【 နိုင်ငံတကာဆောင်းပါး 】ဘိုင်ဒန်ရဲ့ ကန့်သတ်ချက်တွေက အမေရိကန်-တရုတ်စီးပွားရေးများကို ရပ်တန့်နိုင်မှာလား

【 နိုင်ငံတကာဆောင်းပါး 】ဘိုင်ဒန်ရဲ့ ကန့်သတ်ချက်တွေက အမေရိကန်-တရုတ်စီးပွားရေးများကို ရပ်တန့်နိုင်မှာလား

လက်ရှိမှာတော့ ဝါရှင်တန်နဲ့ ပေကျင်းတို့ဟာ သွေးကွဲမှုအကြီးစားဖြစ်နိုင်မယ့် ချောက်ကမ်းပါးမှာ ရှိနေပါတယ်။ သို့သော်လည်း လက်တွေ့မှာတော့ ပူးပေါင်းခြင်းထက် ခွဲခွာခြင်းဟာ ပိုခက်ခဲပါတယ်။ အချင်းချင်း မှီခိုမှုရှိနေတဲ့ နိုင်ငံများအတွက် ဘယ်သူကမှ ခွဲခွာခြင်းကြောင့် ဖြစ်လာမဲ့ အကျိုးဆက်တွေကို လက်မခံချင်ကြပါဘူး။ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတို့နဲ့ ပတ်သက်လာရင် နှစ်နိုင်ငံစလုံးမှာ ဘုံတူညီတာတွေရှိတာကြောင့် ပထဝီနိုင်ငံရေး တင်းမာမှုကြောင့် လမ်းခွဲရဖို့က ခက်ခဲပါတယ်။ 

အခုအချိန်အခါဟာ ခက်ခဲနေတယ်ဆိုပေမဲ့ သည်းခံမှု၊ နားလည်မှုနဲ့ စိတ်ရှည်မှုတို့ရှိလျှင် ထိုကာလကြာရှည် မဟာမိတ်ကနေ အသီးအပွင့်တွေကို ခံစားရမှာဖြစ်ပါတယ်။ ဒါက လွယ်ကူလျင်မြန်မှာတော့ မဟုတ်ပေမဲ့ နှစ်နိုင်ငံစလုံးက ရင်းနှီးမြှုပ်နှံသူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ အခွင့်အရေးတွေလည်း ရှိနေပါတယ်။ ဘိုင်ဒန်အစိုးရကနေ ကန့်သတ်ချက်အသစ်တွေ ကြေညာခဲ့တာတောင် ဒီအခွင့်အလမ်းတွေ ရှိနေဆဲဖြစ်ပါတယ်။ 

ကြေညာချက်အသစ်အရ တစ်ပိုင်းလျှပ်ကူးနှင့် မိုက်ခရိုလျှပ်စစ်၊ ကွမ်တန်သတင်းအချက်လက် နည်းပညာနှင့် ဉာဏ်ရည်တုများအပါအဝင် တရုတ်ရဲ့ အဆင့်မြင့်နည်းပညာကုမ္ပဏီကြီးတွေမှာ အမေရိကန်ရင်းနှီးမြှုပ်နှံမှုကို သက်ရောက်မှာဖြစ်ပါတယ်။ ဒီကန့်သတ်ချက်တွေကြောင့် ထိုနည်းပညာနယ်ပယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုအသစ်တွေ ဖြစ်မလာနိုင်သလို ရင်းနှီးမြှုပ်နှံရေးစိတ်ဝင်စားမှု နယ်ပယ်လည်း ကျဉ်းမြောင်းသွားမှာ ဖြစ်ပါတယ်။ 

နှစ်နိုင်ငံဆက်ဆံရေးဖြတ်တောက်ခြင်းဟာ လက်တွေ့မကျတဲ့အပြင် ရေရှည်တိုးတက်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးကိုပါ ထိခိုက်စေတယ်ဆိုတာကို အမေရိကန်အစိုးရတာဝန်ရှိသူများနဲ့ ရင်းနှီးမြှုပ်နှံသူများအနေနဲ့ နားလည်ထားပြီးဖြစ်ပါတယ်။ ကမ္ဘာ့အကြီးဆုံး စီးပွားရေးနိုင်ငံနှစ်ခုအကြား စီးပွားရေးအရ ထိတွေ့ဆက်ဆံခြင်းဟာ ရှောင်ရှားလို့မရသလို ကောင်းမွန်တဲ့အရာလည်းဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေးနှစ်နိုင်ငံရဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ ကမ္ဘာကြီးအတွက်လည်း ပိုမိုကောင်းမွန်စေပါတယ်။ 

