပတ်ဝန်းကျင်တစ်ခု ဖြစ်လာမည်ဖြစ်သည်။

လွတ်လပ်စွာ ကုန်သွယ်ရေး စမ်းသပ်မှုဇုန်တွင် အဆင့်မြင့်ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု လွတ်လပ်ရေး မူဝါဒများကို အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး ပြည်ပမှ စီးပွားရေးများကို နိုင်ငံစီးပွားရေးများအတိုင်း ဆက်ဆံကာ စီမံသွားမည်ဖြစ်သည်ဟု သမ္မတ ရှီက ပြောခဲ့သည်။

သမားရိုးကျကဏ္ဍများဖြစ်သော ပညာရေး၊ ကျန်းမာရေး၊ အားကစား၊ ဘဏ္ဍာရေးတို့မှ စတင်ပြီး ခေတ်မီစိုက်ပျိုးရေး၊ အဆင့်မြင့်နည်းပညာနှင့် ခေတ်မီဝန်ဆောင်မှုများအထိ ကဏ္ဍပေါင်းစုံအား အာရုံစိုက်ပြီး ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ အကျိုးစီးပွားကို ကာကွယ်ကာ သင်္ဘောကုန်သွယ်ခြင်းကဏ္ဍကို ပြင်ပသို့ ပိုမိုဖွင့်လှစ်သွားမည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းမှ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် လာရောက်မြှုပ်နှံပြီး ဖွံ့ဖြိုးတိုးတက်မှု အသီးအပွင့်များကို မျှဝေခံစားရန်လည်း သမ္မတ ရှီက ဖိတ်ခေါ်ခဲ့သည်။

ဟိုင်နန်ကျွန်းအနေဖြင့် ခါးပတ်နှင့် လမ်းအစီအစဉ်တွင် ပါဝင်သော အခြားသောနိုင်ငံ၊ ဒေသများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်သင့်သည်ဟု ဆိုသည်။ဟိုင်နန်လွတ်လပ်စွာကုန်သွယ်ရေးဆိပ်ကမ်းသည် တရုတ်ဝိသေသလက္ခဏာများကို ဆောင်ကြဉ်းပြီး တရုတ်၏အခြေအနေများနှင့် ကိုက်ညီသင့်ကြောင်း သမ္မတ ရှီက ဆိုသည်။တရုတ်သည် ဟိုင်နန်းအား တရုတ်ဝိသေသလက္ခဏာပါဝင်သော လွတ်လပ်စွာ ကုန်သွယ်ရေးစနစ် တည်ဆောက်ရန် မူဝါဒများကို အကောင်အထည်ဖော်လျက်ရှိသည်။

နှစ်ပေါင်း ၄၀ ကျော် ပြုပြင်ပြောင်းလဲရေးများမှတစ်ဆင့် မူဝါဒအခြေပြုစနစ်မှ စနစ်အခြေပြု လက်တွေ့အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။တရုတ်အနေဖြင့် ပြင်ပသို့ တံခါးဖွင့်ခြင်းဆိုင်ရာ အဓိကအစီအစဉ်များကို လက်တွေ့အဖြစ် လျင်မြန်စွာ ပြောင်းလဲမည်ဖြစ်ပြီး တံခါးဖွင့်ခြင်း၏ အသီးအပွင့်၊ အကျိုးအမြတ်များကို စီးပွားရေးများအားလုံးနှင့် တရုတ်ပြည်သူများအပါအဝင် တစ်ကမ္ဘာလုံးမှ ပြည်သူများအတွက် ဆောလျင်စွာ ခံစားစေရမည်ဟု သမ္မတ ရှီက ဆိုသည်။

ဟိုင်နန်ရှိ တံခါးဖွင့်ခြင်း မူဝါဒအသစ်သည် ခါးပတ်နှင့် လမ်း တည်ဆောက်ရေးတွင်လည်း တိုးတက်မှုကို ဖြစ်ပေါ်စေမည်ဖြစ်ပြီး ဒေသတွင်း စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် တရုတ်နှင့် သက်ဆိုင်ရာနိုင်ငံများအကြား ပူးပေါင်းမှုများကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ဟိုင်နန်သည် တောင်တရုတ်ပင်လယ်နှင့် အာရှ-ပစိဖိတ်ဒေသဝန်းကျင်ရှိ နိုင်ငံများအား တရုတ်ဈေးကွက်နှင့် ဆက်သွယ်ပေးမည့် အဓိကတံတားတစ်ခုလို ဖြစ်လာမည်ဖြစ်သည်။

ဟိုင်နန်ကျွန်းအနေဖြင့် အခြားသော လွတ်လပ်စွာ ကုန်သွယ်ရေးဇုန်များ၊ ဆိပ်ကမ်းများနှင့် ဆက်ဆံရေးတည်ဆောက်သွားမည်ဖြစ်ကာ အပြန်အလှန်အကျိုးအမြတ်များကို ရရှိစေမည်လည်းဖြစ်သည်။

ဟိုင်နန်ကျွန်းသည် ကုန်းမြေဧရိယာ ၃၅,၄၀၀ စတုရန်းကီလိုမီတာသာရှိသော်လည်း တရုတ်၏ ရေပြင်ပိုင်နက်ကိုမူ သုံးပုံနှစ်ပုံအား လွှမ်းခြုံထားသော ဒေသဖြစ်ပြီး ၂၁ ရာစု၏ အဏ္ဏဝါပိုးလမ်းမအတွက် အရေးပါသော အချက်အခြာဖြစ်သည်။

တရုတ်၏ အကြီးဆုံး အထူးစီးပွားရေးဇုန်လည်းဖြစ်သော တောင်ပိုင်းကျွန်းပြည်နယ်သည် နိုင်ငံတကာခရီးသွားကျွန်းအဖြစ် ကိုယ်ပိုင်တိုးတက်စေနိုင်ခဲ့ခြင်းအတွက် ဗဟိုအစိုးရ၏ အသိအမှတ်ပြုခံထားရခြင်းဖြစ်သည်။

တစ်ချိန်က ဝေးလံခေါင်ဖျားပြီး တိုးတက်မှုနှေးကွေးခဲ့သော ဟိုင်နန်ကျွန်းသည် တရုတ်၏ အပွင့်လင်းဆုံး ဘက်ပေါင်းစုံပါဝင်သော ဒေသများအနက် တစ်ခုဖြစ်လာပြီး နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ခြင်းတို့အတွက် ပြတင်းပေါက်တစ်ချပ် ဖြစ်လာခဲ့သည်။

စိုးနိုင်ထွန်း
Ref - Xinhua Headlines: China plans to build Hainan into pilot free trade zone