【 နိုင်ငံတကာဆောင်းပါး 】 ဂျပန် နျူကလီးယားညစ်ညမ်းရေ ထုတ်လွှတ်မှု၏ သက်ရောက်မှု

【 နိုင်ငံတကာဆောင်းပါး 】 ဂျပန် နျူကလီးယားညစ်ညမ်းရေ ထုတ်လွှတ်မှု၏ သက်ရောက်မှု

ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံမှ ညစ်ညမ်းရေများ ပင်လယ်ထဲဖောက်ချမှု၏ ဂယက်သည် ယခုအခါ နိုင်ငံတကာပြဿနာအဖြစ် ပြင်းထန်လာနေပြီဖြစ်သည်။
 
ဩဂုတ် ၂၅ ရက်က ကျင်းပသည့် ကုလသမဂ္ဂနှင့် ပစိဖိတ်ကျွန်းစုများဖိုရမ်၏ ပူးပေါင်းဆောင်ရွက်ရေး အဆိုပြုချက်ဆိုင်ရာ ဆွေးနွေးပွဲတွင် တရုတ် အမြဲတမ်း ဒု-ကိုယ်စားလှယ် ကိန်းစွမ်က နိုင်ငံတကာအသိုင်းအဝိုင်းအနေနှင့် ဂျပန်အစိုးရအား မှားယွင်းသော ဆုံးဖြတ်ချက်ကို ပြုပြင်ပြီး နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲစွန့်ပစ်ခြင်းကို ချက်ချင်းရပ်တန့်ရန် အတူတကွတိုက်တွန်းဖို့ တရုတ်က တောင်းဆိုကြောင်း ပြောခဲ့သည်။
 
ကိန်းစွမ်က ပင်လယ်သမုဒ္ဒရာသည် လူသားတစ်ရပ်လုံး၏ ဘုံပိုင်ဆိုင်မှုဖြစ်ပြီး၊ ဂျပန်၏ နျူကလီးယားညစ်ညမ်းရေကို ပင်လယ်ထဲသို့ စွန့်ပစ်ရန် တစ်ဖက်သတ်ဆုံးဖြတ်ချက်သည် အများပြည်သူ၏ အကျိုးစီးပွားများကို လျစ်လျူရှုပြီး နျူကလီးယားညစ်ညမ်းမှု အန္တရာယ်များကို ကမ္ဘာသို့ လွှဲချခြင်းဖြစ်ကြောင်း ဆိုခဲ့သည်။
 
ပင်လယ်ရေထဲ နျူကလီယားဓာတ်သတ္တုကြွများပါဝင်သော ညစ်ညမ်းရေထုတ်လွှတ်ချမှုသည် အဆိုပါဒေသတွင်းသာမက ထိစပ်နေသော နိုင်ငံများနှင့် ဒေသများအထိ အကျိုးသက်ရောက်နိုင်မှုက မှန်းဆမရနိုင်သေးသည့် ဘေးဆိုးအခြေအနေဖြစ်သည်။ယခုအချိန်တွင် မြင်နေရသည့် စီးပွားရေးအရ ထိခိုက်မှုတွင်ပင် အကျိုးသက်ရောက်မှုက ကြီးမားလှသည်။
 
ပင်လယ်ထဲ နျူကလီးယားညစ်ညမ်းရေ စတင်ဖောက်ချသည့် ဩဂုတ်၂၄ ရက်တွင် ဂျပန်မှ ရေထွက်ကုန်ပစ္စည်းများ တင်သွင်းမှုကို ဘက်စုံယာယီရပ်တန့်မည်ဟု တရုတ်ဘက်က ထုတ်ပြန်ခဲ့သည်။ထိုထုတ်ပြန်ချက်တွင် ဂျပန် ဖူကူရှီးမား နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ပစ်ခြင်းကြောင့် အစားအစာ အပေါ်ဖြစ်စေမည့် ဓာတ်ရောင်ခြည်ညစ်ညမ်းမှု အန္တရာယ်ကို ဘက်စုံကာကွယ်ရန်၊ တရုတ်စား သုံးသူများ၏ ကျန်းမာရေးကို ကာကွယ်ရန်နှင့် အစားအစာသွင်းကုန်များ၏ ဘေးကင်းလုံခြုံမှု အာမခံပေးနိုင်ရန်အတွက် ဆိုသည်။ထိုတားမြစ်ချက်သည် ၂၀၂၃ ခုနှစ် သြဂုတ်လ ၂၄ ရက်နေ့မှစ၍ ဂျပန်က မူလထုတ်လုပ်ဒေသဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများ တင်သွင်းမှုကို ဘက်စုံ ယာယီရပ်တန့်မည်ဟု ဖော်ပြခဲ့ပြီး တားမြစ်ရက် ကုန်ဆုံးမည်နေ့ကို မဖော်ပြထားပေ။
 
