【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာ့ထိပ်တန်းရောက်လာသည့် တရုတ်နိုင်ငံမှ တက္ကသိုလ်များ

【 နိုင်ငံတကာဆောင်းပါး 】ကမ္ဘာ့ထိပ်တန်းရောက်လာသည့် တရုတ်နိုင်ငံမှ တက္ကသိုလ်များ

ပညာရေးသည် လူ့အဖွဲ့အစည်းအတွက် အလွန်အရေးပါးသော အစိတ်အပိုင်းဖြစ်၍ အဆင့်မြင့် ပညာရပ်များကို ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များတွင် လိုက်လံပညာသင်ကြားနေသော ကမ္ဘာတစ်ဝန်းမှ ကျောင်းသားများစွာ ရှိပါသည်။
စီးပွားရေးအင်အား ကမ္ဘာ့ထိပ်တန်းရောက်လာသော တရုတ်နိုင်ငံသည် တက္ကသိုလ်ပညာရေးများတွင်လည်း ကမ္ဘာ့ထိပ်တန်းသို့ ရောက်ရှိလာပါသည်။ ဆယ်စုနှစ်အတွင်း ကမ္ဘ့ာထိပ်တန်းတက္ကသိုလ် ၅၀၀ တွင် တရုတ်နိုင်ငံမှ တက္ကသိုလ်များပါဝင်မှု တိုးလာသည်။
၂၀၁၅ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်ကျောင်း ၁၀၀ တွင် တရုတ်နိုင်ငံမှ တက္ကသိုလ် သုံးကျောင်းနှင့် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၅၀၀ တွင် တရုတ်နိုင်ငံမှ တက္ကသိုလ် ၁၈ ကျောင်း ပါဝင်ခဲ့သည်။ ၂၀၂၃ ခုနှစ်တွင် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀၀ တွင် တရုတ်နိုင်ငံမှ တက္ကသိုလ် ခြောက်ကျောင်းတိုးလာပြီး ကမ္ဘာ့ထိပ်တန်း တက္ကသိုလ် ၅၀၀ တွင် တရုတ်နိုင်ငံမှ တက္ကသိုလ် ၂၈ ကျောင်း တိုး၍ပါဝင်လာသည်။
တရုတ်နိုင်ငံမှ ချင်းဟွာတက္ကသိုလ်သည် ကမ္ဘာ့တက္ကသိုလ်များ၏ အဆင့် ၁၀ နေရာသို့ ရောက်ရှိလာခဲ့ပြီး ဟောင်ကောင်တက္ကသိုလ်၊ ပေကျင်းတက္ကသိုလ်၊ ဖူတန်တက္ကသိုလ်၊ ကျဲ့ကျန်းတက္ကသိုလ်နှင့် ရှန်ဟိုင်း တက္ကသိုလ်များသည် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ၅၀ စာရင်းတွင် ပါဝင်လာခဲ့သည်ဟု QS ကမ္ဘာ့ပညာရေးအဖွဲ့အစည်းက ထုတ်ပြန်ခဲ့သည်။
တရုတ်နိုင်ငံရှိ တက္ကသိုလ်များမှ အလွန်ထူးချွန်သည့် ကျောင်းသားများကို မွေးထုတ်ပေးခဲ့ပြီး ၎င်းတို့သည် နိုင်ငံတကာတွင် ယှဉ်ပြိုင်နိုင်သော စွမ်းရည်များ တိုးတက်လာခဲ့သည်။ တရုတ်နိုင်ငံတစ်ဝှမ်းတွင် အဆင့်မြင့်ပညာရေး တက္ကသိုလ်ပေါင်း ၂၀၀၀ ကျော်ရှိသည်။
ခေတ်သစ်တရုတ်နိုင်ငံကြီးကို စတင်ထုဆစ်ပေးခဲ့သူ တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်၏ “လူ့အဖွဲ့ အစည်းအနေအထားကို ပြောင်းလဲချင်ရင် ပညာရေးကနေ စလုပ်ရမယ်” ဆိုသည့်စကားအတိုင်း တရုတ်နိုင်ငံ၏ ပညာရေးသည် ကမ္ဘာ့ထိပ်တန်းသို့ တစ်ဆင့်ပြီးတစ်ဆင့် ရောက်ရှိလာခဲ့သည်။
