【 နိုင်ငံတကာဆောင်းပါး 】 အစ္စရေးနဲ့ အီရန်မှာ နျူလက်နက် ရှိ/မရှိ ရှုပ်ထွေးနေသည့်အခါ

【 နိုင်ငံတကာဆောင်းပါး 】 အစ္စရေးနဲ့ အီရန်မှာ နျူလက်နက် ရှိ/မရှိ ရှုပ်ထွေးနေသည့်အခါ

တီဟီရန်က ဒုံးကျည်များ ဒရုန်းများဖြင့် မကြုံစဖူး တိုက်ခိုက်လိုက်ပြီးနောက် ဆယ်စုနှစ်များစွာကြာပြီဖြစ်သော အီရန်-အစ္စရေး တစ်ဆင့်ခံ တိုက်ပွဲသည် ယခုအပတ်အတွင်း အရေးပါလာသည်။

ထိုတိုက်ခိုက်မှုများကို အစ္စရေးနှင့် မဟာမိတ် ကာကွယ်စနစ်များက အကြီးအကျယ် ပြန်လည်ချေမှုန်းပစ်ခဲ့သော်လည်း ပထဝီနိုင်ငံရေး ရန်သူ ၂ နိုင်ငံအကြား အဓိကကျသည့် တင်းမာမှုဖြစ်စေသည်။

နျူကလီးယားပြဿနာသည် ထိုမကြေညာသော စစ်ပွဲအတွက် အကြီးအကျယ် စိုးရိမ်စရာဖြစ်နေသည်။အစ္စရေးသည် ကမ္ဘာတွင် နျူကလီးယားပိုင်ဆိုင်သည့် နိုင်ငံ ၉ ခုတွင် တစ်နိုင်ငံဖြစ်ပြီး အီရန်သည်လည်း အစ္စရေး၊ အမေရိကန်ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက ပိတ်ပင်နေသည့်တိုင် နျူကလီးယား ပိုင်ဆိုင်သည့် ဆယ်နိုင်ငံမြောက် နိုင်ငံဖြစ်ရန် ကြိုးစားနေသည်။

လွန်ခဲ့သော ရက်သတ္တပတ်ကုန်က အီရန်၏ ကြိုတင်ကြေညာ တိုက်ခိုက်မှုသည် အရပ်သားတစ်ဦးကို ထိခိုက်စေပြီး အစ္စရေးလေတပ်စခန်းတစ်ခုကို အကန့်အသတ်ဖြင့်သာ ထိခိုက်စေသော်လည်း ကာကွယ်ရေး လက်နက်ခဲယမ်း ဒေါ်လာ သန်း ၅၅၀ ဖိုး ကုန်ကျစေသည်ဟု ယူဆရသည်။

ထိုတိုက်ခိုက်မှုသည် အတိုင်းအတာအားဖြင့် ကြီးမားသော်လည်း တင်းမားမှုမြင့်မားခြင်းကို ရှောင်ရှားရန်နှင့် ယခုလအစောပိုင်းက အစ္စလာမ်မစ်ကာကွယ်ရေးအစောင့်တပ် အဆင့်မြင့်တပ်မှူးတစ်ဦးကို အစ္စရေးက သတ်ဖြတ်ခြင်းအတွက် အီရန်က လက်စားချေလိုသည့် ဆန္ဒကို ဖြည့်ဆည်းခြင်းသာဖြစ်သည်။

ယခုအခါ သမ္မတ ဂျိုးဘိုင်ဒင်က တင်းမာမှု ပိုမိုမြင့်မားခြင်းကို ရှောင်ရန် ဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် မတုံ့ပြန်ရန် တိုက်တွန်းနေသည်ဟု ဖော်ပြသော်လည်း အစ္စရေးက လက်တုံ့ပြန်ရန် စဉ်းစားခဲ့သည်။

စစ်ကာလ အစိုးရအဖွဲ့ဝန်ကြီးနှင့် သက်တမ်းရှည်ကြာသည့် အစ္စရေးအတိုက်အခံခေါင်းဆောင် ဘန်နီ ဂန့်ဇ်က ၎င်းတို့နိုင်ငံသည် ဒေသတွင်း တပ်ပေါင်းစုဖွဲ့ပြီး သင့်တော်သည့် နည်းလမ်းဖြင့် သင့်တော်သည့်အချိန်တွင် တုံ့ပြန်မည်ဖြစ်ကြောင်း တနင်္ဂနွေနေ့တွင် ပြောသည်။

