【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာအတွက် လိုအပ်သည့် ‘စဉ်ဆက်မပြတ်သော ပို့ဆောင်ရေး’

【 နိုင်ငံတကာဆောင်းပါး 】 ကမ္ဘာအတွက် လိုအပ်သည့် ‘စဉ်ဆက်မပြတ်သော ပို့ဆောင်ရေး’

ဒေသတစ်ခု ဖွံ့ဖြိုးဖို့အတွက် မရှိမဖြစ်လိုအပ်တာက လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့ပါပဲ။ဒါဟာ နိုင်ငံတကာက လက်ခံထားတဲ့ အယူအဆဖြစ်ပြီး လက်တွေ့မှာလည်း မှန်ကန်တဲ့ လိုအပ်ချက်ဖြစ်ပါတယ်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတဲ့အတွက် ဒေသတစ်ခုလုံးကို ဆင်းရဲမွဲတေမှုကနေ လွတ်မြောက်စေခဲ့တဲ့ ပုံပြင်မဟုတ်တဲ့ တကယ်အဖြစ်အပျက်တွေ တရုတ်ပြည်မှာရှိခဲ့ပါတယ်။ဒါဟာ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်မှုကို အသုံးချနိုင်တဲ့အတွက် ရရှိတဲ့ အကျိုးရလဒ်တစ်ခုတည်းပဲ ရှိပါသေးတယ်။

ယခု စက်တင်ဘာလ ၂၅ ရက်က တရုတ်နိုင်ငံ ပေကျင်းမှာ ကမ္ဘာ့စဉ်ဆက်မပြတ်လမ်းပန်းဆက်သွယ်ရေး ထိပ်သီးဖိုရမ်ကို တရုတ်လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနမှ ဦးစီးကျင်းပခဲ့ပါတယ်။ဒီဖိုရမ်ကို ကမ္ဘာတစ်ဝန်းက သယ်ယူပို့ဆောင်ရေးလုပ်ငန်းခေါင်းဆောင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ မူဝါဒချမှတ်သူတွေ တက်ရောက်ခဲ့ပါတယ်။ ၂ ရက်ကြာတဲ့ ဒီဖိုရမ်မှာ ဝန်ကြီးအဆင့် ကိုယ်စားလှယ်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ် ၄၂ ဦးအပါအဝင် တက်ရောက်သူ ၁၀၀၀ လောက်က  ကမ္ဘာ့လမ်းပန်းဆက်သွယ်မှုမြှင့်တင်ရေး၊ ဒေသတွင်း ဘုံတိုးတက်မှုကွာဟမှုဖြေရှင်းရေး၊ တီထွင်ဆန်းသစ်သော နည်းပညာနဲ့ ပစ္စည်းကိရိယာများ မျှဝေရေး၊ ကာဗွန်ထုတ်လုပ်မှုနိမ့် အစိမ်းရောင်တိုးတက်မှုနဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးတို့ကို အာရုံစိုက်ဆွေးနွေးခဲ့ပါတယ်။

လမ်းပန်းဆက်သွယ်ရေးနဲ့ပတ်သက်ရင် တရုတ်အစိုးရအဆက်ဆက်က သူ့နိုင်ငံတွင်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာဖို့ တစိုက်မတ်မတ် အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့လို့ တရုတ်ရဲ့ဖွံ့ဖြိုးတိုးတက်မှု့ဟာ တခြားကမ္ဘာ့နိုင်ငံတွေထက် ပိုမြန်ပြီး ကွာဟမှုနည်းတာကို သတိပြုမိပါတယ်။အထင်ရှားဆုံးက လက်ရှိ တရုတ်သမ္မတ ရှီကျင့်ဖျင် လက်ထက်မှာပါ။

