【 နိုင်ငံတကာ 】 တရုတ်၏ တိုးတက်မှုကို မဖိနှိပ်ရန် ဝမ်ယိက ဘလင်ကန်ကိုပြော

【 နိုင်ငံတကာ 】 တရုတ်၏ တိုးတက်မှုကို မဖိနှိပ်ရန် ဝမ်ယိက ဘလင်ကန်ကိုပြော

ပေကျင်း၊ ဧပြီ - ၂၇

အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်၏ ဖွံ့ဖြိုးတိုးတက်ရေးကို မဖိနှိပ်ရန် တရုတ်နိုင်ငံခြားရေး ဝမ်ယိက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီ ဘလင်ကန်နှင့် ပေကျင်းတွင် သောကြာနေ့က ပြုလုပ်သည့် ဆွေးနွေးပွဲအတွင်း တိုက်တွန်းလိုက်ပါတယ်။

ဘလင်ကန်သည် ဧပြီလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ပေကျင်းသို့ သွားရောက်နေပါတယ်။

တရုတ်ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံရေးဦးဆောင်အဖွဲ့ဝင်လည်းဖြစ်သော ဝမ်က တရုတ်နိုင်ငံသည် လူသားထုအတွက် ဘုံအနာဂတ်ရှိသော လူမှုအသိုက်အဝန်း တည်ဆောက်ရေး ကမ္ဘာ့အမြင်ဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးကို ရှုမြင်တိုးတက်အောင်လုပ်သည်ဟု ပြောပါတယ်။

တရုတ်-အမေရိကန် ဆက်ဆံရေးနှင့်ပတ်သက်သည့် တရုတ်၏ သဘောထားနှင့် တောင်းဆိုမှုသည် အမြဲတမ်း တစ်သတ်မတ်တည်းရှိကြောင်း သူပြောကြားပြီး တရုတ်နိုင်ငံသည် အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ ပူးတွဲနေထိုင်ရေး၊ နှစ်ဘက်အကျိုးရှိသော ပူးပေါင်းဆောင်ရွက်မှု မူများကို လေးစားလိုက်နာပြီး တည်ငြိမ် ကျန်းမာ ရေရှည်တည်တံ့သော တရုတ်-အမေရိကန် ဆက်ဆံရေး တိုးတက်မှုကို အားပေးရန် ကတိပြုကြောင်းလည်း သူကပြောပါတယ်။

တစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများကို အခြားတစ်နိုင်ငံက လေးစားသင့်သည်ဟု တရုတ်က အဆိုပြုပြီး အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရန်နှင့် တရုတ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများနှင့်ပတ်သက်လျှင် အနီရောင်စည်းကို မကျော်ရန် တိုက်တွန်းခဲ့ပါတယ်။

နှစ်နိုင်ငံအကြီးအကဲများ၏ ခေါင်းဆောင်မှုအောက်တွင် တရုတ်-အမေရိကန် ဆက်ဆံရေး ပိုမိုယိုယွင်းရာမှ တည်ငြိမ်လာပြီး နှစ်နိုင်ငံဆွေးနွေးပွဲများ၊ ပူးပေါင်းဆောင်ရွက်မှုများနှင့် နယ်ပယ်အသီးသီးတွင် အပြုသဘောဆောင်သည့် သွင်ပြင်များ တိုးတက်လာကြောင်း ထိုသို့တိုးတက်လာခြင်းကို ၂ နိုင်ငံ ပြည်သူများနှင့် နိုင်ငံတကာအသိုက်အဝန်းက ကြိုဆိုကြောင်း ဝမ်က ပြောပါတယ်။

