【 နိုင်ငံတကာဆောင်းပါး 】 ယူကရိန်းအရေးမှာ ဘယ်သူက ပြေလည်စေချင်လဲ

【 နိုင်ငံတကာဆောင်းပါး 】 ယူကရိန်းအရေးမှာ ဘယ်သူက ပြေလည်စေချင်လဲ

ရုရှား-ယူကရိန်း အကျပ်အတည်းသည် နိုင်ငံတကာလူ့အဖွဲ့အစည်းအတွက် ကြီးမားသော တုန်လှုပ်ချောက်ချားမှုကို ကိုယ်စားပြုကာ တတိယနှစ်သို့ ဝင်ရောက်လာခဲ့ပြီဖြစ်သည်။

ထိုကျူးကျော်မှု အမည်မခံသော ရုရှား၏ ကျူးကျော်မှုကို ရပ်ဆိုင်းနိုင်ရန် ကမ္ဘာ့နိုင်ငံများက ပုံစံအမျိုးမျိုးဖြင့် ကြိုးစားခဲ့သော်လည်း ယနေ့ထိ မအောင်မြင်သေးချေ။သို့သော် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည့် အမေရိကန်နှင့် အင်အားကြီးနိုင်ငံအဖြစ် ပေါ်ထွန်းလာသည့် တရုတ်နိုင်ငံတို့၏ ယူကရိန်းစစ်ပွဲအပေါ် ချဉ်းကပ်ပုံသည် မတူညီသဖြင့် စိတ်ဝင်စားဖွယ် အခင်းအကျင်းဖြစ်ပြီး တရုတ်ချဉ်းကပ်မှုသည် အလုပ်ဖြစ်ဖွယ်ရှိနေသည်ဟု နိုင်ငံတကာအရေးလေ့လာသူများက အကဲဖြတ်ထားသည်။

ယူကရိန်းစစ်ပွဲတွင် အမေရိကန်က ထဲထဲဝင်ဝင် ပါဝင်နေရာ စေ့စပ်ဆွေးနွေးရေးတွင် အမေရိကန်အခန်းကဏ္ဍကို တွေ့မြင်ရဖို့ ခက်နေပေသည်။အထူးသဖြင့် ယခု ယူကရိန်းစစ်ပွဲကို အမေရိကန်က ရုရှားနှင့် ဖြစ်နေသည့် တစ်ဆင့်ခံစစ်ပွဲအဖြစ် ရှုမြင်မှုအချို့လည်း ရုရှားအပါအဝင် ဥရောပနှင့် အခြားနိုင်ငံများတွင်ရှိနေသည်။သို့သော် ယခုစစ်ပွဲတွင် တိုက်ရိုက်အကျိုးအမြတ်ကို ရရှိနေသည်မှာ အမေရိကန်ဖြစ်နေခြင်းကြောင့်လည်း စစ်ပွဲကို ရှည်ကြာစွာရှိနေစေချင်သည့် ရည်ရွယ်ချက်သည် စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကိုလျှောက်ရန် အမေရိကန်ဘက်က အာသီအာသမရှိခြင်းဖြစ်မည်ဟု ယူဆခြင်းများလည်းရှိသည်။

သေချာသည်မှာ စစ်အေးခေတ်လွန် ငြိမ်းချမ်းရေး၏ မျက်နှာစာသည် ဥရောပတိုက်တွင် ပြိုကျပျက်စီးခဲ့ပြီး ဥရောပလုံခြုံရေးကို ဥရောပနိုင်ငံများကသာ ပြန်တည်ဆောက်မှဖြစ်မည်ဆိုသည့် အယူအဆသည် ယူကရိန်းစစ်နှင့်အတူ ထွန်းကားလာသည်။ရုရှားခေါင်းဆောင် ပူတင်၏ အတင့်ရဲမှုသည် အမေရိကန်ခေါင်းဆောင်များ မဟာဗျူဟာမှားယွင်းမှုအဖြစ် ထောက်ပြမှုများ ယူကရိန်းစစ်ပွဲအစောပိုင်းကတည်းကရှိသည်။
 