တရုတ်နိုင်ငံအနေနဲ့ ရင်းနှီးမြှုပ်နှံမှု ဆက်ဆံရေး ဆက်လက်နိုင်စေရန် အချို့သော ပြုပြင်ပြောင်းလဲမှုများကို ပြုလုပ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ပြည်တွင်းတရုတ်ကုမ္ပဏီများကို နိုင်ငံခြားအဖွဲ့အစည်းများမှ စာရင်းစစ်နိုင်မဲ့ ၂၀၂၂ သဘောတူညီချက်မျိုး ဖြစ်ပါတယ်။ တရုတ်ရဲ့ လုံခြုံရေးစည်းမျဉ်းကော်မရှင်ကလည်း ပြီးခဲ့တဲ့နှစ်မှာ အခြေချရေးစနစ်ကို ပိုမိုလုံခြုံအောင် အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

လက်ရှိမှာ တရုတ်ရဲ့ စီးပွားရေးမှာ ပြဿနာအချို့ရှိနေတာကြောင့် ပေကျင်းဟာ ပိုမိုကောင်းမွန်တဲ့ စီးပွားရေးပတ်ဝန်းကျင်ဖြစ်ဖို့ အပြောင်းအလဲတွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။ အိမ်ခြံမြေဈေးကွက်မှာ ကုမ္ပဏီကြီးများဟာ အကြွေးမပေးနိုင်ဖြစ်နေကာ လူငယ်များအလုပ်လက်မဲ့နှုန်းဟာ သမိုင်းဝင်စံချိန်တင် မြင့်တက်နေပါတယ်။ စီးပွားရေးကို အဖတ်ဆယ်ဖို့ သုံးစွဲသူများက ပိုမိုသုံးစွဲရန် လိုအပ်သော်လည်း ထိုသို့ သုံးစွဲမှုကို မြှင့်တင်ပါက ဈေးနှုန်းများကျဆင်းသွားပြီး အနာဂတ်စီးပွားရေးတိုးတက်မှုကို ကျဆင်းစေပါတယ်။ 

အမေရိကန်ထံမှ အမှာစာများ ကျဆင်းသောကြောင့် ပို့ကုန်ဟာ နှေးကွေးလာပြီး ထောက်ပံ့ရေးကွင်းဆက်ဟာလည်း အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။ ဥပမာအားဖြင့် ဗီယက်နက်ဟာ ဆိုလာပြားများ အများအပြားထုတ်လုပ်နိုင်ပြီး တရုတ်က အဓိကအားဖြင့် ထုတ်လုပ်မှုပြုလုပ်နေသော် လည်း ဗီယက်နမ်ဟာ ပိုပြီးဈေးသက်သာစွာ ထုတ်လုပ်နေနိုင်တာ ဖြစ်ပါတယ်။ 

မည်သို့ပင်ဖြစ်စေ တရုတ်ရဲ့ စီးပွားရေးဟာ တစ်ဖြည်းဖြည်း ပြန်လည်နလန်ထူလာမှာ ဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ လူဦးရေဟာ အမေရိကန်ထက် သုံးဆပိုများပါတယ်။ ဒါဟာ ကြီးမားတဲ့ဈေးကွက်ဖြစ်ပါတယ်။ ကန့်သတ်ချက်တွေ ဖြစ်ပေါ်လာသည့်တိုင် ကြီးမားတဲ့အခွင့်အလမ်းတွေ ကျန်ရှိနေဆဲဖြစ်ပါတယ်။ ပေကျင်းဟာ တရုတ်ကုမ္ပဏီများအတွက် နိုင်ငံခြားဈေးကွက်များ၌ ရှယ်ယာထည့်ဝင်ခြင်းကို ပြန်လည်ပြုပြင်ရန် အတည်ပြုခဲ့ပြီး စည်းမျဉ်းအသစ်များဟာ မတ်လ ၃၁ ရက်နေ့မှ စတင်အကျိုးသက်ရောက်ကာ တရုတ်ကုမ္ပဏီများအား ကမ္ဘာ့ဈေးကွက်များတွင် နိုင်ငံခြားငွေရှာခွင့်ပေးထားပြီဖြစ်ပါတယ်။ 

