【 ပြည်တွင်း 】 ရမည်းသင်းမြို့နယ်မှာ ကျပ်သိန်း (၇၀၀) ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

【 ပြည်တွင်း 】 ရမည်းသင်းမြို့နယ်မှာ ကျပ်သိန်း  (၇၀၀) ကျော် တန်ဖိုးရှိ ဘိန်းစိမ်းများ ဖမ်းဆီးရမိ

ရန်ကုန်၊ မတ် - ၂၉

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်မှာ ကျပ်သိန်း (၇၀၀) ကျော် တန်ဖိုးရှိတဲ့ ဘိန်းစိမ်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သက်ဆိုင်ရာက ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ဖြစ်စဉ်မှာ မတ်လ ၂၆ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်လောက်က လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သက်သေတွေနဲ့အတူ ရမည်းသင်းမြို့နယ်၊ နန်းခွဲကျေးရွာအနီးမှာ မော်တော်ဆိုင်ကယ် ၂ စီးနဲ့အတူ မသင်္ကကာဖွယ်တွေ့ရှိတဲ့ မောင်ကြီး (၃၁) နှစ် ၊ ဦးပီး (၅၇) နှစ်နှင့် မောင်ခိုင်တို့ကို စစ်ဆေးရှာဖွေနေစဉ် မောင်ခိုင်မှာ ထွက်ပြေးသွားပြီး သူတို့မောင်းနှင်လာတဲ့ ဆိုင်ကယ်ပေါ်မှာ သယ်ဆောင်လာတဲ့ ဆာလာအိတ်အတွင်းကနေ ဘိမ်းစိမ်း ၇၈. ၄ ကီလို၊ (ကာလပေါက်စျေး တန်ဖိုး ငွေကျပ် ၇၀၅.၆ သိန်း)၊ မြန်မာငွေကျပ် ၆.၄ သိန်းနဲ့ လက်ကိုင်ဖုန်းနှစ်လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ CCDAC MYANMAR က ထုတ်ပြန်ထားပါတယ်။

အဆိုပါဖမ်းမိသူတွေကို ရမည်းသင်းမြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့် အရေးယူထားပြီး နောက်ထပ်ကွင်းဆက်တွေ ဖော်ထုတ်စစ်ဆေးနေတယ်လို့ သိရပါတယ်။

နေနေ