လက်ရှိတွင် ဥရောပတိုက်သားများသည် စစ်ပွဲကို အဆုံးသတ်ရန်နှင့် ကမ္ဘာ့စည်းမျဉ်း အမိန့်အသစ်ကို တည်ဆောက်ရန်အတွက် အဆင်သင့်မဖြစ်သေးပါ။အထူးသဖြင့် ရုရှား-ယူကရိန်း အကျပ်အတည်းတွင် အမေရိကန်ပြည်ထောင်စုသည် ဥရောပပြင်ပဖြစ်နေပြီး ဥရောပသည် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်တို့ ဦးဆောင်မှုဖြင့် စည်းလုံးခြင်းသို့ရောက်နေသည်။သို့သော် ဥရောပစီးပွားရေးသည် အရှိန်အဟုန်ပြတ်တောက်ပြီး လူနေမှုစရိတ်များ မြင့်မားလာခြင်း၊ ပြင်ပဝယ်လိုအား အားနည်းခြင်း၊ ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနှင့် ငွေကြေးတင်းကျပ်ခြင်းတို့နှင့် ရင်ဆိုင်နေရသည်။အီးယူစီးပွားရေး၏ အင်ဂျင်ဖြစ်သောကြောင့် ဂျာမနီ၏ GDP သည် ၂၀၂၃ ခုနှစ်တွင် ၀.၃ ရာခိုင်နှုန်း ကျဆင်းသွားပြီး နောက်နှစ်တွင် စီးပွားရေးကျဆင်းမှု ဖြစ်နိုင်ခြေ မြင့်မားနေသည်။

အမေရိကန်နှင့် တရုတ်တို့သည် ကမ္ဘာပေါ်တွင် အင်အားအကြီးဆုံး နိုင်ငံနှစ်ခုဖြစ်ပြီး တင်းမာမှုလည်းရှိသည်။၎င်းတို့ကြားတွင် ကမ္ဘာလုံးဆိုင်ရာ အကျိုးဆက်များရှိသည်။နိုင်ငံရေးနှင့် နည်းပညာ စနစ်နှစ်ခုတွင် အမေရိကန်နှင့် တရုတ်ကြား နက်ရှိုင်းသော အကွဲအပြဲသည် ကမ္ဘာ့၏ တခြားသောနယ်ပယ်နှင့် ပြဿနာများတွင် အာရုံစူးစိုက်မှုကို လျော့လာစေခဲ့သည်။တရုတ်၏ သြဇာအာဏာ ကြီးထွားလာသည်နှင့်အမျှ ၎င်း၏စံနှုန်းများနှင့် အလေ့အကျင့်များသည် ကမ္ဘာ့ဇာတ်ခုံတွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာမည်ဖြစ်သည်။ထို့အတွက် အမေရိကန်နှင့် တရုတ်အကြား ပြိုင်ဆိုင်မှုသည် နောက်ပိုင်းနှစ်များတွင် ပိုပြင်းထန်လာသည်။ထိုအကျိုးဆက်က ကမ္ဘာ့ပြဿနာများတွင် တူညီသော သဘောဆန္ဒရဖို့ ခက်လာကာ ပဋိပက္ခကို ပိုမိုအားကောင်းလာစေရန် ခွင့်ပြုသလိုဖြစ်ခဲ့သည်။

အရှေ့ဥရောပနှင့် အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများသည် ဆက်တိုက်ဖြစ်နေခြင်းက နိုင်ငံများအတွက် စုဖွဲ့မှုဖြင့် အချုပ်အခြာတည်မြဲရန် ကြိုးစားလာမှုကို ဦးတည်စေသဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ခြိမ်းခြောက်မည့် စစ်အေးတိုက်ပွဲသစ် ပေါ်ပေါက်လာနိုင်သည်။ထိုအခြေအနေများအောက်တွင် ပဋိပက္ခများကို ငြိမ်းချမ်းသော သံတမန်နည်းလမ်းဖြင့် အဆုံးသတ်ရန် အရေးတကြီးလိုအပ်လာသည်ကို လက်ခံလာကြသည်။ထိုအခန်းကဏ္ဍအတွက် ရှေ့ဆောင်မည့် စွမ်းဆောင်နိုင်သော နိုင်ငံကြီးလိုလာသည်။ထိုဦးဆောင်နေရာအတွက် ပဋိပက္ခများတွင် အဓိကတာဝန်ရှိသည့် နှစ်ဖက်စလုံးက လက်ခံသော နိုင်ငံဖြစ်ဖို့ လိုသည်။

တရုတ်နိုင်ငံသည် မကြာသေးခင်နှစ်များအတွင်း ကမ္ဘာ့ဇာတ်ခုံတွင် အခန်းကဏ္ဍကြီးကြီးမားမား နေရာယူလာသည်။ငြိမ်းချမ်းရေးရဖို့ ဘယ်တော့မှ အရှုံးမပေးဘဲ ဆွေးနွေးပွဲတွေကို ဘယ်တော့မှ မရပ်တန့်စေခြင်းသည် တခြားကမ္ဘာ့အင်အားကြီးနိုင်ငံများနှင့်မတူသော တရုတ်နိုင်ငံ၏ ကမ္ဘာ့အရေးများသို့ ချဉ်းကပ်သော လမ်းကြောင်းဖြစ်သည်။မကြာမီက အရှေ့အလယ်ပိုင်းနှင့် ဥရောပသို့ တရုတ်နှင့် အမေရိကန်တို့ ကိုယ်စားလှယ်များ အသီးသီးစေလွှတ်ခဲ့ကြသည်။