အခြားတစ်ဘက်တွင်လည်း တရုတ်-အမေရိကန် ဆက်ဆံရေးသည် များပြားလာသည့် အနုတ်လက္ခဏာဆောင်သည့် အချက်များနှင့် အမျိူမျိုးသော အနှောင့်အယှက်များကို ခံရကြောင်း ဝမ်ပြောကြားပြီး တရုတ်နိုင်ငံ၏ တရားဝင်သော ဖွံ့ဖြိုးတိုးတက်မှု အခွင့်အရေးများကို ကျိုးကြောင်းဆီလျော်မှုမဲ့စွာ ဖိနှိပ်ခံနေရပြီး တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများသည် အမြဲတစေ စိန်ခေါ်ခံနေရကြောင်း ဆက်လက်ပြောကြားခဲ့ပါတယ်။

တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် မှန်ကန်သော တည်ငြိမ်မှုလမ်းကြောင်းကို တစိုက်မတ်မတ်လိုက်သည် (သို့မဟုတ်) ဆက်ဆံရေး ကျဆင်းစေသည့် အမှားများကို ထပ်မံကျူးလွန်မည်ဆိုသည့် ကိစ္စသည် နှစ်နိုင်ငံဆက်ဆံရေးတွင် အဓိကျသည့် ပြဿနာဖြစ်ကြောင်းနှင့် နှစ်နိုင်ငံ၏ ရိုးသားတည်ကြည်မှုနှင့် စွမ်းရည်ကို စစ်ဆေးနေကြောင်း သူက အလေးထားပြောပါတယ်။

နှစ်နိုင်ငံတို့သည် ကမ္ဘာ့ပြဿနာများကို ကိုင်တွယ်ရန်နှင့် နှစ်ဘက်အကျိုးရှိသော ရလဒ်များရရန် နိုင်ငံတကာပူးပေါင်းဆောင်မှုကို ဦးဆောင်မည် (သို့မဟုတ်) ထိပ်တိုက်တွေ့ပြီး ပဋိပက္ခပင်ဖြစ်ကာ နှစ်ဘက်အကျိုးယုတ်မည်ကို ကမ္ဘာက စောင့်ကြည့်နေကြောင်း ဝမ်က ဆက်လက်ပြောကြားခဲ့ပါတယ်။

           ထိုင်ဝမ်ပြဿနာ - ပထမအနီရောင်စည်း

ဆွေးနွေးပွဲအတွင်း ဝမ်က အမေရိကန်ပြည်ထောင်စုသည် တရုတ်တစ်နိုင်ငံတည်းမူကို တင်းကျပ်စွာ လိုက်နာသင့်ကြောင်းပြောပြီး ထိုင်ဝမ်ပြဿနာသည် တရုတ်-အမေရိကန် ဆက်ဆံရေးတွင် မဖြတ်ကျော်ရမည့် ပထမဆုံး အနီရောင်စည်းဖြစ်သည်ဟု ဝမ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်တစ်နိုင်ငံတည်းမူနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် ၃ စောင်ကို အပြောဖြင့်သာမက အလုပ်ဖြင့်ပါ လိုက်နာသင့်ပြီး ထိုင်ဝမ်လွတ်လပ်ရေး ခွဲထွက်ရေးသမားများကို မှားယွင်းသော သတင်းစကား ပေးပို့ခြင်းကို မည်သည့်နည်းဖြင့်မဆို ရှောင်သင့်ကာ ထိုင်ဝမ်လွတ်လပ်ရေးကို မထောက် ခံရေး၊ တရုတ် ၂ နိုင်ငံကို မထောက်ခံရေး၊ တရုတ်တစ်နိုင်ငံ၊ ထိုင်ဝမ်တစ်နိုင်ငံကို မထောက်ခံရေး သမ္မတ ဂျိုးဘိုင်ဒင်၏ ကတိကဝတ်ကို အကောင်အထည်ဖော်ကာ တရုတ်ကိုထိန်းချုပ်ရေးအတွက် ထိုင်ဝမ်ကို ကိရိယာအဖြစ် အသုံးမပြုသင့်ကြောင်း သူကပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုက ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးခြင်းရပ်ရန်နှင့် တရုတ်၏ ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို ထောက်ခံရန်လည်း တရုတ်က တောင်းဆိုသည်ဟု ဝမ်က ပြောခဲ့ပါတယ်။