တရုတ်နိုင်ငံမှ တက္ကသိုလ်ကောလိပ်ကျောင်းများတွင် ပညာသင်ယူသည့် နိုင်ငံတကာမှ ကျောင်းသားဦးရေသည် ၂၀၁၂ ခုနှစ်တွင် ၃၀ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၁ ခုနှစ်တွင် ၅၇ ဒသမ ၈ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့သည်။
တရုတ်နိုင်ငံသည် ၎င်း၏အဆင့်မြင့်ပညာရေးစနစ်တွင် သိသာထင်ရှားသော ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ထားပြီး တက္ကသိုလ်အသီးသီးတွင် နိုင်ငံတကာမှ လာရောက်သင်ယူသောကျောင်းသားများကို ပညာသင်ဆု အခွင့်အရေးများ ပေးလေ့ရှိသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တရုတ်တက္ကသိုလ်များ၌ နိုင်ငံတကာမှ လာရောက်ပညာသင်ကြားသော ကျောင်းသားများအကြား ပညာသင်ဆုများ ချီးမြှင့်ပေးအပ်သည့် နိုင်ငံများထဲတွင် နီပေါနိုင်ငံမှလည်း ကျောင်းသား/ သူ စုစုပေါင်း ၇၁ ဦး ရရှိခဲ့ကြသည်။
ဖွံ့ဖြိုးဆဲနိုင်ငံများမှ ကျောင်းသား/သူများသည် တရုတ်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ဆုများ ဦးစားပေးလျှောက်ထားခွင့်ပေးထားသည်။ တရုတ်နိုင်ငံရှိ တက္ကသိုလ်များတွင် ပေးအပ်သော ပညာသင်ဆု အမျိုးအစားများစွာရှိသည်။ တရုတ် ပညာသင်ဆုကောင်စီ(CSC) ပညာသင်ဆု၊ Jiangsu အစိုးရပညာသင်ဆု၊ Hubei ပညာသင်ဆု ၊ အာဆီယံကျောင်း သားများအတွက် Guanxi အစိုးရပညာသင်ဆု၊ ကွန်ဖြူးရှပ် တက္ကသိုလ် ပညာသင်ဆု၊ ဇီဝ ဆေးသိပ္ပံပညာသင်ဆု စသည့် ပညာသင်ဆုများက နိုင်ငံတကာမှ ကျောင်းသားများအတွက် အခွင့်အရေးတစ်ခု ဖြစ်သည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များအကြား နားလည်မှုစာချွန်လွှာ ၂၅ စောင် လက်မှတ်ရေးထိုးထားပြီး ၂၀၁၃ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း မြန်မာတက္ကသိုလ်ကျောင်းသားနှင့် ဆရာစုစုပေါင်း ၅၇၀၃ ဦးသည် တရုတ်နိုင်ငံရှိ တက္ကသိုလ်များတွင် ပညာသင်ယူခွင့် ရရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသွားရောက်သင်ကြားမည်ဆိုလျှင် သွားရောက်မည့်နိုင်ငံ၏ ဗီဇာလုပ်ငန်းစဉ်စာရွက်စာတမ်း၊ တက်ရောက်မည့်တက္ကသိုလ်၏ ဘာသာစကားနှင့် ပညာသင်ကြားမှုပုံစံ၊ နေရာထိုင်ခင်းနှင့်ကုန်ကျ စရိတ်များ၊ လူနေမှုဘဝ၊ ရာသီဥတု၊ အစားအစာ၊ ခရီးသွားကန့်သတ်ချက်၊ ယဉ်ကျေးမှုဓလေ့၊ အစရှိသည်တို့ကို မသွားရောက်ခင်ကတည်းက လေ့လာထားရမည် ဖြစ် သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များအတွက် ဒီပလိုမာဘွဲ့များပေးသည့် ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်များ ဖွင့်လှစ်သင်ကြားလျက်ရှိသည်။ ပြည်တွင်းမှာ ဖွင့်လှစ်သည့် ပုဂ္ဂလိက တက္ကသိုလ်၊ ကောလိပ်များမှ သင်ကြားရရှိသည့် ဒီပလိုမာဘွဲ့များကို သွားရောက်သင်ယူမည့် သက်ဆိုင်ရာ နိုင်ငံကတက္ကသိုလ်တွင် အသိအမှတ်မပြုခြင်းနှင့် အကန့်အသတ်ရှိသည့် ဖြစ်စဉ်မျိုး တစ်ခါတရံ ကြားရသည်။
