【 နိုင်ငံတကာဆောင်းပါး 】 ကိုရီးယားကျွန်းဆွယ် တင်းမာမှု တိုးမြင့်လာခြင်း၏ နောက်ကွယ်

【 နိုင်ငံတကာဆောင်းပါး 】 ကိုရီးယားကျွန်းဆွယ် တင်းမာမှု တိုးမြင့်လာခြင်း၏ နောက်ကွယ်

မကြာသေးမီနှစ်များအတွင်း၊ ဆိုးလ်နှင့် ပြုံးယမ်းတို့အကြား အပြန်အလှန်ခြိမ်းခြောက်မှု၏ ခံယူချက်သည် အချင်းချင်းကြိုတင်ကာကွယ်လိုသော သဘောထားကြီးထွားလာသည်ကို ပြနေပြီး ယင်းသည် အကျပ်အတည်းတစ်ခုအတွင်း နျူကလီးယားအန္တရာယ် တိုးမြင့်လာသည်ကိုသိသိသာသာ မြင်လာစေခဲ့သည်။
 
တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုးလ်လက်ထက်တွင် ဆိုးလ်သည် ပဋိပက္ခအတွင်းမြောက်ကိုရီးယား၏ နျူကလီးယားအင်အားကို ထိန်းချုပ်အမိန့်ပေးသူဖြစ်သည့် ကင်မ်ဂျုံအန်ကို ဖယ်ရှားရန် ထိုးနှက်တိုက်ခိုက်မှု စွမ်းရည်များကို မြှင့်တင်ခဲ့သည်။
 
တစ်ချိန်တည်းတွင်ပင် ပြုံးယမ်းသည် နျူကလီးယားနှင့်ပတ်သက်သော ၎င်း၏ ရေရှည်ရပ်တည်ချက်အား စွန့်လွှတ်ခဲ့ပြီး ဆိုးလ်၏ ကြီးမားသောပြောင်းလဲမှုအခြေအနေကို ကြိုတင်တားမြစ်ရန် ၂၀၂၂ ခုနှစ် စက်တင် ဘာလတွင် နျူကလီးယားအနေအထားကို ပြန်လည်ပြင်ဆင်လာခဲ့သည်။ကိုရီးယားအချင်းချင်း ကြိုတင်ခြိမ်းခြောက်မှုများ မြင့်တက်လာခြင်းနှင့်အတူ ပြုံးယမ်းသည် နျူကလီးယားလက်နက် အသုံးပြုမှု ကန့်သတ်ချက်အား သိသိသာသာ လျှော့ချပေးခဲ့သဖြင့် မြောက်ကိုရီးယား၏ နည်းဗျူဟာနျူကလီးယားလက်နက်များ ဖွံ့ဖြိုးတိုးတက်လာမှု သည် ထင်သာမြင်သာဖြစ်လာခဲ့သည်။
 
ထိုနောက်ကွယ်တွင် တခြားသော အကြောင်းအရာများစွာရှိနေပြီး ရုရှားက ယူကရိန်းကို ကျူးကျော်မှု၊ တရုတ်က ထိုင်ဝမ်ကို အင်အားသုံးလာနိုင်မှုနှင့် တရုတ်-အမေရိကန် အားပြိုင်မှု ရာစုနှစ်အတွင်း အပြင်းထန်ဆုံးကာ လထဲရောက်လာမှုများလည်း ပါဝင်နေသည်။
 
အထူးသဖြင့် ကိုရီးယားကျွန်းဆွယ် တည်ငြိမ်မှုတွက် ဘိုင်ဒင်မတိုင်မီ ထရမ့်နှင့် ကင်မ်ဂျုံအန်တို့၏ ဒရာမာဇာတ်လမ်းမှာ မှေးမှိန်ပျောက်ကွယ်ကာ ဒဏ္ဍာရီသဖွယ်ဖြစ်ခဲ့ပြီဖြစ်သည်။
 
ယူကရိန်းကို ရုရှားကျူးကျော်မှုနောက်ပိုင်းမြောက်ကိုရီးယားနှင့် ရုရှား နီးကပ်လာမှုသည် နိုင်ငံတကာအမြင်တွင် ထင်ထင်ရှားရှားဖြစ်လာသည်။
 