တရုတ်နိုင်ငံသည် ယူကရိန်းအကျပ်အတည်းကို နိုင်ငံရေးအရ ပြေလည်စေရေးအတွက် အဆိုပြုချက် (၁၂) ချက်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် အဆိုပြုခဲ့သည်။ယင်းစာတမ်းတွင် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားကြောင်း၊ ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ လက်ရှိဖြစ်ပွားနေသည့် ရန်လိုမှုများကို ရပ်တန့်ပစ်ရန်နှင့် ယူကရိန်းနှင့် ရုရှားတို့ကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပြန်လည်စတင်ရေး စသည့် အချက်များကို အလေးပေး ဖော်ပြထားသည်။

ထို့နောက်တွင် ယူကရိန်းအရေးကို စားပွဲဝိုင်းတွင် ဖြေရှင်းနိုင်ရန် တရုတ်ဘက်က မှန်မှန်ကြိုးစားအားထုတ်လာသည်ကို တွေ့ရသည်။ထိုကာလအတွင်း အမေရိကန်နှင့် ၎င်း၏ ဥရောပမဟာမိတ်များက ယူကရိန်းအား ပေးအပ်ထားသော အကူအညီများသည် စစ်မြေပြင်တွင် နှစ်နှစ်ကြာ အကျပ်အတည်းကို ဖြေရှင်းရန် မလုံလောက်ခြင်းကြောင့် စစ်ပွဲအဆုံးသတ်ရာတွင် စေ့စပ်ဆွေးနွေးရေးကို ဦးတည်သည့် တရုတ်၏အခန်းကဏ္ဍကို အချို့ကမျှော်လင့်ကြပြီး၊ ဘက်အားလုံးမှ အပြုသဘောဆောင်သော ကြိုးပမ်းမှုများ လိုအပ်နေသည်ကို သိလာကြသည်။

တရုတ်နိုင်ငံသည် ယူကရိန်းကျူးကျော်စစ်အတွက် တာဝန်ရှိသော အဓိကနိုင်ငံ၊ ရုရှား၏ အိမ်နီးချင်းနှင့် အဓိကမိတ်ဖက်နိုင်ငံဖြစ်ပြီး ယူကရိန်း၏ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံလည်းဖြစ်သည်။ထို့အပြင် အီးယူ (ဥရောပသမဂ္ဂ) နှင့် ဥရောပနိုင်ငံအများအပြား၏ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံဖြစ်သည်။

ထို့ကြောင့် တရုတ်နိုင်ငံ၏ အနေအထားသည် ရုရှား၊ ယူကရိန်း၊ ဥရောပ မိတ်ဖက်များနှင့် အခြားနိုင်ငံများနှင့်ပင် ကြားနေဖြစ်နေသည်။အရေးကြီးသည့်အချက်မှာ စစ်ပွဲကို အဆုံးသတ်ရန် ကြိုးစားသည့် မည်သည့်အစီအစဉ်မဆို နိုင်ငံရေးနှင့် သံတမန်နည်းလမ်းများဖြင့် ရုရှားနှင့် ယူကရိန်းတို့၏ ပူးပေါင်းပါဝင်မှု လိုအပ်ခြင်းဖြစ်သည်။ရုရှားနှင့် ယူကရိန်းတို့သည် တိုက်ရိုက်တိုက်ခိုက်နေပြီး နှစ်နိုင်ငံစလုံးသည် စစ်မြေပြင်မှ ဝေးကွာသော သဘောတူညီမှုကို ရှာဖွေရန် လိုအပ်နေသည်။

တွေ့ဆုံဆွေးနွေးရေးနှင့် စေ့စပ်ညှိနှိုင်းရေးကို အခိုင်အမာထောက်ခံသည့် တရုတ်၏ အဆိုပြုချက်သည် ယူကရိန်းအကျပ်အတည်းအတွက် တစ်ခုတည်းသော အလားအလာရှိသော ဖြေရှင်းချက်အဖြစ် မှတ်ယူထားကြသည်။ယူကရိန်းအကျပ်အတည်းသည် ဥရောပနှင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ နိုင်ငံသားများကို ဝန်ထုပ်ဝန်ပိုးဖြစ်စေသော ငွေကြေးဖောင်းပွမှု ဖိအားများနှင့်အတူ ကမ္ဘာ့စီးပွားရေး အထူးသဖြင့် စွမ်းအင်နှင့် အစားအစာဈေးကွက်ကို တုန်လှုပ်စေခဲ့သည်။