မကြာသေးမီ ဆယ်စုနှစ်များအတွင်း အစ္စရေးနှင့် အမေရိကန် အထူးစစ်ဆင်ရေးများ၏ အဓိကပစ်မှတ်သည် အီရန်၏ နျူကလီးယား အစီအစဉ်နှင့် အဆောက်အအုံများဖြစ်ပြီး ဆိုးရွားလာသည့် လုံခြုံရေးအခြေအနေကြောင့် တီဟီရန်၏ နျူကလီးယားစွမ်းရည်သည် ကြားညပ်မည့် အခြေအနေသို့ တစ်ဖန်ပြန်လည်ရောက်ရှိလာသည်။

           အစ္စရေး၏ နျူကလီးယား လျှို့ဝှက်ချက်

နျူကလီးယားလက်နက်တိုက် ပိုင်ဆိုင်ကြောင်းကို အတည်ပြုရန် အစ္စရေးက ထာဝရငြင်းဆန်ပြီး ၎င်း၏ ကျယ်ပြန့်သော သေနင်္ဂဗျူဟာ မရေရာမှု မူဝါဒအရ ထိုသို့လုပ်ရန် ကြိုးစားသူများကို နှုတ်ဆိတ်သွားအောင် လုပ်သည်။

၁၉၇၈ ခုနှစ် ဗီလာဖြစ်ရပ်သည် အစ္စရေး နျူကလီးယားခေတ်၏ အာရုံတက်ချိန်ဟု ယူဆရပြီး ၁၉၇၉ ခုနှစ် စက်တင်ဘာလက အိန္ဒိယသမုဒ္ဒရာမှ လူမနေသည့် အာဖရိကပိုင်နက် ပရင့်အက်ဒဝပ်ကျွန်းစုအနီး အမေရိကန်ဂြိုဟ်တုမှ ထောက်လှမ်းသိရသည့် လျှပ်ပြက်မှု နှစ်ကြိမ်ဖြစ်သည့် ဖြစ်ရပ်လည်းရှိသည်။ထိုလျှပ်ပြက်မှုများသည် တောင်အာဖရိကနှင့် အစ္စရေးတို့ ထုတ်ပြန်ကြေညာခြင်းမရှိသည့် ပူးတွဲ နျူကလီးယားစမ်းသပ်မှုမှ ပေါက်ကွဲမှုဖြစ်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။

ထိုစဉ်က လူဖြူအသားအရောင်ခွဲခြားရေးဝါဒီများက ထိန်းချုပ်ထားသည့် တောင်အာဖရိကသည် ၎င်း၏ နျူကလီးယားအစီအစဉ်ကို ၁၉၈၀ ခုနှစ်များ နှောင်းပိုင်းတွင် ဖျက်သိမ်းပြီး ၁၉၉၁ ခုနှစ် နျူကလီးယားလက်နက် မပျံ့ပွားရေး နိုင်ငံတကာစာချုပ်သို့ ပူးပေါင်းလိုက်သည်။

အစ္စရေးသည် ထိုသမိုင်းဝင်စာချုပ်ကို လက်မှတ်ရေးထိုးခြင်းမရှိဘဲ ယခုအခါ နျူကလီးယားထိပ်ဖူး ၉၀ မှ ၄၀၀ ကြား ပိုင်ဆိုင်သည်ဟု ခန့်မှန်းရသည်။အစ္စရေးခေါင်းဆောင်များသည် ယေဘုယျအားဖြင့် နျူကလီးယားစွမ်းရည်နှင့်ပတ်သက်ပြီး နှုတ်ဆိတ်နေသော်လည်း လက်ယာစွန်းရောက် အစိုးရအဖွဲ့ဝင် ဝန်ကြီး အမီချိုင် အယ်လီယာဟုက ဂါဇာကို အဏုမြူလက်နက်ဖြင့် တိုက်ခိုက်ရေးသည် ရွေးချယ်ရမည့် လမ်းကြောင်းဖြစ်သည်ဟု နိုဝင်ဘာလတွင် ဝန်ခံသည်။

