【 ပြည်တွင်း 】 မန္တလေးမှာ ဆိုင်ကယ်အပိုပစ္စည်းဂိုဒေါင် မီးလောင်မှုဖြစ်၊ ၂ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရ

【 ပြည်တွင်း 】 မန္တလေးမှာ ဆိုင်ကယ်အပိုပစ္စည်းဂိုဒေါင် မီးလောင်မှုဖြစ်၊ ၂ နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရ

မန္တလေး၊ မတ် - ၂၉

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇ လမ်းနဲ့ ၁၄၁ (စီ) လမ်းထောင့်အနီးက ဆိုင်ကယ်အပိုပစ္စည်းဂိုဒေါင်မှာ ယမန်နေ့ ည ၇ နာရီခွဲလောက်က မီးလောင်မှုဖြစ်ပွားခဲ့ရာမှာ မီးလောင်အားများလွန်းလို့ နှစ်နာရီနီးပါး မီးငြှိမ်းသတ်ခဲ့ရတယ်လို့ မီးငြှိမ်းသတ်ရာမှာ ပါဝင်ခဲ့ကြသူတွေဆီက သိရပါတယ်။

“မီးလောင်ချိန်မှာ လေကတဟူးဟူးနဲ့၊ ဂိုဒေါင်ကလည်း တအားကြီးတယ်၊ တာယာတွေမို့လို့ မီးလောင်အားကလည်းကောင်းတယ်၊ အခြေအနေအားလုံးပေါင်းလိုက်တော့ မီးလောင်အားများလွန်းလို့ နှစ်နာရီလောက် မီးငြှိမ်းသတ်ခဲ့ရတယ်၊ တစ်မြို့လုံးနီးပါး မီးသတ်စခန်းတွေရော၊ လူမှုရေးအသင်းတွေပါ အကုန်လာကြရတယ်” လို့ မီးငြှိမ်းသတ်ရာမှာပါဝင်ခဲ့တဲ့ မီးသတ်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။

ည ၇ နာရီ ၃၂ မိနစ်လောက်မှာ မီးစလောင်တာဖြစ်ပြီး၊ Level 2 အဆင့်နဲ့ မီးငြှိမ်းသတ်ခဲ့ပြီးနောက် ည ၉ နာရီ ၂၀ မိနစ်လောက်မှာ မီးလုံးဝငြိမ်းသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ ပရဟိတအသင်းတွေက ရေကား ကူညီပေးတာရှိတယ်၊ မီးမောင်းထိုးပေးတာတွေရှိတယ်၊ မီးငြှိမ်းရဲဘော်တွေထဲမှာ ဒဏ်ရာရတာတွေလည်းရှိတော့ ရှေးဦးပြုစုတာတွေ လုပ်ပေးရတယ်၊ ဆိုးဆိုးရွားရွား ဒဏ်ရာရတာမျိုးတော့ မရှိခဲ့ပါဘူး၊ မီးကတော့ အတော်လေးကိုကြီးပါတယ်” လို့ လူမှုကယ်ဆယ်ရေးအသင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောပါတယ်။

မီးလောင်မှုအကြောင်းအရင်းနဲ့ ဆုံးရှုံးမှုတန်ဖိုးကိုတော့ အခုမနက်ပိုင်းအထိ တွက်ချက်နေဆဲအခြေအနေဖြစ်တယ်လို့လည်း သိရပါတယ်။

မန္တလေး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ မနက်အစောပိုင်းကလည်း၊ နှစ်နာရီခွဲနီးပါး မီးငြှိမ်းသတ်ခဲ့ရတဲ့ ပီနံအိတ်စက်ရုံ မီးလောင်မှု ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ပါသေးတယ်။

မန္တလေးမြို့မှာ အခု မတ်လအတွင်း မီးလောင်မှု (၂၈) ကြိမ်ဖြစ်ခဲ့ပြီး၊ အသက်သုံးဆယ်ဝန်းကျင် အမျိုးသားတစ်ဦးနဲ့ ဆယ်ကျော်သက်အရွယ် ကျောင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။

ဖြူလုံး
Photo - နယ်မြေခံမီးသတ်စခန်းများ