【 ဆောင်းပါး 】 မြန်မာ့ကြိမ်နှင့် ဝါးအချောထည် ပြည်ပဈေးကွက်

【 ဆောင်းပါး 】 မြန်မာ့ကြိမ်နှင့် ဝါးအချောထည် ပြည်ပဈေးကွက်

ကြိမ်၊ ဝါးတို့နှင့် ပြုလုပ်ထားသည့် အိမ်အသုံးအဆောင် ပစ္စည်းမျိုးစုံတို့သည် ဈေးကွက်ထဲတွင် ဆန်းသစ်သော လက်ရာဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် တိုးတက်လာသည်။

လူသုံးကုန်ပစ္စည်းဈေးကွက်ထဲတွင် ဝါးနှင့် ကြိမ် ကုန်ကြမ်းများဖြင့် ပြုလုပ်ထားသော စုဘူး၊ မီးအိမ်၊ တိုင်ကပ်နာရီ၊ အလှကိုင်ခြင်းများနှင့် လက်ဆောင်ခြင်းများ အစရှိသည့် ပစ္စည်းမျိုးစုံတို့ကို မြင်တွေ့ရမည်ဖြစ်သည်။

ဝါးနှင့် ကြိမ်သည် လူသားတို့အတွက် အလွန်ပဲအသုံးဝင်သော သဘာဝအပင်များဖြစ်သည်။ဝါးအိမ်၊ ခြံစည်းရိုး၊ ဝါးကုလားထိုင်၊ ခြင်းတောင်းအမျိုးမျိုး၊ ဖျာများ၊ ဝါနှီးများ စသည့် အသုံးအ‌‌‌ဆောင်များသည် ရှေးအခါကတည်းက လူအသုံးပြုများသော အသုံးအဆောင်ပစ္စည်းများဖြစ်သည်။ကြိမ်မှ ကြိမ်လုံး၊ ကြိုး၊ နှီး၊ နှင်တံ၊ ကုလားထိုင်၊ ထီးရိုး၊ ကြိမ်စေ့ပုတီး အစရှိသဖြင့် ကြိမ်မှထုတ်လုပ်သည့် ထုတ်ကုန်များစွာလည်း ဈေးကွက်ထဲတွင် လှပသောဒီဇိုင်းများ စုံစုံလင်လင်ဖြင့် နေရာရသော ထုတ်ကုန်များဖြစ်သည်။

ဈေးကွက်ထဲတွင် ကြိမ်၊ ဝါးတို့နှင့် ပြုလုပ်သော ထုတ်ကုန်များသည် အနည်းဆုံး ကျပ်ထောင်ဂဏန်းမှ ငွေကျပ်သိန်းနှင့်ချီသော ထုတ်ကုန်ပစ္စည်းများအထိ အမျိုးမျိုးထုတ်လုပ်ကြသည်။ရှေးယခင်ခေတ်များကတည်းက ယနေ့ခေတ်အထိ ကြိမ်နှင့် ဝါး ထုတ်ကုန်များသည် တိမ်ကောသွားသည်မရှိဘဲ ခေတ်နှင့်အညီ ဆန်းသစ်သော ဒီဇိုင်းပုံစံအမျိုးမျိုးဖြင့် ဈေးကွက်တွင်ကျယ်လျက်ရှိသည်။

ကြိမ်၊ ဝါးတို့နှင့် ပြုလုပ်သော လက်မှုထုတ်ကုန်ဈေးကွက် တွင်ကျယ်လာသည်နှင့်အမျှ ကျေးရွာနေ ပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းတစ်ခု တိုးလာသကဲ့သို့ ပြင်ပတွင် အလုပ်ထွက်မလုပ်ဖြစ်သော အိမ်ရှင်မများနှင့် အမျိုးသမီးများအတွက်လည်း အားထားစရာတစ်ခုဖြစ်သည်။ပြည်တွင်း၌ ဝါးပင်များသည် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် များစွာအသုံးဝင်နေသည်။