တရုတ်နည်းတူ တောင်ကိုရီးယားကလည်း ယခင်ကတားမြစ်ထားသည့် ဖူကူရှီးမားအပါအဝင် ဂျပန်နိုင်ငံရှိ ခရိုင် ၈ ခရိုင်မှ ရေထွက်ကုန်များနှင့် ခရိုင် ၁၅ ခရိုင်မှ လယ်ယာထွက်ကုန်ပစ္စည်း ၂၇ မျိုးအပေါ် တင်သွင်းခွင့် တားမြစ်မှုကို ဆက်လက်ထားရှိမည်ဟု ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။သို့ဖြစ်ရာ နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲဖောက်ချခြင်းကြောင့် ဖြစ်လာသည့် အကျိုးဆက်ကြောင့် ဂျပန်နိုင်ငံ၏ ရေထွက်ကုန်လုပ်ငန်းများမှာ ထိခိုက်မှုမှာ ပြင်းထန်လှသည်။ရေရှည်တွင် လူဦးရေတစ်ဘီလျံခွဲရှိသည့် ဒေ သတွင်း ကြီးမားသည့် စျေးကွက်ကို လက်လွတ်ဆုံးရှုံးရနိုင်သည်အထိ ဖြစ်လာနိုင်သလို အဆိုပါထိစပ်သည့် နိုင်ငံများအတွက်လည်း ရေထွက်ကုန်နှင့်ပတ်သက်သည့် လုပ်ငန်းမှန်သမျှ စွန့်ပစ်ရနိုင်သည်အထိ ဖြစ်လာနိုင်သည်။  
 
လတ်တလောတွင် ရေဒီယိုဓာတ်သတ္တုကြွကာ ဘေးသင့်မည်ကို စိုးရိမ်သဖြင့် တောင်ကိုရီးယား နိုင်ငံ၏ ပင်လယ်စာဈေးအများအပြားတွင် ဝယ်သူမရှိဖြစ်ခဲ့ရသည်။ထိုသည်မှာ တောင်ကိုရီးယားငါးဖမ်းသူများ၏ အနာဂတ်အတွက် စိတ်ပူစရာပင်ဖြစ်သည်။
 
တရုတ်တွင်မူ ရေဒီယိုဓာတ်သတ္တုကြွမသင့်မီ ပင် လယ်စာကို နောက်ဆုံးစားခြင်းအဖြစ် စားကြမည့် တရုတ်စားသုံးသူများကြောင့် ဂျပန်ပင်လယ်စာရောင်းအား မြင့်တက်နေသည်ဟုဆိုရာ ထိုသည်က ပင်လယ်စာအလေးထားစားသည့် ထိုဒေသတွင် ပင်လယ်စာအလေးထားစားခြင်းကို စွန့်လွှတ်တော့မည်ဆိုသည့် လက္ခဏာပင်ဖြစ်လေသည်။
 
တွက်ချက်မှုများအရဆိုလျှင် နျူကလီးယားညစ်ညမ်းရေသည် ပင်လယ်ထဲစွန့်ထုတ်ပြီး ရက်ပေါင်း ၂၄၀ အကြာတွင် တရုတ်နိုင်ငံကမ်းရိုးတန်း ပင်လယ်ပြင်သို့ ရောက်ရှိမည်ဖြစ်ပြီး ရက်ပေါင်း ၁၂၀၀ အကြာတွင် မြောက်အမေရိကတိုက် ကမ်းရိုးတန်းသို့ရောက်ရှိကာ မြောက်ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးနီးပါးကို ဖုံးလွှမ်းသွားမည်ဖြစ်သည်။ထိုမတိုင်မီ စားသောက်ကြခြင်းဖြစ်သည်။
 
