【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ကုန်သွယ်မှုကို မြင့်တင်မည့် ကန်တုံ ကုန်စည်ပြပွဲ

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ကုန်သွယ်မှုကို မြင့်တင်မည့် ကန်တုံ ကုန်စည်ပြပွဲ

မကြာသေးမီနှစ်များအတွင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခနှင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခကဲ့သို့သော ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင် သိသာထင်ရှားသော ပြောင်းလဲမှုများသည် နိုင်ငံတကာကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်တွင် စွန့်စားရမှုများတိုးလာကာ မသေချာ မရေရာမှုများ တိုးပွားလာကာ ပြင်းထန်သော အကျိုးသက်ရောက်မှုများရှိခဲ့သည်။

ပထဝီဝင်နိုင်ငံရေး တင်းမာမှုများသည် လက်ရှိ ကမ္ဘာ့စီးပွားရေးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ကို ကိုယ်စားပြုသည်။ကမ္ဘာ့စီးပွားရေး မတည်ငြိမ်မှုနှင့် ငွေကြေးဈေးကွက်များတွင် စျေးကွက်အတက်အကျနှင့် အန္တရာယ်များကိုပင် ဖြစ်ပေါ်စေခဲ့သည်။

ထိုသို့သော အခြေအနေများကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးပညာရှင်များ၊ မူဝါဒချမှတ်သူများနှင့် ရင်းနှီးမြှုပ်နှံသူများက ကမ္ဘာ့စီးပွားရေးတွင် ရင်ဆိုင်နေရသော ပဋိပက္ခများ၊ ပြဿနာများနှင့် စိန်ခေါ်မှုများစွာကို အာရုံစိုက်လာကြသည်။

လက်ရှိဖြစ်နေသည့် နိုင်ငံတကာအခင်းအကျင်းများ၊ စီးပွားရေးကျဆင်းနေမှုများနှင့် ဆန့်ကျင်ဘက်ဖြစ်နေသည့် အရာကို ပြမည်ဆိုပါကတရုတ်နိုင်ငံ တောင်ပိုင်း၊ ကွမ်တုံပြည်နယ်၊ ကွမ်ကျိုးမြို့တွင် ကျင်းပနေသည် တရုတ်သွင်းကုန်ထုတ်ကုန်ပြပွဲ (ကန်တုံ ကုန်စည်ပြပွဲ) ကို ကြည့်ရမည်ဖြစ်သည်။

၁၃၅ ကြိမ်မြောက် တရုတ်သွင်းကုန်နှင့် ပို့ကုန် ကုန်စည်ပြပွဲ (Canton Fair) ၏ ကြီးကျယ်ခမ်းနားသော ဖွင့်ပွဲကိုကြည့်ပါက တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် အသက်ဝင်လာနေပြီကို သံသယကင်းစရာတွေ့ရမည်ဖြစ်သည်။ထိုပြပွဲကို တရုတ်ပြည်၏ စီးပွားရေးအခြေအနေကို သိနိုင်သည့် ပြတင်းပေါက်အဖြစ် ရှုမြင်ထားကြသည်။

ယခုနှစ် ကုန်စည်ပြပွဲကို ဧပြီ ၁၅ မှ မေလ ၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံနှင့် ဒေသပေါင်း ၂၁၅ ခုမှ ဝယ်ယူသူ စုစုပေါင်း ၁၃၇,၀၀၀ က လာရောက်ရန် ကြိုတင်စာရင်းပေးသွင်းခဲ့သည်။ဤအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုပွဲသည် တရုတ်စီးပွားရေးလုပ်ငန်းများ၏ အင်အားကိုပြသရန်နှင့် ၎င်းတို့၏ စျေးကွက်ချဲ့ထွင်ရန်အတွက် အရေးကြီးသော ပလက်ဖောင်းတစ်ခုသာမက တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုလမ်းကြောင်းများကို စောင့်ကြည့်လေ့လာရန် ပြတင်းပေါက်တစ်ခုလည်းဖြစ်သည်။

ပိုမိုရှုပ်ထွေးသော နိုင်ငံတကာစီးပွားရေးပတ်ဝန်းကျင်တွင် တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုသည် အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။သို့သော် ပြည်တွင်းစီးပွားရေးရှုထောင့်မှကြည့်လျှင် တရုတ်နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် တည်ငြိမ်ပြီး တိုးတက်မှုလမ်းကြောင်းကို ထိန်းသိမ်းထားသည်။အခြေခံစက်မှုလုပ်ငန်းများ တည်ငြိမ်စွာ တိုးတက်လာပြီး တိုးတက်လာနေသည့် ပုံသေပိုင်ဆိုင်မှု ရင်းနှီးမြှုပ်နှံမှုနှင့် လူသုံးကုန်ပစ္စည်းများ၏ လက်လီရောင်းချမှု စုစုပေါင်းတိုးတက်မှုသည် ပြည်တွင်းဈေးကွက်၏ တက်ကြွမှုနှင့် စားသုံးမှုအလားအလာကောင်းမှုတို့ကို ထုတ်ဖော်ပြသနေခဲ့သည်။

တရုတ်စီးပွားရေးသည် ကောင်းမွန်သောလမ်းကြောင်းပေါ်တွင်ရှိနေသည်ကို တရုတ်အစိုးရ၏ စီးပွားရေးဆိုင်ရာ အချက်အလက်များကိုကြည့်လျှင် တွေ့ရမည်ဖြစ်သည်။အကောက်ခွန်အထွေထွေအုပ်ချုပ်ရေးမှ ထုတ်ပြန်သော အချက်အလက်များအရ တရုတ်နိုင်ငံ၏ စုစုပေါင်း သွင်းကုန်နှင့် ပို့ကုန် တန်ဖိုးသည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ပို့ကုန်နှင့် သွင်းကုန် နှစ်ခုစလုံးမှာ တည်ငြိမ်စွာ တိုးတက်လာနေပြီး တစ်နှစ်ထက် တစ်နှစ် ၅ ရာခိုင်နှုန်း မြင့်တက်လာကြောင်း တွေ့ရသည်။