ရှီ တာဝန်ယူခဲ့တဲ့ ၁၀ နှစ်ကျော်အတွင်းမှာ တရုတ်နိုင်ငံရဲ့ ရထားလမ်း၊ ကားလမ်းနဲ့ ကျေးလက်လမ်းဖောက်လုပ်မှုနဲ့ အသုံးပြုမှုက တစ်ဟုန်ထိုးတက်လာခဲ့ပါတယ်။လက်ရှိမှာ တရုတ်နိုင်ငံဟာ ကမ္ဘာ့အကြီးမားဆုံး မြန်နှုန်းမြင့်ရထားကွန်ရက်၊ အမြန်လမ်းကွန်ရက်၊ စာတိုက်နဲ့ အမြန်ပို့ဆောင်ရေးကွန်ရက်နဲ့ ကမ္ဘာ့အဆင့်မီ ဆိပ်ကမ်းအစုအဝေးကို ပိုင်ဆိုင်ထားပါတယ်။ဒါ့အပြင် ကျေးလက်သယ်ယူပို့ဆောင်ရေးကိုကြည့်ရင်လည်း ကျေးလက်လမ်းအရှည်ဟာ ပြီးခဲ့တဲ့နှစ်ကုန်အထိ ကီလိုမီတာသန်းပေါင်း ၄.၅၃ အထိရှိနေပါတယ်။

ဒီနှစ် ပေကျင်းမှာ ကျင်းပတဲ့ ဖိုရမ်ကို “စဉ်ဆက်မပြတ် လမ်းပန်းဆက်သွယ်ရေး-လက်တွဲပူးပေါင်းဆောင်ရွက်မှုဖြင့် ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျင်းပခဲ့ပါတယ်။ဒီဖိုရမ်ဖွင့်ပွဲကို တရုတ်သမ္မတ ရှီကျင့်ဖျင်က သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ဒီသဝဏ်လွှာမှာ ရှီက တရုတ်နိုင်ငံအနေနှင့် နိုင်ငံအသီးသီးတို့နှင့် အတူတိုင်ပင်ရေး၊ အတူတည်ဆောက်ရေးနှင့် အတူမျှဝေရေး ကြံဆချက်ကို စွဲကိုင်ထားပြီး စဉ်ဆက်မပြတ် လမ်းပန်းဆက်သွယ်ရေး၏ အကျိုးရလဒ်များကို နိုင်ငံအသီးသီးမှ ပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုစေကာ ကမ္ဘာဖွံ့ဖြိုးတိုးတက်ရေးအဆိုပြုချက်နှင့် ကုလသမဂ္ဂ ၂၀၃၀ ပြည့်နှစ် ဆက်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ဆောင်ရေးအတွက်ရော၊ လူသားကံကြမ္မာတူအသိုက်အဝန်း တည်ဆောက်မှု တွန်းအားပေးရေးအတွက်ပါ တက်ကြွသော အကျိုးပြုမှုများကို စွမ်းဆောင်လိုကြောင်း ဖော်ပြထားပါတယ်။

ကမ္ဘာ့ပြည်သူတွေအတွက် လမ်းပန်းဆက်သွယ်ရေးက သူတို့ဘဝကို  ပိုမိုကောင်းမွန်စွာ အကျိုးပြုစေတယ်ဆိုတာ ငြင်းမရတဲ့ အချက်တစ်ခုပါပဲ။အဲဒီသဝဏ်လွှာမှာ ကမ္ဘာအတွက် တက်ကြွသော အကျိုးပြုမှုများကို တရုတ်ဘက်က စွမ်းဆောင်လိုကြောင်း ဖော်ပြထားတာကို သတိပြုမိပါတယ်။ဒါဟာ ကမ္ဘာ့လမ်းပန်းဆက်သွယ်ရေးမှာ တရုတ်ပါဝင်နေတဲ့ အခန်းကဏ္ဍကြီးမားလာနေတာနဲ့ လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ ကြုံနေရတဲ့ အခက်အခဲတွေက ဖြေရှင်းရာမှ တရုတ်က သူ့နည်းလမ်းကို မျှဝေချင်တာကို သတိပြုမိစေပါတယ်။

