【 နိုင်ငံတကာဆောင်းပါး 】ကျေးလက်နေ အမေရိကန်ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းသည့် ဘိုင်ဒန်၏ စီးပွားရေး

【 နိုင်ငံတကာဆောင်းပါး 】ကျေးလက်နေ အမေရိကန်ပြည်သူများအတွက် အကျိုးမဖြစ်ထွန်းသည့် ဘိုင်ဒန်၏ စီးပွားရေး

ဘိုင်ဒန်စီးပွားရေးလို့ခေါ်တဲ့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ စီးပွားရေးမူဝါဒတွေဟာ ကျေးလက်နေပြည်သူများအတွက်တော့ အကျိုးမဖြစ်ထွန်းတဲ့ပုံ ဖြစ်ပါတယ်။ အမေရိကန်ငွေကြေးဖောင်းပွမှု တစ်ဖြည်းဖြည်း ကျဆင်းလာတဲ့ အချိန်မှာ ကျေးလက်ဒေသက အမေရိကန်ပြည်သူတွေဟာ ကုန်ဈေးနှုန်း မြင့်တက်မှုနဲ့ ရင်ဆိုင်နေရဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။

ဩဂုတ်လ ၁၅ ရက်နေ့နဲ့ ၁၆ ရက်နေ့တို့မှာ ပြုလုပ်ခဲ့တဲ့ Ipsos စားသုံးသူခြေရာခံခြင်းအရ အမေရိကန် ၅ ဦးအနက် ၄ဦးမှာ ကုန်ဈေးနှုန်းနဲ့ ဓာတ် ငွေ့ဖိုးတွေကို မနှစ်ကထက် ပိုပေးနေရတယ်လို့ ဆိုပါတယ်။ ငွေကြေးဖောင်းပွမှုရဲ့ဒဏ်ကို ကျေးလက်နေပြည်သူတွေက ပိုမိုခံစားရတယ်လို့လည်းဖော်ပြထားပါတယ်။ မြို့ပြမှာနေတဲ့ လူဦးရေ ၇၇ ရာခိုင်နှုန်းကလည်း ကုန်ဈေးနှုန်းမြင့်တက်တဲ့ဒဏ်ကို ခံနေရတယ်လို့ ဆိုပါတယ်။ 

ကျေးလက်နဲ့မြို့ပြ ကွဲပြားရတဲ့ အကြောင်းပြချက်များစွာရှိပေမဲ့ ပါတီနှစ်ခုကွဲပြားနေခြင်းရဲ့ သက်ရောက်မှုတွေကို ထည့်တွက်ဖို့ လိုအပ်ပါတယ်။

“တစ်ဖက်မှာ ကျေးလက်ဒေသတွေမှာ စားသောက်ကုန်တွေက ရှားပါးဈေးကြီးပြီး သွားဖို့လာဖို့ဆိုရင်လည်း ကားကိုပဲ ဦးစားပေးရတာကြောင့် ဓာတ်ငွေ့ဈေးနှုန်းမြင့်တက်မှုဒဏ်ကို ပိုခံရပါတယ်” လို့ Ipsos က ခရစ် ဂျက်ဆန်က ဆိုပါတယ်။ “ကျေးလက်နေပြည်သူအများစုဟာ ရီပါ့ပလစ်ကန်တွေဖြစ်ကြပြီး သိတဲ့အတိုင်းပဲ ရီပါ့ပလစ်ကန်တွေဟာ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်ရင် သတင်းဆိုးတွေပဲ ကြားရလေ့ရှိတော့ သူတို့အတွက် ပိုပြီးစိုးရိမ်စေတာပေါ့” လို့ သူက ပြောပါတယ်။ 

ဘိုင်ဒန်ဟာ ပြီးခဲ့တဲ့လတွေအတွင်းမှာ အမေရိကန်စီးပွားရေး နလန်ထူရေးအတွက် တွန်းအားဖြစ်စေတယ်လို့ဆိုတဲ့ စီးပွားရေးမူဝါဒကို အကောင် အထည်ဖော်ရေး ဆောင်ရွက်နေတာဖြစ်ပါတယ်။