           အာရှ-ပစိဖိတ်ဒေသသည် အင်အားကြီးနိုင်ငံများ ယှဉ်ပြိုင်ရမည့် နေရာမဟုတ်

အာရှ-ပစိဖိတ်ဒေသတွင် အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့် ပူးပေါင်းဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်းနှင့် ထိုဒေသသည် အင်အားကြီးနိုင်ငံများ ယှဉ်ပြိုင်သည့်နေရာ မဖြစ်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုသည် မှန်ကန်သော ရွေးချယ်မှုပြုလုပ်မည်၊ အာရှ-ပိစိဖိတ် ဒေသတွင် အပြုသဘောဆောင်သော အပြန်အလှန်ဆက်ဆံမှုများရရန် တရုတ်နိုင်ငံနှင့်အတူ လုပ်ကိုင်မည်၊ သီးခြားအုပ်စုငယ်များဖွဲ့ခြင်းရန်နှင့် ဒေသတွင်းနိုင်ငံများ တစ်ဘက်ဘက်မှ ရပ်တည်ခြင်း ရှောင်ရှားရန် မျှော်လင့်သည်ဟု ဝမ်က ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုသည် မြေပြင်အခြေစိုက် တာလတ်ပစ်ဒုံးကျည်များ ဖြန့်ချမှု ရပ်ဆိုင်းသင့်ပြီး တရုတ်၏ သေနင်္ဂဗျူဟာ လုံခြုံရေးအကျိုးစီးပွားကို ထိခိုက်မှု ရပ်ဆိုင်းသင့်ကာ ခက်ခက်ခဲခဲရယူထားသည့် ဒေသတွင်း တည်ငြိမ်မှုကို ထိခိုက်အောင်လုပ်ခြင်း ရပ်ဆိုင်းသင့်သည်ဟုလည်း သူကပြောပါတယ်။

           ဆက်ဆံရေးတည်ငြိမ်အောင် အမေရိကန်ပြည်ထောင်စုက တရုတ်နှင့်အတူလုပ်မည်ဟု ဘလင်ကန်ပြော

အမေရိကန်-တရုတ် ဆက်ဆံရေးသည် ကမ္ဘာတွင် အကျိုးဆက်အများဆုံး နှစ်နိုင်ငံ ဆက်ဆံရေးဖြစ်ကြောင်း ဘလင်ကန်ပြောပြီး နှစ်နိုင်ငံဆက်ဆံရေးကို တာဝန်သိသိစီမံရန်သည် ၂ နိုင်ငံလုံး၏ ဘုံတာဝန်ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်တစ်နိုင်ငံတည်းမူကိုသာ ဆက်လက်ကျင့်သုံးကာ ထိုင်ဝမ်လွတ်လပ်ရေးကို မထောက်ခံကြောင်း ပြောခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုသည် တရုတ်၏စနစ်ကို ပြောင်းလဲရန် ကြိုးစားမည် မဟုတ်ကြောင်း ဘလင်ကန် ပြောကြားပြီး တရုတ်နှင့် ပဋိပက္ခဖြစ်ရန် ရည်ရွယ်ချက် မရှိဘဲ တရုတ်နှင့် လက်တွဲဖြုတ်ရန် (သို့မဟုတ်) တရုတ်၏ တိုးတက်မှု ထိန်းချုပ်ရန် ကြိုးစားမည် မဟုတ်ကြောင်း ပြောခဲ့ပါတယ်။

တိုးတက်သော အောင်မြင်သော တရုတ်နိုင်ငံသည် ကမ္ဘာအတွက် ကောင်းသောကိစ္စဖြစ်ကြောင်း သူကပြောခဲ့ပါတယ်။

