【 ပြည်တွင်း 】 ဗဟိုဘဏ်က နှစ်လအတွင်း ဒေါ်လာ သန်း ၁၃၀ နီးပါး ထုတ်ရောင်းခဲ့

【 ပြည်တွင်း 】 ဗဟိုဘဏ်က နှစ်လအတွင်း ဒေါ်လာ သန်း ၁၃၀ နီးပါး ထုတ်ရောင်းခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ - ၂၇

ဗဟိုဘဏ်အနေဖြင့် အခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်းမှာ နိုင်ငံခြားငွေကြေးစျေးကွက်အတွင်း အမေရိကန်ဒေါ်လာ သန်း ၁၃၀ နီးပါးနှင့် ထိုင်းဘတ် သန်း ၁၁၀၀ ကျော် ရောင်းချခဲ့ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ထုတ်ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါးနှင့် ထိုင်းဘတ် သန်း ၃၀၀ အထိ ရောင်းချပေးခဲ့ကြောင်း သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလအတွင်းမှာလည်း ၈ ကြိမ်အထိ ရောင်းချပေးခဲ့ရာ အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်နှင့် ထိုင်းဘတ် သန်း ၈၅၀ အထိ ရောင်းချပြီးဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် အခု ဖေဖော်ဝါရီလ ၁ ရက်တွင် ဒေါ်လာ ၁၃ သန်း၊ ဖေဖော်ဝါရီ ၂ ရက်တွင် ဒေါ်လာ ၅ သန်းနှင့် ထိုင်းဘတ် သန်း ၅၀၊ ဖေဖော်ဝါရီ ၅ ရက်တွင် ဒေါ်လာ ၁၁ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀၊ ဖေဖော်ဝါရီ ၈ ရက်တွင် ဒေါ်လာ ၈ သန်း၊ ဖေဖော်ဝါရီ ၁၄ ရက်တွင် ဒေါ်လာ ၅.၃၈ သန်း၊ ဖေဖော်ဝါရီ ၁၅ ရက်တွင် ဒေါ်လာ ၉ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀၊ ဖေဖော်ဝါရီ ၂၆ ရက်တွင် ဒေါ်လာ ၈ သန်းနှင့် ထိုင်းဘတ် သန်း ၂၀၀ တို့ကို အသီးသီးရောင်းချခဲ့ကြောင်း ထုတ်ပြန်ချက် စာရင်းတွေမှာ ဖော်ပြထားပါတယ်။

နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း အရောင်းအဝယ်ပြုလုပ်ရာတွင် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၅ ရက်က စတင်ကာ နိုင်ငံခြားငွေလဲနှုန်းကို ဗဟိုဘဏ်က သတ်မှတ်ပေးခြင်းမျိုးမဟုတ်ဘဲ ဈေးကွက်ပေါက်ဈေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုကာ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

လင်းလင်း