【 အလှအပနှင့် ကျန်းမာရေး 】 စိတ်ဖိစီးမှုများတာ ရောဂါတစ်ခုလား ?

【 အလှအပနှင့် ကျန်းမာရေး 】 စိတ်ဖိစီးမှုများတာ ရောဂါတစ်ခုလား ?

လူတိုင်းမှာ လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး၊ မိသားစုရေး၊ ပညာရေး၊ ကျန်းမာရေး စသဖြင့် ကိစ္စအမျိုးမျိုးအတွက် စိုးရိမ်ပူပန်မှုကိုယ်စီရှိကြပါတယ်။

လူတစ်ဦးနဲ့တစ်ဦး စိတ်ခံစားချက်၊ ခံနိုင်ရည်၊ တုံ့ပြန်ပုံတွေ မတူညီကြပါဘူး။ဒါကြောင့် စိတ်ဖိစီးမှုကို ခံစားရတာဟာ လူတစ်ယောက်နဲ့ တစ်ယောက် မတူညီနိုင်ပါဘူး။

စိတ်ဖိစီးမှုတွေများလာတဲ့အခါ နောက်ဆက်တွဲအနေနဲ့ စိတ်ကျန်းမာရေးသာမက လူ့ခန္ဓာကိုယ် ကျန်းမာရေးကိုပါ ထိခိုက်စေပါတယ်။ဒါကြောင့် စိတ်ဖိစီးမှုများခြင်းအကြောင်းကို နားလည်ထားပြီး စိတ်ဖိစီးမှုကို ဖြေလျှော့နိုင်ဖို့ အရေးကြီးပါတယ်။

စိတ်ဖိစီးမှုများတဲ့အခါ ခံစားရနိုင်တဲ့ လက္ခဏာတွေကတော့ ...

-    ရင်ဘတ်အောင့်ခြင်း
-    ရင်တုန်ခြင်း၊ နှလုံးခုန်နှုန်းမြန်ခြင်း
-    သွေးပေါင်ချိန်တက်ခြင်း
-    အစားအသောက်ပျက်ခြင်း
-    ပင်ပန်းနွမ်းနယ်၊ အားအင်ချိနဲ့ခြင်း
-    ချွေးထွက်ခြင်း
-    အိပ်မပျော်ခြင်း
-    ခန္ဓာကိုယ်လေးလံကိုက်ခဲခြင်း
-    ခေါင်းကိုက်ခြင်း
-    ခေါင်းမူးခြင်း
-    အစာမကြေ ရင်ပြည့်ရင်ကယ် ခံစားရခြင်း
-    စိတ်ဆိုး‌ဒေါသထွက်လွယ်ခြင်း
-    ဝမ်းနည်းလွယ်ခြင်း
-    မိမိကိုယ်ကို ယုံကြည်မှုကျဆင်းခြင်း စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

           စိတ်ဖိစီးမှုများခြင်းကို ဘယ်လိုဖြေလျှော့ကြမလဲ ?

၁။ လေ့ကျင့်ခန်းလုပ်ပါ။
-    လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ စက်ဘီးစီးခြင်း စသဖြင့် ဝါသနာပါရာ အားကစား၊ ကိုယ်လက်လှုပ်ရှားမှုတစ်ခုခုကို ပြုလုပ်ပါ။
၂။ တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ယောဂလေ့ကျင့်ခန်းများပြုလုပ်ခြင်း စတဲ့ စိတ်ကိုတည်ငြိမ်စေမယ့် နည်းတစ်ခုခုကို ပုံမှန်ပြုလုပ်ပါ။
၃။ မိသားစု၊ သူငယ်ချင်း၊ မိတ်တွေ အပေါင်းအသင်းများနဲ့ မကြာခဏတွေ့ဆုံပြီး စိတ်ဖိစီးမှုများကို
ပြေပျောက်စေဖို့ မိမိရဲ့စိတ်ခံစားချက်များကို ဖွင့်ဟတိုင်ပင် ဆွေးနွေးပါ။
၄။ ဟာသဇာတ်လမ်း၊ ရုပ်ရှင်၊ စာအုပ် စသဖြင့် စိတ်ပျော်ရွှင်စေနိုင်သော အရာများကို ကြည့်ရှုပါ။
၅။ အိပ်ရေးဝဝအိပ်ပါ။
၆။ ကျန်းမာရေးနဲ့ ညီညွတ်သော အစားအစာများကို စားသုံးပါ။
၇။ မိမိရဲ့စိတ်ခံစားချက်များကို ဒိုင်ယာရီစာအုပ်တွင် ရေးသားခြင်း ပြုလုပ်နိုင်ပါတယ်။
၈။ သီချင်းနားထောင်ခြင်း၊ စာအုပ်ဖတ်ခြင်း၊ အပင်စိုက်ခြင်း စသဖြင့် မိမိဝါသနာပါရာ တစ်ခုခုကို ပြုလုပ်ပါ။
၉။ အကောင်းမြင်စိတ် မွေးမြူပါ။
၁၀။ မိမိရဲ့စိတ်ဖိစီးမှုကို မဖြေလျှော့နိုင်ဘူးလို့ ခံစားရရင်တော့ တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

စိတ်ဖိစီးမှုများခြင်းကို မဖြေလျှော့နိုင်ရင်တော့ နောက်ဆက်တွဲအနေနဲ့

-    စိတ်ကျရောဂါ
-    နှလုံးရောဂါ
-    လေဖြတ်ခြင်း
-    အဝလွန်ရောဂါ
-    အစာအိမ်ရောင်ရမ်းခြင်း
-    အရေပြားရောဂါများဖြစ်ခြင်း
-    လိင်မှုကိစ္စများတွင် စွမ်းဆောင်ရည်ကျဆင်းခြင်း
-    အရက်အလွန်အကျွံသောက်သုံးခြင်း
-    မူးယစ်ဆေးဝါးများသုံးစွဲခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ခံစားရနိုင်ပြီး ကျန်းမာရေးထိခိုက်နိုင်ပါတယ်။

ဒါကြောင့် မိမိမှာ စိတ်ဖိစီးမှု ခံစားနေရတယ်ဆိုရင်တော့ မိသားစု၊‌ ဆွေမျိုး၊ မိတ်ဆွေအပေါင်းအသင်းများနှင့် ပတ်ဝန်းကျင်ထံမှ အကူအညီရယူပါ။တတ်ကျွမ်းနားလည်တဲ့ စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကုသမှုခံယူဖို့ တိုက်တွန်းလိုပါတယ်။

Dr.Phyu
Photo Credit - freepik