ဤသည်မှာ တရုတ်ပြည်ပကုန်သွယ်ရေးလုပ်ငန်းများ၏ ကြိုးပမ်းအားထုတ်မှု၊ တီထွင်ဆန်းသစ်မှုများနှင့် တရုတ်တွင်ကျင်းပသည့် ကုန်သွယ်ရေးပြပွဲများ၏ အခန်းကဏ္ဍကြောင့်ဖြစ်သည်။

Canton Fair ကျင်းပခြင်းသည် တရုတ်ပြည်ပ ကုန်သွယ်မှုလုပ်ငန်းများအတွက် ၎င်းတို့၏ အားသာချက်များကို ပြသရန်၊ မိတ်ဖက်များ ရှာဖွေရန်နှင့် နိုင်ငံတကာဈေးကွက်များသို့ ချဲ့ထွင်ရန် အခွင့်အလမ်းကောင်း ရှာခြင်းဖြစ်သည်။

ယခုနှစ် Canton Fair တွင် ထုတ်ကုန်အသစ်များ၊ အစိမ်းရောင်ထုတ်ကုန်များနှင့် အဆိုပါလုပ်ငန်းများမှ ပြသထားသည့် လွတ်လပ်သော ဉာဏမူပိုင်ခွင့်ဆိုင်ရာ ထုတ်ကုန်များကို ပြသထားပြီး တရုတ်နိုင်ငံ၏ ကုန်ထုတ်လုပ်မှုလုပ်ငန်းမှ ဆန်းသစ်တီထွင်နိုင်စွမ်းနှင့် စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို အပြည့်အဝပြသထားသည်။

ထို့အပြင် ပြပွဲ၌ ဒစ်ဂျစ်တယ်နည်းပညာနှင့် AI ကဲ့သို့ ဉာဏ်ရည်ထက်မြက်သော ထုတ်လုပ်မှုနှင့် လုပ်ငန်းလည်ပတ်မှုတွင် ကြီးမားသော ဒေတာခွဲခြမ်းစိတ်ဖြာမှုကဲ့သို့သော ဒစ်ဂျစ်တယ်နည်းပညာများကိုပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးချပြထားသည်။ထိုသို့အသုံးပြုခြင်းကြောင့် လာရောက်သူများအနေဖြင့် Canton Fair ၏ နည်းပညာဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်ပြီး သိလိုစိတ်မြှင့်တင်ပေးရုံသာမက တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှု အရည်အသွေးမြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး အရှိန်အဟုန်မြင့်တက်ရေးအတွက် အသစ်အသစ်သော အချက်အလက်များကိုလည်း ပံ့ပိုးပေးခဲ့သည်။

Canton Fair သည် တရုတ်စက်မှုကွင်းဆက်နှင့် ထောက်ပံ့ရေးကွင်းဆက်၏ တည်ငြိမ်မှုကို တက်ကြွစွာ ပံ့ပိုးပေးနေခြင်းဖြစ်သည်။တရုတ်နိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုအတွက် အရေးကြီးသော ပြတင်းပေါက်တစ်ခုအဖြစ်ရှိနေသည့် ယခုကုန်စည်ပြပွဲတစ်ခုတွင် တရုတ်စီးပွားရေးလုပ်ငန်းများ၏ အလယ်အလတ်နှင့် အရင်းအနှီး ကုန်စည်များကို ပြသခြင်းဖြင့် ကမ္ဘာ့စက်မှုလုပ်ငန်းကွင်းဆက်များနှင့် တရုတ်စီးပွားရေးလုပ်ငန်းများကို နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းစေနိုင်ရုံသာမက ကမ္ဘာ့စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ပိုမိုကောင်းမွန်စွာ အဆင့်မြှင့်တင်ရန်နှင့် ထိုသို့အဆင့်မြှင့်တင်ရန် အခွင့်အလမ်းများကို ဖြစ်ပေါ်လာစေခြင်းပင်ဖြစ်သည်။

လက်ရှိ နိုင်ငံတကာစီးပွားရေးအခြေအနေတွင် စက်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များသည် အထူးအရေးကြီးနေပြီး တရုတ်လုပ်ငန်းများသည် အဆိုပါကမ္ဘာ့စက်မှုလုပ်ငန်းကွင်းဆက်များကို ပိုမိုအဆင်ပြေသည့် အနေအထားကိုရရှိရန် ကူညီပေးနေသည်။အဆိုပါလုပ်ငန်းများသည် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်မှုနှင့် စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရုံသာမက တခြားဖက်မှကြည့်လျှင် တရုတ်စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဈေးကွက်သို့ ချဲ့ထွင်ရန် အခွင့်အလမ်းနှင့် အလားအလာကောင်းများကို ပိုမိုရရှိစေခြင်းဖြစ်သည်။

ယခုပြပွဲတွင် တရုတ်အဆင့်မြင့်ကုန်ထုတ်လုပ်မှု အောင်မြင်မှုများကို သရုပ်ပြသခြင်း၊ လုပ်ငန်းပုံစံသစ်များ မိတ်ဆက်ခြင်းနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေခြင်းဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် Canton Fair သည် သိသိသာသာ ပံ့ပိုးကူညီမှုများ ဆက်လက်ပြုလုပ်သွားနိုင်မည်ဖြစ်သည်။

စိုးငြိမ်း