ဒေသအချို့တွင် ကြိမ်နှင့် ဝါးကုန်ကြမ်းများမှ အဆင့်မြင့်ကုန်ချောထုတ်များ ထုတ်လုပ်သည့် စက်ရုံများရှိသည်။မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ တောင်စွန်းကျေးရွာတွင် ဝါးကုန်ကြမ်းမှ ဝါးတူ၊ အသားကင်တုတ်ချောင်း၊ ရေခဲချောင်း စသဖြင့် အဆင့်မြင့်ကုန်ချောများစွာ ထုတ်လုပ်သည်။စက်ရုံမှထုတ်လုပ်သော ဝါးတူနှင့် အကင်တုတ်ချောင်း ကုန်အမှတ်တံဆိပ်များသည် ပြည်တွင်းဈေးကွက်ကို ရရှိထားသည်။

ကျိုက်ထိုမြို့နယ်နှင့် ဘီးလင်းမြို့နယ်ရှိ ဒေသခံအများအပြားသည် ဝါးတောကို အမှီပြု၍ စိုက်ပျိုးရေးနည်းပညာ ကျွမ်းကျင်သူများဖြစ်သည်။မြန်မာနိုင်ငံမှ ဝါးစိုက်တောင်သူများသည် ဝါးစိုက်ပျိုးခြင်း၊ ဝါးခုတ်လုပ်ငန်း လုပ်ကိုင်ခြင်းများကို မိသားစုအလိုက် လုပ်ကိုင်ကြလေ့ရှိသည်။ဧရာဝတီတိုင်းဒေသကြီးရှိ ရေကြည်မြို့သည် ကြိမ်၊ ဝါး လက်မှုပစ္စည်းများ အများဆုံးထွက်ရှိရာ ဒေသဖြစ်သည်။ထို့အပြင် ပြည်တွင်း၌ ခရီးသွားလုပ်ငန်း တွင်ကျယ်လာသည်နှင့်အမျှ ကြိမ်၊ ဝါးထုတ်ကုန်များကလည်း ပိုမိုများပြားလာသည်။အထူးသဖြင့် ပွင့်လင်းရာသီကာလများတွင် ခရီးစဉ်ဒေသများ၌ အပန်းဖြေဝါးအိမ် တည်ဆောက်မှုများက ဈေးကွက်တစ်ခုဖြစ်နေသည်။

ပြည်တွင်းမှ ထုတ်လုပ်သော ကြိမ်နှင့် ဝါးထုတ်ကုန်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ ထုတ်လုပ်တင်ပို့လျက်ရှိသည်။ပြည်တွင်း ကြိမ်နှင့် ဝါးထုတ်ကုန်များကို တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ပါကစ္စတန်၊ စင်ကာပူ၊ ဗီယက်နမ်၊ ဥရောပနှင့် တောင်အာဖရိကနိုင်ငံများသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတို့မှတစ်ဆင့် တင်ပို့ကြောင်း မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းမှ သိရသည်။

လက်ရှိတွင် မြန်မာ့သစ်တောထွက် ကြိမ်နှင့် ဝါး အခြေခံ အိမ်တွင်းပရိဘောဂ အသုံးအ‌ဆောင်နှင့် လက်မှုပစ္စည်းများ၊ အလှဆင်ပစ္စည်းများအပါအဝင် ယွန်းထည်ပစ္စည်းများကို  Burmacrafts ဟု အမည်ပေးထားသည့် ဝဘ်ဆိုဒ်တွင် စုစည်းတင်ထားသည်။မြန်မာ့လက်မှုများကို အွန်လိုင်းဝဘ်ဆိုဒ်မှတစ်ဆင့် နိုင်ငံတကာဈေးကွက် ထိုးဖောက်ရန် ‌မြန်မာနိုင်ငံ ကြိမ်နှင့် ဝါးလုပ်ငန်းရှင်များအသင်းက ဖော်ဆောင်ထားခြင်းဖြစ်သည်။