၂၀၂၄ ခုနှစ် စသည်နှင့် ကိုရီးယားကျွန်းဆွယ်တွင် အကျပ်အတည်းများ ဆက်တိုက်ဖြစ်ပေါ်မှုဖြင့် စတင်ခဲ့သည်။ ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြုံးယမ်းနှင့် ဆိုးလ်တို့သည် အနောက်ပင်လယ်တွင် ရန်စသည့် အမြောက်တပ် စစ်ရေးလေ့ကျင့်မှုကို ပြန်လည်စတင်ခဲ့ရာ လူအသေအပျောက်များသော ယခင်က စစ်ရေးတိုက်ပွဲများလိုဖြစ်လာနိုင်သည်ကို မီးမောင်းထိုးပြမှုဖြစ်သည်။မြောက်ကိုရီးယားသည် ၎င်း၏ နျူကလီးယားလက်နက်တိုက်ကို တိုးချဲ့ရာတွင် ကြီးမားသော အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပြီး ၎င်း၏ အစိုင်အခဲသုံးလောင်စာဆီ မြန်နှုန်းမြင့် ဒုံးကျည်စွမ်းရည်ကို ပထမဆုံးအကြိမ် စမ်းသပ်အောင်မြင်ခဲ့သည်။
 
တင်းမာမှုများသည် ဆက်တိုက်တိုးမြင့်လာနေသဖြင့် ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို အဓိကမူဝါဒပန်းတိုင်အဖြစ် လုပ်ဆောင်ခြင်းမရှိတော့ကြောင်း ပြုံးယမ်းက ကြေညာခဲ့သည်။ဇန်နဝါရီ ၁၅ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ထိပ်သီးညီလာခံတွင် ကင်မ်ဂျုံအန်က ရင်ကြားစေ့ရေး ကြိုးပမ်းမှုကို ရပ်တန့်ရန် ကတိပြုခဲ့ပြီး မြောက်ကိုးရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် နံပါတ်တစ် ရန်လိုသော နိုင်ငံနှင့် အမြဲတမ်း အဓိကရန်သူအဖြစ် တောင်ကိုရီးယားကို ပြန်လည်သတ်မှတ်ရန် မိန့်ကြားခဲ့သည်။
 
မိန့်ခွန်းအတွင်း ကင်မ်က ငြိမ်းချမ်းစွာပေါင်းစည်းရေးနှင့် အမျိုးသားစည်းလုံးညီညွတ်ရေးဆိုင်ရာ အယူအဆကို ထောက်ခံသည့် မည်သည့်ဘာသာစကားကိုမဆို ဖွဲ့စည်းပုံအခြေခံဥပဒေမှဖယ်ရှားရန် တောင်းဆိုခဲ့သည်။
 
ကင်မ်၏ ခြိမ်းခြောက်ပြောဆိုမှုသည် ကိုရီးယားကျွန်းဆွယ်တွင် ဖြစ်ပွားနေသည့် ထိပ်တိုက်ရင်ဆိုင်မှုများကို ကိုင်တွယ်ဖြေရှင်းရန် ငြိမ်းချမ်းသော သံတမန်နည်းလမ်းဖြင့် ဖြေရှင်းချက် ဖြစ်နိုင်ခြေကို လုံးဝပယ်ချခြင်းဖြစ်သည်။ထိုသို့ ပယ်ချရန်အတွက် ကင်မ်တွင် လုံလောက်သောအကြောင်းပြချက်များစွာရှိနေခဲ့သည်။
 
ထိုထဲတွင် အဓိကအကြောင်းအရာမှာ တောင်ကိုရီးယားနှင့် ဂျပန် ပြေလည်လာမှု၊ အမေရိကန်နှင့် တောင်ကိုရီးယား စစ်ဘက် အရပ်ဘက် ဆက်ဆံရေး ပိုမိုနွေးထွေးလာမှုတို့ ပါဝင်သည်။
 
ကင်မ်၏ ခြိမ်းခြောက်ပြောဆိုမှုကို ဆိုးလ်သည် နောက်ထပ်တိုးလာမည့် ခြိမ်းခြောက်မှုဖြင့် တုံ့ပြန်ခဲ့သည်။တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ခ်ယိုးလ်က ဇန်နဝါရီ ၁၆ ရက်က ပြုလုပ်သော အစိုးရအဖွဲ့အစည်းအဝေးတွင် ပြုံယမ်း၏ “စစ်ပွဲ (သို့မဟုတ်) ငြိမ်းချမ်းရေး” ဆိုသည့် ခြိမ်းခြောက်မှုသည် အလုပ်မဖြစ်တော့ကြောင်း သတိပေးခဲ့ပြီး မြောက်ကိုရီးယား၏ ရန်စမှုမှန်သမျှကို “အကြိမ်ပေါင်းများစွာ ပိုမိုပြင်းထန်သော” လက်တုံ့ပြန်မှုဖြင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးခဲ့သည်။
 
တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီး ရှင်ဝမ်ဆစ်က ကင်မ်ဂျုံအန်အနေဖြင့် စစ်ပွဲကို ရန်စခြင်းသည် ၎င်း၏ အစိုးရကို နိဂုံးချုပ်စေကြောင်း သတိပေးခဲ့သည်။ထိုသို့ မာမာထန်ထန် သတိပေးမှုသည် အမေရိကန်နှင့် နီးနီးကပ်ကပ်ဖြစ်လာမှုနှင့် အမေရိကန်-ဂျပန်-တောင်ကိုရီးယားတို့၏ မဟာမိတ်အဖွဲ့ အားကောင်းလာမှုအပေါ် အခြေခံနေသည်။
 
ယခုနှစ်ပိုင်းအတွင်း ကိုရီးယားကျွန်းဆွယ်တစ်ဝိုက်သို့ အမေရိကန်လေယာဉ်တင်သင်္ဘောများ လာရောက်မှုနှင့် စစ်ရေးလေ့ကျင့်မှုသည် သမိုင်းတစ်လျှောက် အများဆုံးဖြစ်ခဲ့သည်ကို သတိပြုမိမည်ဖြစ်သည်။
 
ထိုအကျိုးဆက်ကြောင့်  ပြုံးယမ်း၏ ရန်လိုမှုတိုးလာခြင်းနှင့် ဆိုးလ်၏ မခံမရပ်နိုင်သော အပြုအမူများကြောင့် နိုင်ငံတကာလေ့လာသူများက ယခုနှစ်သည် ကိုရီးယားကျွန်းဆွယ်အတွက် အလွန်အန္တရာယ်များသောနှစ် ဖြစ်နိုင်သည်ဟု ဆိုသည်။
 
ဆိုလိုသည်မှာ နျူကလီးယားစစ်နှင့် လက်တစ်ကမ်းအလိုထိ ဖြစ်လာနိုင်ခြင်းကို ပြောလိုခြင်းဖြစ်သည်။
 
ယေဘုယျအားဖြင့်ကြည့်ပါက အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ လုပ်ရပ်များသည် ပြုံးယမ်းအား စမ်းသပ်မှုမှ ဟန့်တားရန် ရည်ရွယ်ပုံရသည်။သို့သော် စစ်ဘက်ဆိုင်ဆက်ဆံမှု တိုးတက်လာခြင်းသည် ကင်မ်ဂျုံအန်ကို သတိပေးစေခဲ့သည်။ထို့ကြောင့် တောင်ကိုရီးယားနှင့် အမေရိကန်တို့ကို ချေမှုန်းသုတ်သင်ရန် ၎င်း၏စစ်တပ်ကို ကင်မ်က ပြောခဲ့ခြင်းဖြစ်မည်။
 
ဇန်နဝါရီတွင် အငြင်းပွားပင်လယ်ပြင်ထဲသို့အမြောက်ကျည် ၃၅၀ ခန့် ပစ်လွှတ်ခဲ့ပြီး မကြာသေးမီရက်သတ္တပတ်များအတွင်း ဒုံးကျည်စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တောင်ကိုရီးယားဘက်က အမေရိကန်နှင့် သုံးနှစ်အတွင်း စစ်သည်ထောင်ချီပါသည့် အကြီးမားဆုံးစစ်ရေးလေ့ကျင်ခဲ့ရာ မြောက်ကိုရီးယားအတွက် အခံရခက်စေခဲ့သည်။
 
ကိုရီးယားကျွန်းဆွယ်တွင် တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် ကျွမ်းကျင်သူများစွာက ရှေ့ဆက်ဖြစ်လာနိုင်မည့် အရာများကို မှန်းဆကြသည်။ထိုတင်းမာမှုတွင် အခရာကျသည်မှာ အမေရိကန်၏ ထိုဒေသအတွင်း စစ်ရေးဆိုင်ရာလှုပ်ရှားမှုများလာခြင်းကို ထောက်ပြကြသည်။
 