ယခုကဲ့သို့ နည်းပညာတိုးတက်လာသောခေတ်တွင် ဝက်ဆိုဒ်များမှတစ်ဆင့် အလွယ်တကူ ရှာဖွေလေ့လာနိုင်သဖြင့် အဆန်းတကြယ် မဟုတ်တော့သော်လည်း နိုင်ငံခြားတက္ကသိုလ်တွင် ဝင်ခွင့်ရရန် ပြည်တွင်း၌ မိမိတို့ တက်ရောက်ထားသည့် ဒီပလိုမာဘွဲ့များသည် နိုင်ငံခြားတက္ကသိုလ်များက အသိအမှတ်ပြု၊ မပြု ဆိုသည့် အချက်က အဓိက စိစစ်ရမည့်အချက်ဖြစ်ပါသည်။
ကမ္ဘာ့အဆင့်မြင့်ပညာရေးများသည် လျင်မြန်စွာပြောင်းလဲနေသောဖြစ်စဉ် တစ်ခုဖြစ်နေသည့်အတွက် မြန်မာနိုင်ငံမှ နိုင်ငံတကာကျောင်းများကို လက်လှမ်းမှီစွာသင်ကြားပေးနိုင်စေရန် မိဘများနှင့် ကျောင်းသားသည် ကမ္ဘာအရပ်ရပ်သို့ နားမျက်စိများစွာ ဖွင့်ထားနေရပြီဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာဦးဆောင်မှုတွင် ပါဝင်လာသော တရုတ်နိုင်ငံသည် AI , E-commerce အစရှိသည့် နည်းပညာနယ်ပယ်များတွင် ထင်ထင်ရှားရှားဖြစ်နေပါသည်။ တရုတ်နိုင်ငံသည် ဆန်းသစ်တီထွင်မှုနှင့် နည်းပညာဆိုင်ရာ ကမ္ဘာ့ဗဟိုချက်ဖြစ်လာသည်။ အင်ဂျင်နီယာ၊ သိပ္ပံနှင့်နည်းပညာစသည့် နယ်ပယ်များကို လေ့လာနေသည့် ကျောင်းသားများသည် နောက် ဆုံးပေါ် သုတေသနနှင့် လုပ်ငန်းဆိုင်ရာ ခေတ်ရေစီးကြောင်းများကို ထိတွေ့မှုမှ အကျိုးကျေးဇူးများ ရရှိလာကြသည်။
ဆယ်စုနှစ်များစွာကြာအောင် တရုတ်နိုင်ငံသည် ဩစတြေးလျ၊ အင်္ဂလန်၊ အမေရိကန်အစရှိသည့် နိုင်ငံများသို့ ၎င်းတို့နိုင်ငံမှ ပညာတော်သင်ကျောင်းသားများစွာ စေလွှတ်သည့် နိုင်ငံအဖြစ်ရှိခဲ့ပြီး နောက်ပိုင်းကာလများ၌ တရုတ်နိုင်ငံတွင် နိုင်ငံတကာမှကျောင်းသားများ လာရောက်သင်ကြားမှု အလျင်အမြန် တိုးတက်လာသော နိုင်ငံတစ်နိုင်ငံ ဖြစ်လာသည်။
ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှု ထိပ်ဆုံးကို ရောက်လာနေသည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား စီးပွားရေး အပြင် ပညာရေးဆိုင်ရာ ကူးလူးဖလှယ်မှု၊ ပူးပေါင်းမှုများပြုလုပ်နေသဖြင့် မြန်မာနိုင်ငံမှ နိုင်ငံတကာသို့ သွားရောက်ပညာသင်မည့် ကျောင်းသားများအတွက် တရုတ်တက္ကသိုလ်များသည် ရွေးချယ်စရာတစ်ခုအဖြစ် တိုးလာနေပါသည်။
 
အမွန်