【 အလှအပနှင့် ကျန်းမာရေး 】 အခုလိုပူပြင်းတဲ့ ရာသီဥတုမှာ ခန္ဓာကိုယ်မှာ အဖုလေးတွေထွက်ပြီး ယားနေတာ ဘာကြောင့်လဲ ?

【 အလှအပနှင့် ကျန်းမာရေး 】 အခုလိုပူပြင်းတဲ့ ရာသီဥတုမှာ ခန္ဓာကိုယ်မှာ အဖုလေးတွေထွက်ပြီး ယားနေတာ ဘာကြောင့်လဲ ?

         ရာသီဥတုပူခြင်းကြောင့် မိတ်ဖုများထွက်ခြင်း

ရာသီဥတုက အရမ်းပူရတဲ့အထဲ ခန္ဓာကိုယ်မှာ အယားဖုလေးတွေ ထွက်လာတဲ့အခါ ဝဲပေါက်တာလား၊ ယားနာလားဆိုပြီး စိုးရိမ်ကြပါတယ်။

ရာသီဥတုပူတဲ့အခါ ထွက်လာတဲ့ မိတ်ဖုလေးတွေဟာ လူကြီး၊ လူငယ် အရွယ်မရွေး ဖြစ်ပွားနိုင်ပါတယ်။အထူးသဖြင် ချွေးထွက်များသူတွေမှာ တွေ့ရများပါတယ်။

          ဘာကြောင့် ပူတဲ့အချိန်မှာ မိတ်ဖုလေးတွေ ထွက်လာတာလဲ ?

ကျွန်မတို့ ခန္ဓာကိုယ် အရေပြားမှာ ချွေးထုတ်ပေးတဲ့ ဂလန်း (Sweat Gland) လေးတွေရှိပါတယ်။ဒီချွေးထုတ်ပေးတဲ့ လမ်းကြောင်းလေး ပိတ်သွားတဲ့အခါ ချွေးတွေက အရေပြားအောက်ထဲမှာ အောင်းနေပြီး အရေပြား ယားယံစေကာ အယားဖုလေးတွေ ထွက်လာစေပါတယ်။ဒါကို မိတ်ပေါက်တယ်လို့ ခေါ်ပါတယ်။

          မိတ်ဖုလေးတွေက ဘယ်နေရာတွေမှာ အဖြစ်များပါသလဲ ?

- အရေးပြားချိုင့်လိုဖြစ်နေတဲ့ နေရာတွေဖြစ်တဲ့
- လက်ဖျံကြား၊ ချိုင်းအောက်၊ လည်ပင်းကြား၊ ပေါင်ခြံ
- လက်၊ ခြေထောက်
- ကျောပြင်
- ရင်ဘတ် စတဲ့ နေရာတွေမှာ အ‌ဖြစ်များပါတယ်။

          မိတ်ဖုထွက်တဲ့အခါ ဘယ်လိုလက္ခဏာတွေ ခံစားရသလဲ ?

- အရေပြားတွင် အနီရောင်အဖုများ ထွက်ခြင်း
- အရေပြား‌တွင် စူးပြီး ယားခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

          အရေပြားမှာ မိတ်ဖုလေးတွေ ထွက်တဲ့အခါ ဘယ်လိုကုသမလဲ ?

- အရေပြားကို အေး၍ ခြောက်သွေ့အောင် ထားပါ။
- အရေပြားကို ရေအေးဝတ်ကပ်ခြင်း ပြုလုပ်နိုင်ပါတယ်။
- ယားယံခြင်းကို သက်သာစေရန် Calamine Lotion လိမ်းနိုင်ပါတယ်။
- ပွပွချောင်ချောင် ချည်ထည်အင်္ကျီများကို ဝတ်ဆင်ပါ။
- ကလေးငယ်များကို ထူလွန်းသော စောင်များ၊ အဝတ်ထည်များ ပတ်ထားခြင်းကို ရှောင်ကြဉ်ပါ။
- ဆီများလွန်းသော အရေပြားလိမ်း‌ဆေးကရင်(မ်)၊ အလှကုန်ပစ္စည်းများ အသုံးပြုခြင်းဟာ ချွေးပေါက်ပိတ်ဆို့စေနိုင်တာဖြစ်လို့ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။
- ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုကို ရှောင်ကြဉ်ပါ။
- လေဝင်လေထွက်ကောင်းသော၊ အေးသော၊ အရိပ်ရသော နေရာများတွင် နေထိုင်ပါ။
- ရေဓာတ် မခမ်းခြောက်စေရန် ဂရုပြုပါ။ (ချွေးထွက်များပါက ဓာတ်ဆားရည်သောက်ပါ။)

မိတ်ဖုကနေ အရေပြားပိုးဝင်ခြင်းဖြစ်ရင်တော့
- အနီဖုနေရာတွင် ပြည်တည်ခြင်း
- မိတ်ဖုမှ အရည်၊ ပြည်များ ထွက်ခြင်း
- အရေပြားနာကျင်၊‌ ရောင်ရမ်းခြင်း
- ကိုယ်အပူချိန်တက်ခြင်း စတဲ့ လက္ခဏာတွေ ခံစားရရင်တော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသဖို့ လိုပါတယ်။

Dr.Phyu
Photo Credit – Healthily