“ငွေကြေးဖောင်းပွမှုဟာ ၁၁ လ ဆက်တိုက် ကျဆင်းသွားပြီး တစ်ဝက်ကျော် ကျဆင်းလာတာလည်း ဖြစ်ပါတယ်။ မိမိတို့အနေနဲ့ လိုငွေပြမှုကို လျှော့ချဖို့ ကြိုးစားရင်း ငွေကြေးဖောင်းပွမှုကျဆင်းအောင် လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်” လို့ အိမ်ဖြူတော်ရဲ့ ဇွန်လ ၂၈ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ “ဒီတိုးတက်မှုဟာ မတော်တဆလည်း မဟုတ်သလို မဖြစ်မနေဖြစ်လာတဲ့ အခြေအနေလည်း မဟုတ်ပါဘူး။ ဒါဟာ ဘိုင်ဒန်စီးပွားရေးရဲ့ တိုက်ရိုက်အကျိုးသက်ရောက်မှုဖြစ်ပါတယ်” လို့ ဆိုပါတယ်။

သို့သော်လည်း စစ်တမ်းတွေအရ အမေရိကန်ပြည်သူတွေဟာ ဘိုင်ဒန်စီးပွားရေးအပေါ် ယုံကြည်မှုအားနည်းနေပြီး သမ္မတအနေနဲ့ စီးပွားရေးကို စီမံခန့်ခွဲပုံကို လက်သင့်မခံကြသေးကြောင်း တွေ့ရပါတယ်။

AP သတင်းဌာနက ပြီးခဲ့တဲ့အပတ်မှာ ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ ဖြေဆိုသူများရဲ့ ၃၆ ရာခိုင်နှုန်းကသာ ဘိုင်ဒန်အစိုးရရဲ့ စီးပွားရေးလုပ်ဆောင်ချက်ကို ထောက်ခံပြီး ၃၄ ရာခိုင်နှုန်းကသာ စီးပွားရေးက တစ်မျိုးတစ်ဖုံ ကောင်းနေပါတယ်လို့ ဆိုတာဖြစ်ပါတယ်။ CBS သတင်းဌာနက ဒီတစ်လအတွင်း ထုတ်ပြန်ခဲ့တဲ့ စစ်တမ်းမှာတော့ အမေရိကန်ပြည်သူများရဲ့ ၃၀ ရာခိုင်နှုန်းကသာ ငွေကြေးဖောင်းပွမှုကို ဘိုင်ဒန်ရဲ့ ကိုင်တွယ်ပုံအား ထောက်ခံကြောင်း တွေ့ရပါတယ်။ 

“ကမ္ဘာ့ကပ်ရောဂါရော ပူတင်ရဲ့ ယူကရိန်းကျူးကျော်စစ်ကြောင့် ကမ္ဘာတစ်ဝှမ်းဖြစ်ပေါ်လာတဲ့ ငွေကြေးဖောင်းပွမှုကြောင့်ရော ပြီးခဲ့တဲ့နှစ်အနည်းငယ်ဟာ အမေရိကန်ပြည်သူတွေအတွက် ခက်ခဲကျပ်တည်းခဲ့စေပါတယ်။ သို့သော်လည်း စစ်တမ်းတွေက ဇာတ်လမ်းအပြည့်အစုံကို မပြောပြနိုင်ပါဘူး” လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူက Newsweek သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