ကျွမ်းကျင်ပညာရှင်များရဲ့ ခန့်မှန်းချက်အရ နျူကလီးယားညစ်ညမ်းရေ တန်ချိန် ၁.၃ သန်းခန့်ကို ပင်လယ်ထဲထုတ်လွှတ်မှုသည် အနှစ် ၃၀ မှ ၅၀ အထိ အချိန်ကြာကြာစွန့်ပစ်ရမှာဖြစ်ရာ ထိုနျူကလီးယားညစ်ညမ်းရေသည် ၂၀၂၆ ခုနှစ် နိုဝင်ဘာလတွင် မြောက်အမေရိကပင်လယ်ကမ်းရိုးတန်းသို့ ရောက်ရှိပြီး မြောက်ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံး လွှမ်းသွားနိုင်ကာ ၂၀၃၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် အိန္ဒိယသမုဒ္ဒရာသို့ ပျံ့နှံ့ကာ ၁၀ နှစ်ကြာတွင် ပစိဖိတ်သမုဒ္ဒရာတစ်ခုလုံးသို့ ပျံ့နှံ့သွားမှာဖြစ်ကြောင်း သိရသည်။
 
သားစဉ်မြေးဆက် ထိခိုက်နိုင်သည့် အဆိုပါ ညစ်ညမ်းရေထုတ်လွှတ်မှုအစီအစဉ်အပေါ်  မထုတ်လွှတ်ခင်ကတည်းက ဒေသတွင်းနိုင်ငံများတွင် ဆန္ဒပြမှုများဖြစ်ခဲ့သည်။စတင်ထုတ်လွှတ်သည့် ဩဂုတ် ၂၄ ရက် တွင် တောင်ကိုရီးယားဆိုင်ရာ ဂျပန်သံရုံးရှေ့ ဆန္ဒပြသည့် တောင်ကိုရီးယားကောလိပ်ကျောင်းသား ၁၆ ဦး ဖမ်းဆီးခံရသည်။
 
ဩဂုတ် ၂၅ ရက်တွင် ရာနှင့်ချီသော ဖီဂျီပြည်သူများက မြို့တော် ဆူဗာမြို့ လမ်းများ၌ ဖူကူရှီးမား နျူကလီးယားရေဆိုးများ ပစိဖိတ်သမုဒ္ဒရာအတွင်းသို့ စွန့်ထုတ်သည့်  ဂျပန်လုပ်ရပ်အတွက် ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။
 
သြဂုတ် ၂၆ ရက်တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်၌ တောင်ကိုရီးယားနိုင်ငံသား ၅၀၀၀၀ ခန့်က နျူကလီးယားစက်ရုံမှ ရေများစွန့်ထုတ်မှုကြောင့် ဖြစ်ပွားလာမည့် ဘေးအန္တရာယ်ကို ရှောင်လွှဲနိုင်ရန် အစိုးရအနေဖြင့် အစီအစဉ်များချမှတ်လုပ်ဆောင်ရန် တောင်းဆိုခဲ့ကြသည်။
 
ဖိလစ်ပိုင် Star သတင်းစာတွင် ဂျပန်အစိုးရ၏ ဆုံးဖြတ်ချက်မှာ ဆိုးဝါးလှကြောင်း၊ ပစိဖိတ်သမုဒ္ဒရာသည် ဂျပန်နိုင်ငံပင် ပိုင်ဆိုင်ထားခြင်းမဟုတ်ဘဲ နျူကလီးယားညစ်ညမ်းရေ ပင်လယ်ထဲသို့ စွန့်ထုတ်ခြင်းကြောင့် ဖြစ်ပေါ်လာမည့် အန္တရာယ်မှာ နှစ်ပေါင်းများစွာကြာရှည်ပြီး ခေတ်အဆက်ဆက်ကို ဆက်တိုက်ထိခိုက်စေမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
 