မဟာမိတ်များ၏ ပေါက်ကြားလာသော အကဲဖြတ်ချက်များကလည်း အစ္စရေး၏ နျူကလီးယားစွမ်းရည်ကို အရိပ်အမြွက် ဖော်ပြနေသည်။ ၂၀၁၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည် နိုင်ငံခြားရေးဝန်ကြီးဟောင်း ကောလင်းပါဝဲလ်၏ အီးမေးလ် အများအပြားအနက် တစ်စောင်တွင် “အစ္စရေးမှာ နျူကလီးယားလက်နက် ၂၀၀ ရှိတာ၊ အားလုံးက အီရန်ကို ပစ်မှတ်ထားတာ အီရန်က လူတွေသိပါတယ်။ကျနော်တို့မှာဆို ထောင်နဲ့ချီရှိတယ်” ဟု ရေးသားခဲ့သည်။

“အီရန်ခေါင်းဆောင်တွေက သူတို့ နျူကလီးယားလက်နက် မထုတ်လုပ်နိုင်ရင် မသုံးနိုင်ဘူးဆိုတာ သိပါတယ်” ဟုလည်း ပါဝဲလ် ရေးသည်။

           နျူကလီးယား ကင်းမဲ့ရေး သဘောတူစာချုပ်

တီဟီရန်၏ နျူကလီးယားအစီအစဉ်ကို အီရန်နျူကလီးယားသဘောတူညီချက်ဟု ခေါ်သည့် ၂၀၁၆ ခုနှစ် ပူးတွဲကျယ်ပြန့်သော အရေးယူဆောင်ရွက်မှုစီမံချက် (JCPOA) က ရပ်ဆိုင်းစေခဲ့သည်။ထိုသဘောတူ ညီချက်အရ အီရန်က နျူကလီးယားလက်နက် သုတေသနကို ရပ်ဆိုင်းပြီး အရေးယူပိတ်ဆို့မှု ရုပ်သိမ်းကာ သိမ်းဆည်းထားသည့် အီရန်ငွေ ဒေါ်လာ ၁၀၀ ဘီလီယံခန့်ကို ပြန်ပေးရန်ဖြစ်သည်။

ထိုသဘောတူညီချက်ကို သမ္မတ ဘားရက် အိုဘားမားလက်ထက်တွင် ညှိနှိုင်းခဲ့ပြီး အိုဘားမား၏ သမ္မတသက်တမ်း ၂ ခုအတွင်း အရေးပါသော နိုင်ငံခြားရေးမူဝါဒ အောင်မြင်မှုအဖြစ် သတ်မှတ်သည်။

အီရန်က ဒုံးကျည်ထုတ်လုပ်မှုများ ဆက်လုပ်ပြီး ဒေသတွင် လက်ဝေခံတပ်များကို ဆက်လက်အသုံးပြုနေသည်ကို ရီပတ်ဗလစ်ကန်များနှင့် အစ္စရေးက မကျေနပ်သောကြောင့် သူ့ကိုဆက်ခံသူ သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၁၈ ခုနှစ်တွင် ထိုစာချုပ်မှ အမေရိကန် နုတ်ထွက်စေသည်။

ထို့ကြောင့် အီရန်သည် အမြင့်မားဆုံးဖိအားပေးရေးဟုခေါ်သည့် အရေးယူပိတ်ဆို့မှုသစ်များကို ရင်ဆိုင်ရသော်လည်း JCPOA အရ ချမှတ်ထားသည့် နျူကလီးယား ကန့်သတ်ချက်များကို ထိထိရောက်ရောက် ဖယ်ရှားလိုက်ပြီး အီရန်ခေါင်းဆောင်များကို နျူကလီးယားလက်နက်ထုတ်ရေး တွန်းအားပေးရန် လမ်းဖွင့်ပေးလိုက်သည်။

၃ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ သန့်စင်ထားသည့် ယူရေနီယမ်သည် အရပ်ဘက် စွမ်းအင်အဆောက်အအုံများအတွက် သင့်တော်သည်။နျူကလီးယားလက်နက်များအတွက် ၉၀ ရာခိုင်နှုန်းအထိ သန့်စင်ရန် လိုသည်။

