【 ပြည်တွင်း 】 အမြန်လမ်းပေါ် လူ ၁ ယောက် ကားကြိတ်ခံရပြီး ခန္ဓာကိုယ်ကြေမွပျက်စီး

【 ပြည်တွင်း 】 အမြန်လမ်းပေါ် လူ ၁ ယောက် ကားကြိတ်ခံရပြီး ခန္ဓာကိုယ်ကြေမွပျက်စီး

မန္တလေး၊ မတ် - ၂၇
 
မန္တလေး၊ အမရပူရမြို့နယ်၊ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၃၆၄/၀ မှာ ဒီကနေ့ မနက်အစောပိုင်းက ကားကြိတ်ခံထားရတဲ့အနေအထားနဲ့ ခန္ဓာကိုယ်ကြေမွပျက်စီးနေတဲ့ အလောင်းတစ်လောင်းတွေ့ရှိမှု ဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။
 
“လူရယ်လို့တောင် မမြင်ရတော့အထိ အလောင်းက ကြေမွပျက်စီးနေတယ်၊ ဘယ်အချိန်ကတည်းက ကားတက်ကြိတ်ခံခဲ့ရသလဲ မသိဘူး၊ ကားတွေအများကြီး တက်ကြိတ်သွားတဲ့အနေအထား တွေ့ရတယ်၊ ကျွန်တော်တို့ ညီ နောင်အသင်းတစ်ခုက သွားသယ်ပြီး ရင်ခွဲရုံပို့ထားတယ်” လို့ မန္တလေးမြို့ခံ ပရဟတိအသင်းတစ်ခုမှ တာ၀န်ရှိသူက ပြောပါတယ်။
 
ဒီကနေ့ မနက် ၆ နာရီခွဲလောက်က ဖြစ်ပွားခဲ့တာပါ။
 
လက်တစ်ဘက်ရဲ့ လက်ချောင်းတွေကိုသာအနည်းငယ်မြင်ရတော့ပြီး ခန္ဓာကိုယ်တစ်ခုလုံး ကြေမွပျက်စီးနေတဲ့ အလောင်းတစ်လောင်း၊ အမြန်လမ်းပေါ်တွေ့ရှိကြောင်း သတင်းအရ၊ မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့က သွားရောက်သယ်ယူပြီး မန္တလေးဆေးရုံကြီး ရင်ခွဲရုံဆီ ပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။
 
အဲဒီအလောင်းနဲ့ပတ်သက်လို့ အလောင်းဟာအမျိုးသမီးလား၊ အမျိုးသားလားဆိုတာကအစ ဘာတစ်ခုမှမပြောနိုင်သေးဘူးလို့လည်း ၎င်းကဆိုပါတယ်။
 
အလောင်းတွေ့ရှိမှုဖြစ်စဉ်နဲ့ပတ်သက်လို့တော့ သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်လှစ်စစ်ဆေးနေတယ်လို့ သိရပါတယ်။
 
ရန်ကုန်-မန္တလေး အမြန်လမ်းပေါ် မန္တလေးဘက်အခြမ်း၊ တံခွန်တိုင်အဝိုင်းကနေ စကားအင်းအထိကို၊ ဆိုင်ကယ်မောင်းနှင်ခွင့် ကန့်သတ်ထားပြီး၊ လမ်းဖြတ်ကူးသူတွေကိုလည်း သတိထားဖြတ်သန်းကြဖို့ အရင်တုန်းကတော့ သက်ဆိုင်ရာတွေက မကြာခဏသတိပေးထုတ်ပြန်လေ့ရှိပါတယ်။
 
Photo - မြရည်နန္ဒာလူမှုကယ်ဆယ်ရေးအဖွဲ့