ပြည်ပဈေးကွက်သို့ တင်ပို့နေသည့် ဝါးထုတ်ကုန်ပစ္စည်းများတွင် ဝါးတူ၊ ပန်းအလှဆင်ဝါးချောင်း၊ ဝါးဦးထုပ်၊ ဝါးပါကေး၊ မျှစ်၊ ဝါးပျော့ဖတ်နှင့် ဝါးလက်မှုထုတ်ကုန်များ ပါဝင်သည်။

တစ်ဖက်မှာလည်း ပြည်တွင်းဝါးထုတ်လုပ်မှု များလာသည့်အလျောက် သဘာဝသစ်တောများတွင် ကြိမ်နှင့် ဝါးကုန်ကြမ်းများ လျော့နည်းလာသည်။ယခုအခါ လိုအပ်သော ဝါး၊ ကြိမ် ကုန်ကြမ်းများကို တောထဲအထိ ဝင်ရောက်ခုတ်ယူကြရသဖြင့် သယ်ယူပို့ဆောင်စရိတ် ပိုများလာသည်။ကြိမ်နှင့် ဝါးကုန်ကြမ်းများကို နိုင်ငံတစ်ဝန်းတွင် မူဝါဒများချမှတ်ကာ စနစ်တကျစိုက်ပျိုးသင့်သည်ဟု စိုက်ပျိုးရေးပညာရှင်များက အကြံပြုထားသည်။

လက်ရှိတွင် ပြည်တွင်း၌ ပုဂ္ဂလိကဝါးစိုက်တောင်သူများအား စက်မှုကုန်ကြမ်း စိုက်ခင်းများအဖြစ် စိုက်ပျိုးခွင့်ပေးထားပြီး ဝါတောများကို သစ်တောဥပဒေဖြင့် ကာကွယ်ထိန်းသိမ်းထားသည်ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

ကမ္ဘာပေါ်တွင် ဝါးပင်ပေါက်ရောက်မှုနှင့် ဝါးထွက်ပစ္စည်း ထုတ်လုပ်ရောင်းချမှုများ၌ တရုတ်နိုင်ငံမှ အများဆုံးဖြစ်သည်။ဒုတိယထုတ်လုပ်မှုအများဆုံးမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး တတိယဝါးထုတ်လုပ်မှုအများဆုံးနိုင်ငံမှာ မြန်မာနိုင်ငံဖြစ်သည်။ပြည်တွင်း၌ ပဲခူးရိုးမ၊ ရခိုင်ရိုးမ၊ တနင်္သာရီတိုင်းဒေသကြီးတို့တွင် စီးပွားဖြစ် ဝါးအဓိကထုတ်လုပ်နိုင်သည့် ဧရိယာအဖြစ် သစ်တောဦးစီးဌာနက သတ်မှတ်ထားသည်။

တရုတ်နိုင်ငံတွင် လှပဆန်းသစ်သော ဝါးလက်မှု ထုတ်ကုန်များစွာ ထွက်ရှိသည်။တရုတ်နိုင်ငံရှိ ဝါးလုပ်ငန်းသည် စဉ်ဆက်မပြတ် တိုးတက်အင်အားကြီးလာမည့် အစိမ်းရောင်ဖွံ့ဖြိုးရေးတိုးတက်မှု အစီအစဉ်တွင် ပါဝင်သည်။

တရုတ်-မြန်မာနယ်စပ်ရှိ လင်ချန်းမြို့မှ ကျုံစန်းကျေးရွာတွင် ဘိုးစဉ်ဘောင်ဆက် ဝါးထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည်မှာ နှစ်ပေါင်းတစ်ရာကျော်ရှိပြီဖြစ်သည်ဟု သိရသည်။၎င်းရွာ၏ မိရိုးဖလာလက်မှုလုပ်ငန်းများ ထွန်းကား၍ ပြည်တွင်း၊ ပြည်ပခရီးသွားဧည့်သည်များကြားတွင် စိတ်ဝင်တစား လေ့လာဝယ်ယူကြသူများသည်။တရုတ်နိုင်ငံ၏ ဝါးထုတ်ကုန် ပြည်ပဈေးကွက်သည် အမေရိကန်နှင့် ဥရောပနိုင်ငံများဖြစ်သည်။