ယူရေနီယမ် သန့်စင်မှုအဆင့်ကို ၆၀ ရာခိုင်နှုန်းအထိ မြှင့်တင်လိုက်ခြင်းသည် ၉၀ ရာခိုင်နှုန်း လက်နက်အဆင့်သို့ရောက်ရန် နည်းပညာအဆင့် အနည်းငယ်သာ လိုတော့သည်။ထိုကွာဟချက်သည် နှိုင်းယှဉ်ချက်အားဖြင့် လွယ်ကူမြန်ဆန်စွာ ကျော်ဖြတ်နိုင်သည့် အဆင့်ဖြစ်ပြီး တီဟီရန်သည် ၈၄ ရာခိုင်နှုန်းအထိ သန့်စင်ထားပြီးဖြစ်သည်ဟု ခန့်မှန်းရသည်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက နောက်ဆုံးထုတ်ပြန်သည့် ၃ လတစ်ကြိမ် အစီရင်ခံစာတွင် အီရန်သည် သန့်စင်ပြီး ယူရေနီယံ ၅၅၂၅.၅ ကီလိုဂရမ် စုဆောင်းထားသည်ဟု ဖော်ပြသောကြောင့် ယခင် အစီရင်ခံစာထုတ်ပြန်ချိန်ကထက် ၁၀၃၇.၇ ကီလိုဂရမ် ပိုမိုများပြားလာသည်။

၎င်းတို့အနက် ၁၂၁.၅ ကီလိုဂရမ်ကို ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသောကြောင့် ယခင်ခန့်မှန်းခြေထက် ၆.၈ ကီလိုဂရမ် လျော့နည်းသည်။

နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ၏ ခန့်မှန်းချက်အရ ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ထားသည့် ယူရေနီယံ ၄၂ ကီလိုဂရမ်သည် နျူကလီးယားထိပ်ဖူးတစ်ခု ထုတ်လုပ်ရန် လုံလောက်သည်။

သန့်စင်ပြီး ယူရေနီယမ် သိုလှောင်မှုမှာ နျူကလီးယားလက်နက် ထုတ်လုပ်ရန်အထိ ကူးပြောင်းရန် လိုအပ်သော နောက်ဆုံးခြေလှမ်းများကို အီရန်က မည်မျှလျင်မြန်စွာ လုပ်ဆောင်နိုင်သည်ကို လုံးဝရှင်းလင်းစွာ မသိရပေ။

ထိုကြာချိန်ကို နိုင်ငံများ၏ breakout time ဟုခေါ်သည်။အီရန်၏ breakout time သည် ၁၂ ရက် အထိ မြန်နိုင်သည်ဟု မူဝါဒဆိုင်ရာ လက်ထောက်ကာကွယ်ရေးဝန်ကြီးဟောင်း ကောလင်းခါးလ်က ကွန်ဂရက်တွင် လွန်ခဲ့သောနှစ်က ပြောခဲ့သည်။

“အီရန်မှာ ၉၀ ရာခိုင်နှုန်းအထိ ဆက်လက်သန့်စင်မယ်ဆိုရင် နျူကလီးယားထိပ်ဖူး ၃ ခုစာအတွက် ၆၀ ရာခိုင်နှုန်းအထိ သန့်စင်ပြီး ယူရေနီယံရှိတယ်” ဟု အမေရိကန်အခြေစိုက် နျူကလီးယားခြိမ်းခြောက်မှုအစီအစဉ် ဒုလက်ထောက်ဥက္ကဋ္ဌ အီရစ် ဘရူဝါက ဖေဖော်ဝါရီလတွင် AP သတင်းသို့ ပြောသည်။

“အီရန်ရဲ့ ၂၀ ရာခိုင်နှုန်းနဲ့ ၅ ရာခိုင်နှုန်းအထိ သန့်စင်ပြီး ယူရေနီယံကို ထည့်တွက်ရင် နောက်ထပ် နျူကလီးယားဗုံးတွေ အများကြီးလုပ်လို့ရတယ်” ဟု သူပြောသည်။

“အီရန်က လက်နက်အဆင့် ယူရေနီယံထုတ်ဖို့ ၂ ပတ်လောက်ပဲ အချိန်လိုတယ်။တကယ်ပစ်ခတ်နိုင်တဲ့ နျုကလီးယားဗုံးထုတ်ဖို့ ဒီထက်လည်း ပိုကြာနိုင်တယ် တစ်နှစ်ကျော်ကျော်လောက်ပေါ့” ဟုလည်း သူပြောသည်။

NaYoe
Ref - Newsweek | Do Israel and Iran Have Nuclear Weapons? It's Complicated