နိုင်ငံပေါင်း ၁၅၂ နိုင်ငံမှာ လုပ်ဆောင်နေတဲ့ တရုတ်က ကမကထပြုတဲ့ BRI ပရောဂျက်တွေမှာ အဲဒီနိုင်ငံနဲ့ ဒေသအတွက် အခြေခံအဆောက်အအုံစီမံကိန်းတွေကများပါတယ်။အခြေခံအဆောက်အအုံဆိုတာ လမ်းတံတား၊ လေဆိပ်၊ ဆိပ်ကမ်း၊စွမ်းအင်နဲ့ ကုန်သွယ်ရေး စတာတွေပါ။

စက်တင်ဘာ ၂၅ ရက်က ကျင်းပတဲ့ ဒီဖိုရမ်မှာ နိုင်ငံတကာက သယ်ယူပို့ဆောင်ရေးအရာရှိတွေက တရုတ်က အဆိုပြုတဲ့ BRI ပရောဂျက်တွေနဲ့ပတ်သက်ပြီး ပြောခဲ့တာရှိပါတယ်။သူတို့က ခါးပတ်လမ်းအစီအစဉ် (BRI) အောက်က အခြေခံအဆောက်အအုံစီမံကိန်းတွေဟာ ဒေသတစ်ခုနဲ့တစ်ခု လမ်းပန်းဆက်သွယ်ရေးကို မြှင့်တင်ပေးပြီး ဒေသစီးပွားရေးများ ရေရှည်တိုးတက်မှုကို မောင်းနှင်ပေးတယ်လို့ ပြောခဲ့ကြပါတယ်။   

ဒါတွေဟာ မကြာသေးခင်နှစ်က ပြီးစီးလို့ လည်ပတ်နေတဲ့ အာဖရိကတိုက်က ရထားလမ်းတွေ၊ ကားလမ်းတွေ၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလက စတင်ဖွင့်လှစ်ခဲ့တဲ့ ၁၀၃၅ ကီလိုမီတာရှည်တဲ့ တရုတ်-လာအို ရထားလမ်းတွေ၊ မကြာခင်ပြေးဆွဲတော့မယ့် အင်ဒိုနီးရှားက ဂျာကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်းတွေကို ပြန်သတိရစေပါတယ်။တရုတ်ရဲ့ BRI ပရောဂျက်တွေကို ကြည့်မယ်ဆိုရင် လမ်းပန်းဆက်သွယ်ရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံတွေများပါတယ်။အထူးသဖြင့် ခါးပတ်လမ်းတစ်လျှောက်မှာဖြစ်ပြီး ဒေသခံပြည်သူတွေ ခရီးသွားလာနိုင်မှုနဲ့ ကုန်စည်ပို့ဆောင်ရေး ထိရောက်တိုးတက်ရေးအတွက် သယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွေမှာ တရုတ်နိုင်ငံက ကျယ်ပြန့်စွာပါဝင်နေတာကို တွေ့ရပါတယ်။

လမ်းပန်းဆက်သွယ်ရေးဆိုတာက လောင်စာသုံးရတာဖြစ်ပြီး ကာဗွန်အလုံးအရင်းထုတ်လွှတ်တဲ့အထဲပါ ပါတယ်။ဒီဖိုရမ်ဆွေးနွေးမှုမှာ ခေါင်းစဉ်တစ်ခုက တက်ရောက်သူတွေအတွက် အာရုံစိုက်စေပါတယ်။

‘အပြန်အလှန်ဆက်စပ်နေသော ဒေသစီးပွားရေးတိုးတက်မှုအတွက် အရည်အသွေးမြင့်သော အခြေခံအဆောက်အအုံ’ ဆိုတဲ့ ခေါင်းစဉ်ဟာ ဆွေးနွေးသူတွေကို အာရုံစိုက်စေသလို ပါဝင်ဆွေးနွေးသူတွေက  နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးနဲ့ လမ်းပန်းဆက်သွယ်မှုတိုးတက်ရေးအတွက် နည်းလမ်းတွေ ရှာဖွေကြပါတယ်။ဒီအတွက် သယ်ယူပို့ဆောင်ရေးနယ်ပယ်မှာ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးနဲ့ လုပ်ငန်းမှာ အစိမ်းရောင်တိုးတက်မှုအားပေးရေးဆိုင်ရာ သဘောတူညီချက်အများအပြား ရရှိခဲ့ပါတယ်။