ရေဒီယိုသတ္တိကြွမှုကြောင့် ဆိုးကျိုးသက်ရောက်မှုများတွင် DNA ပျက်စီးစေခြင်းနှင့် ဆဲလ်များပြင်း ထန်စွာတုံ့ပြန်ခြင်းလည်းပါဝင်သဖြင့် ကင်ဆာဖြစ်စေခြင်း၊ မွေးရာပါချို့ယွင်းချက်ဖြစ်ခြင်း၊ ဗီဇပြောင်းခြင်းတို့ ဖြစ်စေနိုင်သည်။ထို့အတွက် Greenpeace အဖွဲ့က ဖူကူရှီးမား နျူကလီးယားဓာတ်အားပေးစက်ရုံ၏ ရေစစ်ထုတ်ခြင်းလုပ်ငန်းစဉ်သည် ချို့ယွင်းချက်ရှိပြီး ကြီးမားသော ဒြပ်သတ္တုကြွပစ္စည်းပမာဏသည် လာမည့်ဆယ်စုနှစ်များအတွင်း ပင်လယ်ထဲသို့ ပြန့်ကျဲသွားမည်ဟုသတိပေးထားခဲ့ရာ ယခုထုတ်လွှတ်မှုကြောင့် ပင်လယ်ရေနေသတ္တဝါများတွင် အနည်းနှင့်အများဆိုသလို ထိခိုက်မှုဖြစ်ကာ ဗီဇပြောင်းလဲခြင်းများ မကြာမီတွေ့ရတော့မည်ဖြစ်သည်။  
 
ဂျပန်၏လုပ်ဆောင်ချက်သည် အလွန်တစ်ကိုယ်ကောင်းဆန်ပြီး တာဝန်မဲ့သည့် လုပ်ရပ်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ယင်းသည် တစ်ကမ္ဘာလုံးကို အန္တရာယ်ထဲသို့ တွန်းပို့လိုက်ခြင်းဖြစ်ကာ အနာဂတ်မျိုးဆက်သစ်များကို ဝေဒနာများ လက်ဆင့်ကမ်းခြင်းဖြစ်သည်ဟု ဆိုသည်။ 
 
ဂျပန်နိုင်ငံသည် လွန်ခဲ့သည့် ၁၂ နှစ်တွင် ဖူကူရှီးမား နျူကလီးယားမတော်တဆဖြစ်မှုကြောင့် ပင် လယ်သမုဒ္ဒရာသို့ ရေဒီယိုသတ္တိကြွဓာတ်များစွာ စွန့်ထုတ်ခဲ့သဖြင့် ဆိုးရွားသည့် ဘေးအန္တရာယ် ဖြစ်ပွားစေခဲ့ပြီးဖြစ်သည်။ ၁၂ နှစ်အကြာတွင် ပင်လယ်ထဲသို့ အတင်းအဓမ္မစွန့်ပစ်ခြင်းကြောင့် နောက်တစ်ကြိမ် ဆိုးရွားသော ကပ်ဘေးကို လက်ယပ်ခေါ်နေပြန်ပြီဖြစ်သည်။
 
ထိုသည်မှာ တရုတ်နှင့် ဂျပန်အကြား နိုင်ငံရေးဆိုင်ရာကိစ္စမဟုတ်တော့ဘဲ လူသားနှင့် နျူကလီးယား ဓာတ်သတ္တုကြွမှုကြောင့် ဘေးသင့်နိုင်သည့် အရေးဖြစ်နေသည်။ထို့ကြောင့် ကမ္ဘာ့လူသားများ၏ အဓိကအစာကွင်းဆက်ဖြစ်သော ရေပြင်ထဲ ဂျပန်၏ နျူကလီးယားညစ်ညမ်းရေ ဖောက်ချခြင်းအပေါ် နိုင်ငံတကာက မည်သို့တုံံ့ပြန်မည်လဲဆိုသည်ကို ရင်တမမ စောင့်ကြည့်ရတော့မည်ဖြစ်ပေသည်။
 
လင်းသစ်အောင်