ထိုအကျပ်အတည်းသည် ကြာရှည်လာလေ ကမ္ဘာကို ဝန်ထုပ်ဝန်ပိုး ပို၍ပိစေလာမည်ဖြစ်သည်။ထိုဝန်ထုပ်ဝန်ပိုးကို လျှော့ချရန် လက်ရှိတွင် တရုတ်၏ကြိုးစားမှုကို စောင့်ကြည့်နေရသည့် အခြေအနေဖြစ်သည်။

ယူကရိန်းစစ်ပွဲအတွက် နိုင်ငံကြီးများက ယခုထက်ပို၍တောက်လောင် အားကောင်းရန်သာ ကြိုးစားနေသည်ကို တွေ့ရသည်။ကျူးကျော်သည့် ရုရှားက သူရှုံးနိမ့်ပါက နျူလက်နက်သုံးမည် ပြောသည်။ကမ္ဘာသည် နျူကလီးယားစစ်ပွဲထဲ ရုတ်ချည်းရောက်သွားနိုင်သည်။နျူကလီးယားလက်နက် အသုံးပြုမှုကို တရုတ်ဘက်က အစဉ်တစိုက်ဆန့်ကျင်ခဲ့ပြီး “နျူကလီးယားဖြင့် စစ်ပွဲကို မအောင်နိုင်သလို မည်သည့်အခါမျှ နျူကလီးယားစစ်ပွဲမဖြစ်ရ” ဟူသော မူကို ထပ်မံအတည်ပြုခဲ့သည်ကို တွေ့ရသည်။သို့သော် တခြားနျူလက်နက်နိုင်ငံများကမူ လိုအပ်ပါက နျူလက်နက်သုံးရန် ဝန်မလေးသောသဘောကို ထုတ်ဖော်ပြောကြသည်။ထို့ကြောင့် ယူကရိန်းစစ်ပွဲရပ်ရန် စေ့စပ်ဆွေးနွေးနေမှုတွင် တရုတ်သည် ဦးဆောင်သော နိုင်ငံဖြစ်မှန်းမသိ ဖြစ်လာခဲ့သည်။

မကြာမီက ရုရှား၊ ယူကရိန်း၊ ပြင်သစ်၊ ဂျာမဏီနှင့် ပိုလန်တို့သို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည့် ယူကရိန်းနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် လီဟွေးက ဆွေးနွေးပွဲများသည် အကျပ်အတည်းကို ဖြေရှင်းရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ပြောခဲ့သည်။နောက်ဆုံးမှာ စစ်ပွဲကို သေနတ်နဲ့မဖြေရှင်းဘဲ ဆွေးနွေးပွဲတွေနဲ့ ဖြေရှင်းရမယ်ဆိုတာကို နှစ်ဘက်လုံးသဘောတူကြောင်း ပြောခဲ့သည်ဟု ဆိုသည်။၏

သို့သော် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် မော်စကိုနှင့် ကိယက်ဗ်အကြား အလွန်ကွာဟနေသည်ကို တရုတ်ကိုယ်စားလှယ်က ထောက်ပြခဲ့သည်။သို့ရာတွင် တရုတ်ဘက်က ပြေလည်မှုရှိရေးအတွက် ဆက်လက်ရွေ့နေဆဲဖြစ်သည်။ရုရှားရော ယူကရိန်းပါ “အခြေအနေအေးချမ်းစေဖို့ တရုတ်က တောင်းဆိုတာကို အားလုံးသဘောတူတယ်” ဟု ပြောခဲ့သည်ကိုကြည့်လျှင် တရုတ်၏ သြဇာကို မြင်ရမည်ဖြစ်သည်။မကြာမီ ယူကရိန်းစစ်ပွဲ ရပ်နိုင်မည်လားဆိုသည်မှာ မျှော်လင့်စရာဖြစ်သည်။

ထို့အတွက် အရှေ့အလယ်ပိုင်းမှာ အီရန်နှင့် ဆော်ဒီ သံတမန်အဆက်အသွယ် ပြန်လုပ်ရာတွင် တရုတ်ဘက်က လုပ်ဆောင်ခဲ့သည့် အခင်းအကျင်းကို ပြန်သတိရစရာဖြစ်သည်။

စိုးငြိမ်း