【 ပြည်တွင်း 】အခြေခံစားသောက်ကုန်စျေးနှုန်းမြင့်မားမှုနဲ့အတူ ထမင်းဟင်းအပါအဝင် ပျံကျဆိုင်များ၌ စျေးနှုန်းများမြင့်လာ

【 ပြည်တွင်း 】အခြေခံစားသောက်ကုန်စျေးနှုန်းမြင့်မားမှုနဲ့အတူ ထမင်းဟင်းအပါအဝင် ပျံကျဆိုင်များ၌ စျေးနှုန်းများမြင့်လာ

ပြည်တွင်းမှာ ယခုအခါ အခြေခံစားသောက်ကုန်စျေးနှုန်းတွေ မြင့်မားလာသလို လမ်းဘေးမှာ ထမင်းဟင်းအပါအဝင် ပျံကျရောင်းချနေတဲ့ ဆိုင်တွေမှာပင် စျေးနှုန်းများမြင့်မားလာတယ်လို့ ရန်ကုန်မြို့ခံတွေဆီက သိရပါတယ်။

“အရင်တုန်းက ကြက်ဥ၊ ဘဲဥ ချဉ်ဟင်းနဲ့စားရင် ၈၀၀ ဝန်းကျင်ပဲ၊ ကြက်သား၊ ဝက်သားတွေနဲ့က ၁၀၀၀-၁၂၀၀ လောက်ပဲ ပေးရတာ၊ အခုက ကြက်ဥ၊ ဘဲဥအချဉ်ဟင်းနဲ့တောင် ၁၅၀၀-၁၈၀၀ လောက်ဖြစ်နေတယ်၊ ကျွန်တော်တို့ရွာမှာတောင် လူသိပ်မစားတဲ့ ငါးဟင်းမျိုးနဲ့ သွားစားမိပါတယ်၊ ၃၀၀၀ တဲ့ဗျာ၊ တော်တော်လေး အံ့ဩသွားမိတယ်”လို့လည်း နယ်ဒေသမှ ရန်ကုန်မြို့မှာ အလုပ်လာလုပ်နေသူတစ်ဦးက ပြောပြပါတယ်။

ထိုကဲ့သို့သော ပျံကျဆိုင်တွေမှာ ထမင်းတစ်ပွဲကို တစ်ခါပြင် ၁၂၀၀ မှ ၁၅၀၀ ကျပ် အနိမ့်ဆုံးဖြစ်နေပြီး အချို့ဆိုင်တွေမှာ ၂၀၀၀ ကျပ်မှ ၂၂၀၀ ကျပ်ကြားဝန်းကျင်ကို ရောက်ရှိနေတာဖြစ်သလို အရင်လို အရန်ဟင်းတစ်မျိုး၊ ဟင်းရည်နဲ့ ငါးပိတို့စရာ များကိုပင် စုံလင်အောင် ပြင်ဆင်ပေးနိုင်မှုမရှိတော့ဘဲရောင်းချလာတာကို တွေ့လာရပါတယ်။

ထိုလမ်းဘေးပျံကျဆိုင်တွေထဲက အထမ်းသည်တွေနဲ့ရောင်းတဲ့ မုန့်တီ၊ အသုပ်စုံ ဆိုင်တွေမှာဆိုရင် အရင်က မုန့်တီတစ်ပွဲ ၃၀၀ ကျပ်ဝန်းကျင်မှ ယခု ၆၀၀-၇၀၀ ကျပ်၊ အသုပ်တစ်ပွဲကို အရင်က ၄၀၀ ကျပ်မှ ယခု ၆၀၀ ကျပ်မှ ၈၀၀ ကျပ်ကြား ဖြစ်လာတယ်လို့ သိရပါတယ်။

“အခု စားတဲ့သူတွေက ထမင်းသုပ်ကို စားကြတာများတယ်၊ ထမင်းသုပ်က ၇၀၀ ပဲကျတာလေ၊ တချို့ကျတော့လည်း အသုပ်နဲ့ ထမင်းဖြူတစ်ပွဲမှာပြီးစားတယ်၊ ခေါက်ဆွဲသုပ်က ၆၀၀ နဲ့ ထမင်းဖြူက ၂၀၀ ဆိုတော့ ၈၀၀ ပဲကျတယ်လေ၊ အဲ့လိုတွေ ဝယ်စားလာတာများပါတယ်၊ စရိတ်ချုံ့လာတာထင်တယ်ဗျ”လို့လည်း ရန်ကုန်မြို့ မြို့လယ်ဧရိယာအတွင်း အထမ်းဖြင့် ပျံကျ စျေးရောင်းနေသူတစ်ဦးက ပြောပြပါတယ်။

ဒါ့အပြင် ထမင်းဆိုင်၊ စားသောက်ဆိုင်ကြီးတွေမှာ ယခုနောက်ပိုင်း အရင်လိုမရောင်းရတော့ဘဲ ရောင်းအားကျဆင်းလာတာကြောင့် အခက်အခဲများလည်း ဖြစ်လာတယ်လို့ ဆိုင်ပိုင်ရှင်တွေက ပြောဆိုကြပါတယ်။

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်အတွင်း ထမင်းဆိုင်ဖွင့်ထားသူတစ်ဦးက “ဒီရက်ပိုင်းထဲ စားတဲ့သူ တော်တော်လေး ပြန်ပါးသွားပါတယ်၊ ဘာလို့လဲတော့မသိဘူး၊ ရောင်းမကုန်တော့ ဟင်းတွေကျန်တယ်၊ ပြန်နွေးထားပြီး နောက်နေ့ထပ်ရောင်း ထပ်ရောင်းနဲ့ ကြာတော့ ဟင်းတွေလည်းပျက်စီးဆုံးရှုံးတာပေါ့၊ အခုနောက်ပိုင်းတော့ ဟင်းအမယ်အများကြီးသိပ်မလုပ် တော့ဘူး၊ နှစ်မျိုး၊ သုံးမျိုးလောက်ပဲ လုပ်တော့တယ်” လို့လည်း ပြောပြခဲ့ပါတယ်။

ရန်ကုန်၊ ဩဂုတ် ၁၃