【နိုင်ငံတကာ】အမေရိကန် မဟာမိတ်များ ထရမ့် ဒုတိယသက်တမ်းအတွက် ပြင်ဆင်နေ

【နိုင်ငံတကာ】အမေရိကန် မဟာမိတ်များ ထရမ့် ဒုတိယသက်တမ်းအတွက် ပြင်ဆင်နေ

ဘာလင်၊ ဧပြီ ၂၅ 
ဂျာမဏီသည် ရီပတ်ဗလစ်ကန်ပါတီတွင်းတွင် စည်းရုံးရေးဆင်းနေပါတယ်။ ဂျပန်သည် ထရမ့်ကို ထိန်းသိမ်းပြောဆိုမည့်သူများ စုဆောင်းနေပါတယ်။။ မက္ကဆီကို အစိုးရသည် ထရမ့်အုပ်စုနှင့် ဆွေးနွေးနေပါတယ်။ သြစတြေးလျသည် ထရမ့်ဒဏ်ခံနိုင်သည့် ကာကွယ်ရေးဆက်ဆံရေးအတွက် ဥပဒေများ ပြဋ္ဌာန်းပြီး အလုပ်များနေပါတယ်။
တစ်ကမ္ဘာလုံးမှ အမေရိကန် မဟာမိတ်များသည် နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲများတွင် ထရမ့်နိုင်ပါက ၎င်းတို့အကျိုးစီးပွားများကို မြှင့်တင်ရန် သို့မဟုတ် ကာကွယ်ရန် ခြေလှမ်းများလှမ်း နေကြပါတယ်။ မကြာသေးမီက လူထုသဘောထား စစ်တမ်းတစ်ခုအရ ကြားပြည်နယ်များတွင် သမ္မတလောင်း ၂ ဦးလုံးအတွက် အလားအလာတန်းတူရှိနေပါတယ်။
ထရမ့်၏ လွန်ခဲ့သော သမ္မတသက်တမ်းအတွင်းက ထရမ့်၏ အမေရိက ပထမမူဝါဒများ၏ အေးစက်စက်ဆက်ဆံရေးကို ၎င်းတို့ ရှောင်ရှားလိုကြပါတယ်။ ထိုမူဝါဒများတွင် ကုန်သွယ်ရေး စစ်ပွဲများ၊ လုံခြုံရေး မဟာမိတ် အပြောင်းအလဲများ၊ ရွှေ့ပြောင်းအခြေချမှု ဖြိုခွဲခြင်းနှင့် ကမ္ဘာ့ရာသီဥတု သဘောတူစာချုပ်မှ နုတ်ထွက်ခြင်းတို့ပါဝင်ပါတယ်။
ထရမ့် ဒုတိယသက်တမ်းအတွက် ပြင်ဆင်မှုများနှင့်ပတ်သက်ပြီး တိုက်ကြီး ၅ တိုက်မှ သံတမန်များ နှင့် အရာရှိများကို ရိုက်တာ သတင်းဌာနက မေးမြန်းခဲ့ပါတယ်။ ထရမ့်အကြောင်း နားလည်သည့် နိုင်ငံခြား ရေးဝန်ကြီးတစ်ဦးနှင့်ပတ်သက်သည့် စဉ်းစားသုံးသပ်ချက်၊ ရေငုတ်သင်္ဘောသဘောတူညီချက်ကို ကာကွယ်ရန် အလျင်အမြန်လုပ်ရမည့် သြစတြေးလျ သံတမန်၏ အခန်းကဏ္ဍ နှင့် ဂျာမန်အရာရှိများ၏ ရီပတ်ဗလစ်ကန်ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် ဆွေးနွေးမှုများ စသည်တို့ကို ဖေါ်ထုတ်နိုင်ခဲ့ပါတယ်။
အချို့ပြည်ပခေါင်းဆောင်များသည် ထရမ့်၏ပြိုင်ဘက် ဒီမိုကရက်တစ် သမ္မတဂျိုးဘိုင်ဒင်ကို ဒေါသထွက်သွားစေနိုင်သည့်တိုင် ထရမ့်နှင့်တိုက်ရိုက်ဆက်သွယ်ကြပါတယ်။ ဆော်ဒီအိမ်ရှေ့မင်းသားသည် မကြာ သေးမီက ထရမ့်ထံ ဖုန်းဆက်ခဲ့ကြောင်း ထိုကိစ္စကို သိသည့် သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။ ဟန်ဂေရီ ဝန်ကြီးချုပ်နှင့် ပိုလန်သမ္မတတို့သည့် မကြာသေးမီ ရက်သတ္တပတ်များအတွင်း ထရမ့်ကို လူကိုယ်တိုင်သွားရောက်တွေ့ဆုံကြပါတယ်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းသည် ယခုလအတွင်း ထရမ့်နှင့် သူ၏ ဖလော်ရီဒါအိမ်တွင် ဆွေးနွေးပွဲများ ကျင်းပခဲ့ပါတယ်။ ကင်မရွန်းက ထိုဆွေးနွေးပွဲသည် ပုဂ္ဂလိကဆွေးနွေးပွဲသာဖြစ်ပြီး ယူကရိန်း၊ အစ္စရေး-ဂါဇာစစ်ပွဲနှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့၏ အနာဂတ် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သတင်းထောက်များကို သူကပြောခဲ့ပါတယ်။
အိမ်ဖြူတော်က ပြောခွင့်ရသူ ကာရင်းယန်ပီယာပြောသည့် စကားကို ကိုးကားပြီး ကင်မရွန်းနှင့် ထရမ့် ဆွေးနွေးမှုမျိုးသည် ထူးခြားမှုမရှိကြောင်း ပြောပါတယ်။ အော်ဘန်းနှင့် ဆော်ဒီ ကိစ္စများကို ထိုပြောခွင့်ရသူ တစုံတရာမပြောပေ။
 
စိုးချစ်