မြန်မာနိုင်ငံတွင် စီးပွားရေးအရ များစွာအသုံးဝင်သော ကြိမ်နှင့် ဝါးထုတ်ကုန်များကို ပြည်ပဈေးကွက်တွင် ယှဉ်ပြိုင်နိုင်ရန် ခေတ်မီနည်းပညာများကို အိမ်နီးချင်း တရုတ်နိုင်ငံမှ ပညာရှင်များက လာရောက်သင်ကြားပေးသည်များရှိပြီး တရုတ်နိုင်ငံသို့ သွားရောက်လေ့လာခြင်းများလည်းရှိသည်။

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် ပြည်တွင်းဝါးလက်မှုလုပ်ငန်းများကို သင်တန်းများပေးခဲ့သည်။ကြိမ်၊ ဝါးလက်မှုသင်တန်းများတွင် နှီးဖြာခြင်း၊ ဆေးဆိုးခြင်း၊ လက်မှုပစ္စည်းများ အနုစိတ်ဆောင်ရွက်ခြင်းများကို တရုတ်နိုင်ငံမှ ပညာရှင်များက လာရောက်သင်ကြားပေးခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်တွင်း ကြိမ်နှင့် ဝါး အချောထည်ထုတ်ကုန်များ ထုတ်လုပ်မှုသည် မလေးရှား၊ ထိုင်း၊ ဗီယက်နမ် စသည့် နိုင်ငံများနှင့်ယှဉ်လျှင် ထုတ်လုပ်မှုအင်အား၊ ဈေးကွက်ယှဉ်ပြိုင်မှုများ အားနည်းလျက်ရှိသည်။ထို့ကြောင့် ကြိမ်နှင့် ဝါး လက်မှုပညာရှင်များနှင့် ကြိမ်၊ ဝါးလက်မှုသင်တန်းများ ပိုမိုလိုအပ်နေသည်ဟု သိရသည်။

ပြည်တွင်း၌ ကြိမ်၊ ဝါးလက်မှုထုတ်ကုန်များသည် ပြည်ပနိုင်ငံဈေးကွက်များသို့ တင်ပို့ရန် အရင်းအနှီး၊ နည်းပညာ အားနည်းချက်များရှိနေပြီး ပြည်တွင်းဈေးကွက်၌သာ တွင်ကျယ်လျက်ရှိနေကြောင်း ကြိမ်၊ ဝါး လုပ်ငန်းရှင်များက ပြောသည်။
လက်ရှိတွင် ပြည်တွင်းလုပ်ငန်းရှင်အများစုမှာ ပြည်ပနိုင်ငံများမှ ဝယ်ယူသူများနှင့် တိုက်ရိုက်ချိတ်ဆက်နိုင်ခြင်း မရှိသေးဘဲ ကုမ္ပဏီများမှ ချပေးသည့် ဒီဇိုင်းများကို လက်ခစားပုံစံဖြင့် ထုတ်လုပ်ရောင်းချခြင်း၊ ပြည်တွင်းဈေးကွက်တွင် တစ်ပိုင်တစ်နိုင် ထုတ်လုပ်ရောင်းချခြင်းတို့ဖြင့်သာ လုပ်ငန်းလည်ပတ်လျက်ရှိသည်။

သို့ဖြစ်၍ ပြည်တွင်း ကြိမ်နှင့် ဝါး တစ်ပိုင်တစ်နိုင် ကုန်ထုတ်လုပ်ငန်းများအတွက် ဝါးစိုက်ပျိုးခြင်းနှင့် စီမံခန့်ခွဲခြင်း၊ သုတေသနပြုလုပ်ခြင်းများ အစရှိသည့် လိုအပ်ချက်များ ရှိနေပါသေးသည်။

အမွန်