ထိုသို့ဖြစ်လာခြင်းက ဒေသတွင်း၌ ဖြစ်နိုင်ခြေရှိတဲ့ နျူကလီးယားအကျပ်အတည်း ကြုံရနိုင်မှုကို လက်ယပ်ခေါ်သလိုဖြစ်မည်။
 
နောက်တစ်ချက်မှာ မြောက်ကိုရီးယား၏ နောက်ဆုံးပေါ်လစီ အပြောင်းအလဲများဖြစ်သည်။နှစ်သစ်ကူးကြေငြာချက်တွင် ကင်မ်ဂျုံအန်သည် တောင်နှင့် ပြန်လည်ပေါင်းစည်းရေးကြိုးပမ်းသည့် နိုင်ငံ၏ ကာလရှည်ကြာ မူဝါဒကို အဆုံးသတ်ခဲ့သည်။ပြန်လည်ပေါင်းစည်းရေး အထိမ်းအမှတ် အဆောက်အအုံကို ဖြိုဖျက်ဖို့ တောင်းဆိုသည့်အပြင် ကင်မ်ဂျုံအန်က တောင်ကိုရီးယားကို သူ့နိုင်ငံရဲ့ “အဓိကရန်သူ” လို့ ကင်ပွန်းတပ်ခဲ့ရာ ပြုံးယမ်းရဲ့ အိမ်နီးချင်းအပေါ် ဆယ်စုနှစ်များစွာ မူဝါဒနဲ့ ကွဲလွဲနေခဲ့သည်။
 
နှစ်ရှည်လများ ရပ်တည်နေသည့် အနေအထားကိုပြောင်းလဲခြင်းဖြင့် ကင်မ်အစိုးရသည် ယခုအခါ တောင်ကိုရီးယားကို သီးခြားနိုင်ငံအဖြစ် သဘောထားလာခြင်းသည် ရှေးရိုးစွဲသဘောထားမှုနှင့် ဆန့်ကျင်ဘက်ဖြစ်သည့် ကာကွယ်ရေး လှုပ်ရှားမှုတစ်ခုဖြစ်သည်။
 
တတိယအချက်မှာ မော်စကိုနှင့် ပြုံးယမ်း၏ အသစ်ပြန်လည်ဆက်ဆံရေးသည် စိုးရိမ်စရာ အကြောင်းအရင်းတစ်ခုဖြစ်သည်။ယူကရိန်းစစ်ပွဲသည် တတိယနှစ်သို့ ရောက်ရှိလာသည်နှင့်အမျှ နှစ်နိုင်ငံသည် တိတ်တိတ်ဆိတ်ဆိတ် မဟာမိတ်များအဖြစ် ပိုမိုလုပ်ဆောင်လာကာ ကုလသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ဖီဆန်ကာ အရေးကြီးသော စစ်ဘက်ဆိုင်ရာ အချက်အလက်များနှင့် လက်နက်များရောင်းဝယ်ဖောက်ကားလာဖွယ်ရှိသည်။
 
ထိုသို့သော အချက် ၃ ချက်က အရှေ့မြောက်အာရှမှာ ထိပ်တိုက်ရင်ဆိုင်ရမယ့် သုံးပွင့်ဆိုင် သဘောတူစာချုပ်နှစ်ခုဖြစ်တဲ့ တရုတ်-ရုရှား-မြောက်ကိုရီးယားပါတဲ့ မြောက်ပိုင်းဝင်ရိုးနဲ့ ကိုရီးယား-အမေရိကန်-ဂျပန်တို့ ပေါင်းစပ်ထားတဲ့တောင်ဝင်ရိုးတို့ ဖန်တီးသလိုဖြစ်လာမည် ဆိုခြင်းဖြစ်သည်။ထိုသည်မှာ စိုးရိမ်စရာဖြစ်သည်။
 
ထိုဖြစ်လာနိုင်သည့် ဝင်ရိုးအုပ်စုနှစ်ခုထဲ ပါဝင်သည့် ၆ နိုင်ငံအနက် ၅ နိုင်ငံမှာ ဒေသတွင်းဖြစ်ပြီး အမေရိကန်သာ ဒေသတွင်း ပြင်ပနိုင်ငံဖြစ်နေခြင်းကလည်း ယခုပြဿနာ၏ အရင်းခံဖြစ်ဖို့ များနေခြင်းဖြစ်သည်။
 
စိုးငြိမ်း