【 ပြည်တွင်း 】 ဘုရားထီးတင်ပွဲ ပြန်လာသည့် ကား တိမ်းမှောက်လို့ တစ်ဦးသေကာ ၁၄ ဦးဒဏ်ရာရ

【 ပြည်တွင်း 】 ဘုရားထီးတင်ပွဲ ပြန်လာသည့် ကား တိမ်းမှောက်လို့ တစ်ဦးသေကာ ၁၄ ဦးဒဏ်ရာရ

အုတ်တွင်း၊ ဧပြီ - ၂၅
 
ဘုရားထီးတင်ပွဲကနေ ပြန်လာတဲ့ ကားတစ်စီးတိမ်းမှောက်ရာမှ လိုက်ပါလာသူတွေအနက် တစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရတဲ့ဖြစ်ရပ်တစ်ခု ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသအခြေစိုက် လူမှုကူညီရေး အသင်းတွေဆီက သိရပါတယ်။
 
အဆိုပါဖြစ်ရပ်ဟာ ဧပြီ ၂၄ ရက် ညနေပိုင်းက အုတ်တွင်းမြို့နယ်၊ ကျွဲပွဲ တောင်ဘက်၊ ကျောက်တိုင်ရွာ၊ တံတားအနီးမှာ ကြုံခဲ့တာလို့ ဆိုကြပါတယ်။
 
ဖြစ်ပွားတဲ့ကားဟာ လိုက်ထရပ်အမျိုးအစား ဖြစ်ပြီး လိုက်ပါလာသူတွေအနက် အသက် ၄၀ ဝန်းကျင် အမျိုးသမီးတစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။
 
“ကားမှောက်တဲ့အချိန်မှာ လူချင်းပိမိပြီးတော့ ဇက်ကျိုးပြီး ဆုံးပါးသွားတဲ့ အနေအထားမျိုးပါ၊ ကားက တစ်ပတ်လည်ပြီး မှောက်သွားတာ၊ ပါလာတာက ၁၅ ဦး၊ တစ်ဦးသေဆုံးတယ်၊ ၁၄ ဦးဒဏ်ရာရပါတယ်” ဟုလည်း သွားရောက်ကူညီကယ်ဆယ်ခဲ့သူတစ်ဦးက ပြောကြားသည်။
 
ထိုကားဟာ ရှေ့ဘီးပေါက်တာကြောင့် ယခုလိုတိမ်းမှောက်သွားတာလို့ဆိုကြပြီး လိုက်ပါလာသူတွေဟာ မိုးညိုမြို့နယ်ထဲက အိုဘိုကုန်းကျေးရွာမှ ဖြစ်ကြတယ်လို့ သိရပါတယ်။ဒဏ်ရာရသူတွေနဲ့သေဆုံးသူတွေကို ဒေသအခြေစိုက် လူမှုကူညီရေးအသင်းတွေက တောင်ငူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
 
စီစီ
Photo - ရင်ခုန်ရှင်သန်ရေးအသင်း