တရုတ်ရဲ့ ကိုယ်ပိုင်ပြည်တွင်းဈေးကွက်ဟာလည်း အားကောင်းနေပြီး တရုတ်ရဲ့ ဒုတိယအကြီးဆုံး ချစ်ပ်ပြား ထုတ်လုပ်သူ ဟွာဟုန်းကုမ္ပဏီဟာ ဩဂုတ်လမှာ ရှန်ဟိုင်းရှယ်ယာဈေးကွက်မှာ ဒေါ်လာ ၃ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး ယခုနှစ်အတွက် အကြီးမားဆုံးဖြစ်ပါတယ်။ ပြည်ပကြီးနှင့်ဟောင်ကောင် ရှယ်ယာချိတ်ဆက်ခြင်း အစီအစဉ်ကဲ့သို့ အခြားသော ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းများကြောင့် တရုတ်အခြေဆိုက်ကုမ္ပဏီများအတွက် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို တိုးလာစေတာဖြစ်ပါတယ်။ 

ထို့အပြင် အချို့သော အမေရိကန်ကုမ္ပဏီတွေကလည်း ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ပြောင်းလဲရေးအတွက် အပြောင်းအလဲတွေ လုပ်ဆောင်လာကြပါတယ်။ လိုအပ်ချက်အသစ်တွေကို လိုက်ပါဖြည့်ဆည်းနိုင်တဲ့ နှစ်နိုင်ငံစလုံးက ကုမ္ပဏီတွေဟာ အမေရိကန်-တရုတ် ဆက်ဆံရေးတိုးတက်လာတာနဲ့အမျှ အသီးအပွင့်တွေကို ခံစားရမှာဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီတွေကလည်း အမေရိကန်မှာ ဆက်လက်ရင်းနှီးမြှုပ်နှံလိုကြပြီး သစ်ထုတ်ကုန်များ၊ ငွေကြေးဝန်ဆောင်မှုများ၊ မီဒီယာအသစ်နှင့် ပညာရေးတို့တွင် ဒေါ်လာသန်းပေါင်းဆယ်ချီ ကမ်းလှမ်းထားကြပါတယ်။ ယခုနှစ်အစောပိုင်းမှာလည်း တရုတ်ရဲ့ သံမဏိ၊ အစားအသောက်နဲ့ ဆေးဝါးကိရိယာ ကုမ္ပဏီတွေဟာ အမေရိကန်ရှယ်ယာဈေးကွက်မှာ ပါဝင်လာတာကို တွေ့ရပါတယ်။

ကုမ္ပဏီများအနေနဲ့ နောက်ဆုံးရ စာရင်းစစ်ချက်များနှင့်အတူ ပိုမိုပြီး ရှယ်ယာဈေးကွက်မှာ ပါဝင်လာဖို့ ရှိပါတယ်။ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက်အတွက် စောင့်ဆိုင်းလိုသူများဟာ ဆက်လက်စောင့်ဆိုင်းနေမှာ ဖြစ်ပါတယ်။

ခြုံကြည့်ရလျှင် အမေရိကန်ရဲ့ ဈေးကွက်တွေဟာ ကမ္ဘာ့ကုမ္ပဏီများအတွက် ဖွင့်လှစ်ပေးရန် လိုအပ်ပြီး ရင်းနှီးမြှုပ်နှံသူများအတွက်လည်း တိကျတဲ့ လမ်းညွှန်ချက်တွေ ထုတ်ပြန်ဖို့လိုအပ်ပါတယ်။ လုံခြုံရေးပြဿနာများကြောင့် အချို့သော ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်လျှင်တောင် နှစ်နိုင်ငံကုမ္ပဏီများအတွက် ရွေးချယ်စရာ နယ်ပယ်အခွင့်အလမ်းတွေ များစွာကျန်ရှိနေဆဲ ဖြစ်ပါတယ်။ ထိုအခွင့်အလမ်းများမှ တစ်ဆင့် နှစ်နိုင်ငံစလုံးမှ  စားသုံးသူများနဲ့ ရင်းနှီးမြှုပ်နှံသူများအတွက် ပိုမိုအကျိုးရှိစေမှာဖြစ်ပါတယ်။

Linko

Ref: Biden’s China Investment Restrictions Won’t End Long Lasting U.S.-China Business| Forbes