【 နည်းပညာ 】 မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ကြီးမားတဲ့ ကဏန်းရုပ်ကြွင်းကို နယူးဇီလန်တွင် ရှာဖွေတွေ့ရှိ

【 နည်းပညာ 】 မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ကြီးမားတဲ့ ကဏန်းရုပ်ကြွင်းကို နယူးဇီလန်တွင် ရှာဖွေတွေ့ရှိ

ဝယ်လန်တန်၊ မတ် - ၁၇
 
ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းတွေကို လိုက်လံရှာဖွေသူတစ်ဦးဟာ နယူးဇီလန်နိုင်ငံမှာ ကမ္ဘာပေါ်က မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်တဲ့ ကြီးမားတဲ့ ကဏန်းရုပ်ကြွင်းတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ သတင်းအရ သိရပါတယ်။
 
လွန်ခဲ့တဲ့ ၂၀၀၈ ခုနှစ်တုန်းက နယူးဇီလန်နိုင်ငံ၊ တာရာနာကီဒေသမှာ Karl Raubenheimer အမည်ရ အပျော်တမ်း ရှေးဟောင်းကျောက်ဖြစ်ရုပ်ကြွင်းတွေ ရှာဖွေသူတစ်ဦးက အဆိုပါကဏန်းရုပ်ကြွင်းကို ရှာဖွေတွေ့ ရှိခဲ့တာဖြစ်ပါတယ်။
 
ထို့နောက် ၁၀ နှစ်အကြာမှာလည်း Raubenheimer ဟာ ကမ်းရိုးတန်းအနီးမှာပဲ နောက်ထပ် ကြီးမားတဲ့ ကဏန်းရုပ်ကြွင်းတစ်ခုကို ထပ်မံရှာဖွေတွေ့ရှိခဲ့ပြီး၊ ၎င်းရုပ်ကြွင်းနှစ်ခုလုံးကို နယူးဇီလန်နိုင်ငံရှိ ပြတိုက်တစ်ခုသို့ လှူဒါန်းခဲ့ပါတယ်။
 
ရုပ်ကြွင်းဗေဒပညာရှင်တွေနဲ့ သုတေသီတွေဟာ Karl Raubenheimer လှူဒါန်းထားတဲ့ ကဏန်းရုပ် ကြွင်းနှစ်ခုကို အချိန်အတော်ကြာ လေ့လာမှုတွေပြုလုပ်ခဲ့ပြီးနောက် ယခုအခါမှာတော့ တွေ့ရှိထားတဲ့ ကဏန်းရုပ်ကြွင်းတွေဟာ ကမ္ဘာပေါ်က မျိုးသုဉ်းပျောက်ကွယ်သွားပြီဖြစ်ပြီး၊ ယခင်မတွေ့ရှိခဲ့ဖူးသေးတဲ့ ကဏန်းမျိုးစိတ်သစ်တွေဖြစ်တယ်လို့ ကောက်ချက်ချ ဖော်ပြခဲ့ကြပါတယ်။
 
“ဒီရုပ်ကြွင်းတွေက အတော်စိတ်ဝင်စားဖို့ကောင်းပြီး ရှာဖွေတွေ့ရှိခဲ့ဖူးသမျှထဲ အကြီးဆုံး ကဏန်းရုပ်ကြွင်းတွေဖြစ်ပါတယ်” လို့ နယ်သာလန်နိုင်ငံ၊ အုထရက်ချ်တက္ကသိုလ်မှ ရုပ်ကြွင်းဗေဒပညာရှင် Barry W. M. van Bakel က ပြောကြားခဲ့ပါတယ်။
 
ကဏန်းမျိုးစိတ်သစ် ရှာဖွေတွေ့ရှိသူရဲ့ အမည်ပါဝင်တဲ့ Pseudocarcinus karlraubenheimeri လို့ အဆိုပါကဏန်းရုပ်ကြွင်းကို သုတေသီတွေက အမည်ပေးခဲ့ပြီး၊ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈.၈ သန်းခန့်က ကမ္ဘာပေါ်မှာ ရှင်သန်နေထိုင်ကျက်စားခဲ့တာဖြစ်နိုင်တယ်လို့ ယူဆခဲ့ကြပါတယ်။ထို့အပြင် အဆိုပါကဏန်းကြီးတွေဟာ မီတာရာပေါင်းများစွာနက်တဲ့ ရေအောက်ကြမ်းပြင်မှာ နေထိုင်ကျက်စားပြီး၊ ရှေးဟောင်းဖျံတွေ၊ လင်းပိုင်တွေနဲ့ ဝေလငါးတွေအတွက် အစာရင်းမြစ်ဖြစ်ခဲ့တယ်လို့လည်း သုတေသီတွေက ဆိုပါတယ်။
 
ကြီးမားတဲ့ ကဏန်းကြီးတွေဟာ ရေအောက်မီးတောင် ပေါက်ကွဲခဲ့ရာကနေ မျိုးသုဉ်းသွားတာဖြစ်နိုင်တယ်လို့ သုတေသီတွေ ကောက်ချက်ချပြီး၊ P. karlraubenheimeri မျိုးသုဉ်းသွားပေမယ့် ၎င်းမျိုးစိတ်ရဲ့ သားစဉ်မြေးဆက်လို့ဆိုရမယ့် ကြီးမားတဲ့ ကဏန်းမျိုးစိတ်တွေဟာ ကမ္ဘာပေါ်မှာ ဆက်လက်ရှင်သန်နေသေးတယ်လို့ သုတေသီတွေ ပြောပါတယ်။
 
ထို့အပြင် ယနေ့ခေတ် ကဏန်းကြီးတွေဟာ P. karlraubenheimeri မျိုးစိတ်ထက်တောင် ပိုမိုကြီးမားတဲ့ အရွယ်အစားတွေရှိနေပြီး၊ လူသားကလေးငယ် အရွယ်အစားထက်တောင် အလေးချိန်ပိုလေးနိုင်တယ်လို့ သုတေသီတွေက ဆိုပါတယ်။
 
Damien
Ref - Smithsonianmag