【 ပြည်တွင်း 】 ၁၂ ဘီးကား အရှိန်လွန်ပြီး လမ်းဘေး ကားရေဆေးနေသူကို ဝင်တိုက်၊ အတိုက်ခံရသူ စိုးရိမ်ဒဏ်ရာတွေနဲ့ အရေးပေါ်ကုသမှု ခံယူနေရ

【 ပြည်တွင်း 】 ၁၂ ဘီးကား အရှိန်လွန်ပြီး လမ်းဘေး ကားရေဆေးနေသူကို ဝင်တိုက်၊ အတိုက်ခံရသူ စိုးရိမ်ဒဏ်ရာတွေနဲ့ အရေးပေါ်ကုသမှု ခံယူနေရ

မန္တလေး၊ ဧပြီ - ၂၇

မန္တလေးမြို့မှာ ယမန်နေ့ညက လမ်းဘေးမှာ ကားရေဆေးနေသူကို ၁၂ ဘီးကားက အရှိန်လွန်ပြီး ဝင်တိုက်ရာ အတိုက်ခံရသူ စိုးရိမ်ဒဏ်ရာတွေနဲ့ အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ သတင်းရရှိပါတယ်။

“မီနီအိုးဝေလေး လမ်းဘေးရပ်ပြီး ရေဆေးနေတုန်း၊ ၁၂ ဘီးကားတစ်စီးက ဝင်တိုက်သွားတာပါ၊  ကားကတိုက်ပြီး ထွက်ပြေးတော့၊ လူက ကားနဲ့ပါသွားတော့ ဒဏ်ရာတွေပိုရသွားတယ်၊ အခု အနီရောင်အဆင့် အရေးပေါ်ကုသမှု ခံနေရတယ်” လို့ အခင်းဖြစ်စဉ်သိရှိတဲ့ဒေသခံတစ်ဦးက ပြောပါတယ်။

မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ကမ်းနားလမ်းဘေးမှာ ယမန်နေ့ ည ၈ နာရီလောက်က ဖြစ်ပွားခဲ့တာပါ။အခင်းဖြစ်နေရာမှာနေထိုင်တဲ့ အသက်ငါးဆယ်ကျော်အရွယ် အမျိုးသားဟာ ၎င်းပိုင် သုံးဘီးမီနီအိုးဝေယာဉ်ကို ရေဆေးကြောသန့်စင်နေစဉ် ကမ်းနားလမ်းအတိုင်း တောင်ကနေ မြောက်ကို မောင်းလာတဲ့ ၁၂ ဘီးကားက အရှိန်လွန်ပြီး ဝင်တိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ကားတိုက်ခံရမှုကြောင့် ၎င်းအမျိုးသားမှာ ဘယ်ဘက်ခြေထောက် ကျိုးပဲ့ဒဏ်ရာ၊ ဘယ်ဘက်လက် ကျိုးပဲ့ဒဏ်ရာ၊ ညာဘက် မျက်နှာတစ်ခြမ်း စုတ်ပြဲဒဏ်ရာ၊ ညာဘက်နားရွက် ပြတ်တောက်ဒဏ်ရာတွေ ရရှိခဲ့လို့ မဟာလူမှုကူညီရေးအသင်းက အစအဆုံးကူညီဆောင်ရွက်ပေးပြီး မန္တလေးဆေးရုံကြီး အရေးပေါ်ကုသဆောင်ဆီ ပို့ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။

“ရရှိဒဏ်ရာတွေက အတော်ပြင်းတယ်၊ အနီရောင်အဆင့်ပါ” လို့ အသင်းနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ မနက်ပိုင်းကလည်း ကျုံးအရှေ့ဘက် ၆၆ လမ်းပေါ်၊ ၂၄ လမ်းနဲ့ ၂၅ လမ်းကြားမှာ၊ စက်ဘီးစီလာသူ လူငယ်အမျိုးသားကို ၁၂ ဘီးကားက အရှိန်လွန်ပြီး ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

အဲဒီဖြစ်စဉ်မှာဆိုရင်လည်း ကားတိုက်ခံရတဲ့ စက်ဘီးစီးလာသူ အမျိုးသားဟာ ညာဘက်ခြေထောက် ကြေမွသွားလို့ ခြေထောက်တစ်ချောင်းလုံး ဖြတ်တောက်ပစ်လိုက်ရတယ်လို့ သိရပါတယ်။

ဖြူလုံး
Photo - မဟာလူမှုကယ်ဆယ်ရေးအဖွဲ့