【 အလှအပနှင့် ကျန်းမာ‌ရေး 】 ဆီးချိုရှိတယ် မျက်စိကြည့်ရတာလည်း ဝါးလာတယ်ဆို ဘာဆက်လုပ်သင့်သလဲ ?

【 အလှအပနှင့် ကျန်းမာ‌ရေး 】 ဆီးချိုရှိတယ် မျက်စိကြည့်ရတာလည်း ဝါးလာတယ်ဆို ဘာဆက်လုပ်သင့်သလဲ ?

ဆီးချိုကြောင့်ဖြစ်သော မျက်စိအမြင်အာရုံ ချို့ယွင်းခြင်း

ဆီးချိုရောဂါရှိသူတွေဟာ သွေးတွင်းသကြားဓါတ်ကို မထိန်းနိုင်တဲ့အခါ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေ ဖြစ်စေပါတယ်။

ဆီးချိုကြောင့် အမြင်အာရုံ ချို့ယွင်းခြင်းဟာ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတစ်ခုဖြစ်ပြီး မျက်စိအတွင်းပိုင်းက အမြင်လွှာကို ထိခိုက်ခြင်းကြောင့်ဖြစ်ပါတယ်။

ဆီးချိုကြောင့် အမြင်အာရုံ ချို့ယွင်းခြင်းကို သေချာမကုသဘူးဆိုရင်တော့ လုံးဝအမြင်အာရုံပျက်စီးပြီး မျက်စိအမြင် ဆုံးရှုံးသွားနိုင်ပါတယ်။ဒါကြောင့် ဆီးချိုရောဂါရှိသူတွေအနေနဲ့ မျက်စိအမြင်အာရုံ ချို့ယွင်းခြင်းအကြောင်း သိထားဖို့ လိုအပ်ပါတယ်။

ဆီးချိုကြောင့် အမြင်အာရုံ ချို့ယွင်းတဲ့အခါ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့

-    မျက်စိကြည့်ရာတွင် မြင်ကွင်းဝေဝါးခြင်း
-    ပုံရိပ်များကို ကောင်းစွာမမြင်ရခြင်း
-    အမြင်အာရုံတွင် အရောင်များကို ဖျော့၍ မြင်ရခြင်း/အရောင်များကို ကောင်းစွာမခွဲနိုင်ခြင်း
-    ညအချိန်တွင် ကောင်းစွာ မမြင်ရခြင်း
-    မျက်စိရှေ့တွင် အမည်းရောင် အစက်၊ အကွက်၊ အမျှင်များ မြင်ရခြင်း
-    စာဖတ်ရာတွင်၊ အဝေးကြည့်ရာတွင် ကောင်းစွာမမြင်ရခြင်း
-    လုံးဝအမြင်အာရုံဆုံးရှုံးခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

ဆီးချိုကြောင့် အမြင်အာရုံ ချို့ယွင်းခြင်း ဖြစ်နိုင်ခြေများသူတွေကတော့

-    ဆီးချိုရောဂါဖြစ်သော သက်တမ်းကြာသူများ
-    ဆီးချိုရောဂါ မထိန်းနိုင်သူများ
-    ဆီးချိုရောဂါအပြင် သွေးတိုးရောဂါ၊ သွေးတွင်းအဆီဓါတ်များခြင်း စတဲ့ ရောဂါရှိသူများ
-    ဆေးလိပ်သောက်သူများ
-    ဆီးချိုရောဂါရှိသော ကိုယ်ဝန်ဆောင်မိခင်များ စတဲ့သူတွေမှာ ဖြစ်နိုင်ခြေပိုများပါတယ်။

ဆီးချိုကြောင့် အမြင်အာရုံ ချို့ယွင်းခြင်းကို ကုသနိုင်တဲ့ နည်းလမ်းတွေကတော့ ရောဂါအခြေအနေပေါ် မူတည်ပြီး မပြင်းထန်တဲ့သူတွေမှာတော့ ပုံမှန်မျက်စိစမ်းသပ်မှုပြုလုပ်ပြီး စစ်ဆေးနေဖို့ လိုပါတယ်။

ရောဂါအခြေအနေ ပြင်းထန်တဲ့သူတွေမှာတော့ -

    - မျက်လုံးအတွင်း ဆေးထိုး၍ ကုသခြင်း
    - ခွဲစိတ်ကုသခြင်း
    - လေဆာဖြင့်ကုသခြင်း စတဲ့ နည်းလမ်းများနဲ့ ကုသနိုင်ပါတယ်။

ဆီးချိုကြောင့်ဖြစ်တဲ့ အမြင်အာရုံ ချို့ယွင်းမှုကို မကုသဘဲ ထားပါက ကြုံတွေ့နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့

-    မျက်စိအခန်းအတွင်း သွေးထွက်ခြင်း
-    မျက်စိအမြင်လွှာကွာခြင်း
-    ရေတိမ်ဖြစ်ခြင်း
-    မျက်စိအမြင်အာရုံ ဆုံးရှုံးခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။

ဆီးချိုကြောင့် အမြင်အာရုံချို့ယွင်းခြင်း မဖြစ်အောင် လိုက်နာသင့်တဲ့ အချက်တွေကတော့

-    သွေးတွင်းသကြားဓါတ်ကို ပုံမှန်ပမာဏအတွင်းရှိနေအောင် ထိန်းသိမ်းပါ။
-    မိမိရဲ့ ဆီးချိုအခြေအနေကို ဆရာဝန်နဲ့ ပုံမှန်ပြသစစ်ဆေးနေဖို့ လိုပါတယ်။
-    ဆီးချိုရောဂါရှိသူတွေအနေနဲ့ မျက်စိစမ်းသပ် စစ်ဆေးမှုကို ပုံမှန်ပြုလုပ်ပါ။
-    မျက်စိအမြင်အာရုံ ချို့ယွင်းတယ်လို့ ထင်ရတဲ့ လက္ခဏာတွေ ခံစားရရင်တော့ အမြန်ဆုံး မျက်စိဆရာဝန်ထံ သွားရောက်ပြသပါ။
-    ဆေးလိပ်သောက်ပါက ဆေးလိပ်ဖြတ်ပါ။
-    ဆီးချိုရောဂါအပြင် အခြားသော သွေးတိုး၊ နှလုံး၊ သွေးတွင်းအဆီများခြင်း စတဲ့ ရောဂါတွေရှိပါက ရောဂါကို ပုံမှန်စစ်ဆေးပြီး ကုသမှုခံယူပါ။

Dr.Phyu