ဒီဖိုရမ်မှာ တရုတ်နိုင်ငံဟာ အစီအစဉ်တစ်ခုကို အဆိုပြုပြီး ဘေးကင်းလုံခြုံသက်သောင့်သက်သာရှိ စွမ်းရည်ရှိ အစိမ်းရောင် စီးပွားရေးတွက်ခြေကိုက် အားလုံးအကျုံးဝင်ပြီး ခံနိုင်ရည်မြင့်မားသော ရေရှည်ခံတဲ့သယ်ယူပို့ဆောင်ရေးစနစ် တည်ဆောက်ဖို့ အတူတကွလုပ်ကိုင်ကြဖို့ တောင်းဆိုခဲ့ပါတယ်။ဒါဟာ ကမ္ဘာ့စဉ်ဆက်မပြတ် လမ်းပန်းဆက်သွယ်ရေး ထိပ်သီးဖိုရမ်ရဲ့ အဓိကရလဒ်ထဲကတစ်ခုပါ။  

ဖိုရမ်အတွင်းမှာ ကမ္ဘာ့ရေရှည်တည်တံ့သော သယ်ယူပို့ဆောင်ရေး ဆန်းသစ်တီထွင်မှုဆိုင်ရာ မဟာမိတ်အဖွဲ့ကို ထိပ်သီးအစည်းအဝေးအတွင်း ထူထောင်ခဲ့ပြီး ကုန်းလမ်း၊ ရေလမ်း၊ မီးရထား၊ မြို့ပြလေကြောင်းနှင့် စာတိုက်ဝန်ဆောင်မှု စသည့် နယ်ပယ်များမှ တည်ထောင်အဖွဲ့ဝင်များအဖြစ် တရုတ်နှင့် ပြည်ပမှ ကုမ္ပဏီများနှင့် အဖွဲ့အစည်း စုစုပေါင်း ၄၂ ခု ပူးပေါင်းရန် သဘောတူညီခဲ့ကြပါတယ်။

ယခုဖိုရမ်ဟာ ကိုဗစ်ကာလမှာ ထောက်ပံ့ရေးကွင်းဆက် ပြတ်တောက်လုမတတ် ဖြစ်ခဲ့တာကို ကျော်လွှားခဲ့တဲ့ တရုတ်ရဲ့ ဦးဆောင်မှုနဲ့ အနာဂတ်ကာလမှာ ဖြစ်လာနိုင်တဲ့ ထောက်ပံ့ရေးနဲ့ လမ်းပန်းဆက်သွယ်ရေးကွင်းဆက်တွေ အခြေအနေအမျိုးမျိုးမှာ ဆက်လက်တည်တံ့နိုင်အောင် ပြင်ဆင်တာအဖြစ် ရှုမြင်ကြပါတယ်။ဒါ့အပြင် ဒီဖိုရမ်ကနေ သက်ဆိုင်ရာ နိုင်ငံနှင့် ဒေသရှိ ပြည်သူများသွားလာရေးနှင့် ကုန်စည်စီးဆင်းမှု အဆောက်အအုံများထိရောက်မှု ကောင်းမွန်လာစေရေးအတွက် “တရုတ်ပို့ဆောင်ရေးနည်းလမ်း” ကို ထောက်ပံ့ပေးလိုက်တဲ့ အခင်းအကျင်းအဖြစ်လည်း နိုင်ငံတကာက မြင်ကြပါတယ်။

ဒါဟာ ကမ္ဘာအတွက် လိုအပ်နေတဲ့ ပြတ်တောက်လို့မရတဲ့ ပို့ဆောင်ရေးအတွက် နည်းလမ်းကောင်း ဖြစ်လာနိုင်ပါတယ်။

လင်းသစ်အောင်