【 နည်းပညာ 】 iPhone 13 series ကို Apple မိတ်ဆက်ပြီ

【 နည်းပညာ 】 iPhone 13 series ကို Apple မိတ်ဆက်ပြီ

Apple ကုမ္ပဏီမှ ယမန်နေ့ညပိုင်းမှာပဲ ၎င်းရဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲကို ကျင်းပသွားခဲ့ပြီဖြစ်ပါတယ်။

အဆိုပါထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Apple ချစ်သူတွေ မျှော်လင့်နေကြတဲ့ iPhone 13 series စမတ်ဖုန်းသစ်တွေအပြင် မျက်နှာပြင်ကြီးမားတဲ့ iPad 2021, iPad Mini 2021 တို့နဲ့ စမတ်နာရီမော်ဒယ်လ်သစ် Apple Watch series 7 တို့နဲ့အတူ Apple TV+ နဲ့ Apple Fitness တို့ကို မိတ်ဆက်သွားခဲ့တာ မြင်တွေ့ခဲ့ရပါတယ်။

ယခုနည်းပညာကမှာတော့ Apple ရဲ့ စမတ်ဖုန်းသစ်တွေဖြစ်တဲ့ iPhone 13 series ကို အဓိကဖော်ပြပေးချင်ပါတယ်။

အသစ်ထွက်ရှိလာတဲ့ Apple ရဲ့ iPhone 13 series မှာ iPhone 13 mini, iPhone 13, iPhone 13 Pro နဲ့ iPhone 13 Pro Max ဆိုပြီး မော်ဒယ်လ် ၄ မျိုး ပါဝင်မှာဖြစ်ပါတယ်။

iPhone 13 mini နဲ့ iPhone 13 တို့မှာ ရှေ့ဘက် ကင်မရာနဲ့ အာရုံခံကိရိယာတွေ ထည့်သွင်းပေးထားတဲ့ notch (အကွက်ငယ်) ဟာ ယခင် iPhone မျိုးဆက်တွေထက် ပိုမိုသေးငယ်လာခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင် နောက်ဘက် ကင်မရာတပ်ဆင်ပုံကိုလည်း ပြန်လည်ဆန်းသစ်ထားတာကို မြင်တွေ့ရပြီး မော်ဒယ်လ် ၂ ခုလုံးရဲ့ သိမ်းဆည်းနိုင်မှုပမာဏတွေကတော့ 128GB, 256GB နဲ့ 512GB တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ iPhone 13 mini နဲ့ iPhone 13 တို့ကို Apple ရဲ့ A15 Bionic chip အသစ်နဲ့ မောင်းနှင်ပေးထားပြီး လွန်ခဲ့သောနှစ်က A14 Bionic chip ထက် ပိုမိုမြန်ဆန်ပြီး ပါဝါသုံးစွဲမှုနှုန်း ပိုမိုနည်းပါးမှာဖြစ်ကာ Apple ကုမ္ပဏီက ကမ္ဘာ့အမြန်ဆုံး စမတ်ဖုန်း CPU ဖြစ်တယ်လို့ ဆိုထားပါသေးတယ်။ကင်မရာပိုင်းမှာတော့ ကြီးမားတဲ့ အဆင့်မြှင့်တင်မှုတွေကို မြင်တွေ့ရမှာဖြစ်ပြီး Apple 13 series ရဲ့ အဓိက ကင်မရာဟာ ယခင်နှစ်ကထက် အာရုံခံကိရိယာ ၄၇ ရာခိုင်နှုန်း ပိုမိုကြီးမားလာမှာဖြစ်ပါတယ်။ဒီအတွက်ကြောင့် ညဘက် ဓာတ်ပုံရိုက်ကူးတဲ့အခါမှာ အလင်းရောင်ပိုမိုရရှိနိုင်မှာဖြစ်ပြီး အစက်အပျောက်တွေ နည်းပါးမှာဖြစ်ပါတယ်။ဒါ့အပြင် “photographic profiles” နဲ့ “cinematic mode” တို့လို ကင်မရာနဲ့ ဗီဒီယို နည်းပညာသစ်တွေကိုလည်း ထည့်သွင်းပါဝင်လာခဲ့ပါတယ်။

iPhone 13 Pro နဲ့ iPhone 13 Pro Max တို့မှာတော့ Apple ချစ်သူတွေ မျှော်လင့်နေခဲ့ကြတဲ့ မျက်နှာပြင်နည်းပညာသစ် ပါဝင်လာခဲ့ပြီ ဖြစ်ပါတယ်။မော်ဒယ်လ် ၂ မျိူးလုံးကို A15 Bionic Chip နဲ့ မောင်းနှင်ပေးထားပြီး၊ ကင်မရာသုံးလုံး တပ်ဆင်ထားမှာဖြစ်ကာ 120Hz high refresh rate မျက်နှာပြင်နည်းပညာသစ်ကို ထည့်သွင်းပေးထားပါတယ်။ကင်မရာသုံးလုံးကတော့ Wide, Telephoto နဲ့ Ultra Wide တို့ဖြစ်ပြီး၊ သေးငယ်သော အရာဝတ္ထုများကို ရိုက်ကူးရန် “macro mode” ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ဒါ့အပြင် iPhone 13 Pro နဲ့ iPhone 13 Pro Max မော်ဒယ်လ် ၂ မျိုးလုံးမှာ OIS နည်းပညာ ပါဝင်မှာဖြစ်ပါတယ်။သိမ်းဆည်းနိုင်မှုပမာဏတွေကတော့ 128GB, 256GB, 512GB နဲ့ 1TB တို့ကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။

iPhone 13 series တွေကို စက်တင်ဘာ ၂၄ ရက်မှာ စတင်‌ရောင်းချပေးသွားမှာဖြစ်ပြီး၊ iPhone 12 ကိုတော့ ဒေါ်လာ ၁၀၀ စျေးလျှော့ရောင်းချပေးမယ်လို့ သိရပါတယ်။

Damien
စက်တင်ဘာ - ၁၅