【 ပြည်တွင်း 】 မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဆက်လက်ဖြေရှင်းရန် တရုတ်သံအမတ်ကြီးပြော

【 ပြည်တွင်း 】 မြန်မာနိုင်ငံအနေဖြင့် ပဋိပက္ခကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဆက်လက်ဖြေရှင်းရန် တရုတ်သံအမတ်ကြီးပြော

ရန်ကုန်၊ မတ် - ၂၉

မြန်မာနိုင်ငံသည် ပဋိပက္ခကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဆက်လက်ဖြေရှင်းကာ မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခ အခြေအနေတည်ငြိမ်လာစေရန် မျှော်လင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က ပြောပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် မတ်လ ၂၈ ရက်နေ့တွင် နေပြည်တော်၌ အမျိုးသားစည်းလုံးညီညွှတ်ရေးနှင့် ငြိမ်ချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC)  အတွင်းရေးမှူးနှင့် ညှိနှိုင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် တွေ့ဆုံစဉ် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

နှစ်ဦးနှစ်ဖက်က မြန်မာနိုင်ငံ ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံ မြောက်ပိုင်းအရေးကိစ္စ ငြိမ်းချမ်းရေးဆွေးနွေးမှု သဘောတူညီမှုချက် အကောင်အထည်ဖော်ဆောင်သည့် အခြေအနေကို သုံးသပ်ခဲ့ကြကြောင်း ဖော်ပြထားပါတယ်။

အဆိုပါတွေ့ဆုံမှုတွင် သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံသည် ပဋိပက္ခကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ဆက်လက်ဖြေရှင်းကာ မြန်မာနိုင်ငံ ပြည်တွင်းပဋိပက္ခ အခြေအနေတည်ငြိမ်လာစေရန် မျှော်လင့်ကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုရရှိပြီး နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို ကာကွယ်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံက ယင်းအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ဆက်လက်ပါဝင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာဘက်ကလည်း တရုတ်နိုင်ငံ၏ အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်မှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ မြန်မာနိုင်ငံသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းမှုကို စောင့်ရှောက်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ၎င်းအတွက် ဆက်လက်ကြိုးပမ်းကာ တရုတ်နိုင်ငံနှင့်အတူ အမြဲညှိနှိုင်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Chen Hai သည် မတ်လ ၂၈ ရက်နေ့မှာပဲ နစက၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့်လည်း နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အောင်အောင်