“အလုပ်လက်မဲ့နှုန်းဟာ သမိုင်းတစ်လျှောက်မှာ အနည်းဆုံးနီးပါး ဖြစ်နေတယ်။ ငွေကြေးဖောင်းပွမှုကလည်း သုံးပုံနှစ်ပုံ လျော့ကျလာတယ်။ စားသုံးသူတွေရဲ့ ယုံကြည်ချက်လည်းတိုးလာပြီး လုပ်ခလစာတွေလည်း တိုးမြင့်လာတယ်။ ဘိုင်ဒန်စီးပွားရေးဟာ အလုပ်ကြိုးစားတဲ့မိသားစုတွေအတွက် ကုန်ကျစရိတ်ကို လျော့ကျစေပါတယ်။ ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်တွေ လျော့ကျစေပြီး မီတာခတွေသက်သာစေဖို့ သန့်ရှင်းတဲ့ စွမ်းအင်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်တယ်။ ထုတ်ကုန်စရိတ်တွေ သက်သာစေဖို့ ထောက်ပံ့ရေးကွင်းဆက်ကို မြှင့်တင်တယ်။ ပြီးတော့ ငွေ ကြေးဖောင်းပွမှု ခန့်မှန်းချက်တွေကလည်း လျော့ကျလာပြီး ကုန်ဈေးနှုန်းကလည်း တော်သင့်ရုံပဲ မြင့်တက်ကာ လုပ်ခလစာတွေလည်း မြင့်တက်လာပါတယ်” လို့ သူက ဆိုပါတယ်။ 

ဘိုင်ဒန်အုပ်ချုပ်ရေးဟာ အားကောင်းလာတဲ့ အမေရိကန်စီးပွားရေးကို ပြသတဲ့အစီရင်ခံစာတွေ အပေါ်မှာပဲ  အာရုံစိုက်နေသော်လည်း အမေရိကန်ပြည်သူတွေကတော့ ဒီမူဝါဒတွေဟာ ကုန်ဈေးနှုန်းနဲ့ ဓာတ်ငွေ့ဈေးနှုန်းတွေပဲ ဖြစ်ပါတယ်။ 

Ipsos ရဲ့ စစ်တမ်းမှာတော့ ဖြေဆိုသူတွေရဲ့ ၇၀ ရာခိုင်နှုန်းက စုစုပေါင်းအိမ်အသုံးစရိတ် မြင့်တက်လာတာကို တွေ့ရှိရတယ်လို့ ဆိုကြပြီး စက်တင်ဘာလ ၂၀၂၂ ခုနှစ်တုန်းကတော့ ဒီအခြေအနေကို ဖြေဆိုသူရဲ့ ၆၄ ရာခိုင်နှုန်း ကပဲ ခံစားခဲ့ရတာဖြစ်ပါတယ်။ 

သို့သော်လည်း စစ်တမ်းက သတင်းကောင်းတစ်ခုကိုတော့ ပြနေပါတယ်။ အမေရိကန်ပြည်သူတွေဟာ ငွေကြေးစီမံခန့်ခွဲပုံ ပိုကောင်းလာပါတယ်။ ဩဂုတ်လ ၂၀၂၂ ခုနှစ်နဲ့ ယှဉ်လျှင် ဓာတ်ငွေ့ဖိုးနဲ့ စားသောက်ကုန်ဖိုး မတတ်နိုင်တဲ့လူဦးရေ နည်းပါးလာပါတယ်။ ဘေလ်ပေးဆောင်ဖို့အချိန်လွန်သွားတဲ့ လူအရေအတွက်ဟာလည်း နည်းပါးလာပြီး အားလပ်ရက်ထွက်တဲ့လူဦးရေကတော့ ပိုများလာပါတယ်။ 

“လူတွေက ကုန်ဈေးနှုန်းတွေ မြင့်တက်တယ်လို့ဆိုပေမဲ့ ဒီကုန်ဈေးနှုန်းတွေဟာ လူတွေအပေါ် သက်ရောက်မှု အနည်းငယ်သာရှိပါတယ်” လို့ Ipsos ရဲ့ အကြီးအကဲတစ်ဦးဖြစ်တဲ့ မတ်ထ် ခါမီခယ်လ်က ဆိုပါတယ်။

Linko

Ref:Newsweek| Bidenomics Falls Flat for Rural Americans