နှစ်နိုင်ငံအကြီးအကဲများ ဆန်ဖရန်စစ္စကိုတွင်ရရှိခဲ့သည့် ဘုံသဘောတူညီချက်များကို အခြေခံကာ အမေရိကန်ပြည်ထောင်စုသည် တရုတ်နှင့် ရှေ့ဆက်လုပ်ဆောင်ရန်၊ တွေ့ဆုံဆွေးနွေးရေးနှင့် ဆက်သွယ်ရေးတောင့်တင်းစေရန်၊ နားလည်မှုလွဲခြင်းနှင့် ဆုံးဖြတ်ချက်မှားခြင်းကို ရှောင်ရှားရန် သဘောထားကွဲလွဲမှုများကို ထိထိရောက်ရောက်စီမံရန်နှင့် အမေရိကန်-တရုတ် ဆက်ဆံရေး တည်ငြိမ်သော တိုးတက်မှုအားပေးရန် စိတ်အားထက်သန်သည်ဟု ဘလင်ကန်က ပြောပါတယ်။

           ပွင့်လင်းအရေးပါ အပြုသဘောဆောင်သော ဆွေးနွေးပွဲများ

ဆွေးနွေးပွဲများသည် ပွင့်လင်းအရေးပါပြီး အပြုသဘောဆောင်သော ဆွေးနွေးပွဲများဖြစ်ကြောင်း နှစ်ဘက်သဘောတူကြပြီး နိုင်ငံတော်အကြီးအကဲ ၂ ဦး၏ လမ်းညွှန်ချက်ကို ဆက်လက်အကောင်အထည်ဖော်ရန်နှင့် တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်တိုးတက်ရေးအတွက် ကြိုးစားရန် သဘောတူသည်ဟု တရုတ်နိုင် ငံခြားရေးဝန်ကြီးဌာနက ဝမ်နှင့် ဘလင်ကန် တွေ့ဆုံပွဲအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားပါတယ်။

လွန်ခဲ့သော နိုဝင်ဘာလက နိုင်ငံအကြီးအကဲ ၂ ဦး ဆန်ဖရန်စစ္စကို အစည်းအဝေးနောက်ပိုင်း နယ်ပယ်အသီးသီးတွင် တွေ့ဆုံဆွေးနွေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းတွင် အပြုသဘောဆောင်သော တိုးတက်မှုများကို နှစ်ဘက်အသိအမှတ်ပြုခဲ့ပါတယ်။

ဆန်ဖရန်စစ္စကို အစည်းအဝေးတွင် နိုင်ငံအကြီးအကဲ ၂ ဦး ရရှိခဲ့သည့် အရေးပါသော ဘုံနားလည်မှုကို အကောင်အထည်ဖော်ရေး အရှိန်မြှင့်တင်ရန်၊ အဆင့်အားလုံးတွင် အဆင့်မြင့် အပြန်အလှန်ဆက်ဆံမှု ထိန်းသိမ်းထားရန်နှင့် စစ်တပ် ၂ ခုအကြား နယ်ပယ်အများအပြားတွင် အပြန်အလှန်ဆက်ဆံမှုနှင့် ညှိနှိုင်းမှု ဆက်လက်ဆောင်ရွက်ရန် နှစ်ဘက်သဘောတူကြပါတယ်။

မူးယစ်ဆေးဝါး ထိန်းချုပ်ရေး၊ ရာသီဥတုပြောင်းလဲမှုနှင့် ဉာဏ်ရည်တုနည်းပညာတွင် တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု ထပ်မံအားပေးရန်နှင့် နှစ်နိုင်ငံအကြား ပြည်သူချင်းနှင့် ယဉ်ကျေးမှုဖလှယ်ရေး တိုးချဲ့ရေး အစီအမံများပြုလုပ်ရန် ၂ နိုင်ငံ သဘောတူကြပါတယ်။

နိုင်ငံတကာနှင့် ဒေသတွင်း ပြဿနာများအပေါ် ဆက်သွယ်ရေးတောင့်တင်းအောင်လုပ်ရန် နှစ်ဘက်လုံးက စိတ်အားထက်သန်ကြပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - CMG