【 နိုင်ငံတကာ 】 ဟနွိုင်းမှာ လူနေတိုက်ခန်းတွဲ မီးလောင်သဖြင့် အနည်းဆုံး ၅၆ ဦးသေဆုံးကာ ၃၇ ဦးဒဏ်ရာရ

【 နိုင်ငံတကာ 】 ဟနွိုင်းမှာ လူနေတိုက်ခန်းတွဲ မီးလောင်သဖြင့် အနည်းဆုံး ၅၆ ဦးသေဆုံးကာ ၃၇ ဦးဒဏ်ရာရ

ဟနွိုင်း၊ စက်တင်ဘာ - ၁၄

ဗီယက်နမ်နိုင်ငံ မြို့တော်ရှိ ကိုးထပ်တိုက် အဆောက်အအုံတစ်ခုမှာ  မီးလောင်ခဲ့ရာ အနည်းဆုံး လူ ၅၆ ဦးသေဆုံးပြီး ၃၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး မီးလောင်မှုထဲတွင် အနည်းဆုံး ကလေးလေးဦးပါဝင်ခဲ့ကြောင်း အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။

မီးလောင်မှုဟာ လူပေါင်း ၁၅၀ လောက် နေထိုင်တဲ့ အဆောက်အအုံတစ်ခုမှာ အင်္ဂါနေ့ ညသန်းခေါင်မတိုင်ခင်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။

မီးသတ်သမားများက မီးငြှိမ်းသတ်နိုင်ခဲ့သော်လည်း ကျဉ်းမြောင်းသော လမ်းကြားရှိ အဆောက်အအုံ၏ တည်နေရာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ ခက်ခဲစေခဲ့ပါတယ်။အရုဏ်တက်ချိန်အထိ အဆောက်အအုံအတွင်း လူဒါဇင်ပေါင်းများစွာ ပိတ်မိနေခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

သေဆုံးသူ ၅၆ ဦးအနက် ၃၉ ဦးကို ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ကြောင်း နိုင်ငံပိုင် ဗီယက်နမ်သတင်းက ဟနွိုင်းရဲတပ်ဖွဲ့ကို ကိုးကား၍ ဗုဒ္ဓဟူးနေ့ ညနေပိုင်းတွင် ပြောကြားခဲ့ပါတယ်။သေဆုံးသူများထဲ ကလေးငယ်လေးဦးလည်း ပါဝင်တယ်လို့ နိုင်ငံပိုင်ရုပ်သံလိုင်း VTV က ပြောပါတယ်။

ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများကို မြို့အနှံ့ရှိ ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးသည့်အတွက် သေဆုံးသူအရေအတွက်နှင့်ပတ်သက်၍ ကနဦးသတင်းအရသာ သိရသေးပြီး ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ဆေးရုံများတွင် ဆေးကုသမှုခံယူနေရသူ ဒဏ်ရာရသူ ဒါဇင်ပေါင်းများစွာမှာ မီးခိုးရှူရှိုက်မိခြင်းနှင့် အဆောက်အဦမှ လွတ်မြောက်ရန်ဇောဖြင့် ကြိုးပမ်းစဉ်တွင် ဒဏ်ရာများရရှိခဲ့ကြတာဖြစ်ပါတယ်။

အရေးပေါ်ထွက်ပေါက်မရှိသော အဆောက်အဦရဲ့ ကားရပ်နားရာနေရာမှ သန်းခေါင်ယံအချိန်တွင် ထလောင်သည့် မီးလောင်မှု၏ အကြောင်းအရင်းကို အာဏာပိုင်များက စုံစမ်းစစ်ဆေးနေကြောင်း သိရပါတယ်။

ရဲတပ်ဖွဲ့သည် ၎င်းတို့၏ စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် အဆောက်အအုံပိုင်ရှင်ကို ဖမ်းဆီးထားပါတယ်။

အဆောက်အဦသည် အထပ်များစွာမြင့်ပြီး ကျဉ်းမြောင်းရှည်လျားကာ ၎င်းတွင်နေထိုင်သူများထဲ မိသားစုများနှင့် ကျောင်းသားများလည်း ပါဝင်ပါတယ်။အဆောက်အအုံ၏ နံရံများကို မီးခိုးငွေ့များဖြင့် မည်းမှောင်နေသည့်ပုံများကို ပြသထားကာ အပူကြောင့် ဝါယာကြိုးများ ပူးကပ်နေတာကိုပါ ပြထားပါတယ်။

ဗီယက်နမ်ဝန်ကြီးချုပ် ဖန်မင်ချင်းက အဆိုပါအဆောက်အအုံသို့ သွားရောက်ပြီး သေဆုံးသူများ၏ မိသားစုဝင်များအား ဝမ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

ယမန်နှစ်ကလည်း ဗီယက်နမ်နိုင်ငံ တောင်ပိုင်း Binh Duong ပြည်နယ်ရှိ ကာရာအိုကေဆိုင်တွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ပိတ်မိပြီး  လူ ၃၂ ဦး သေဆုံးခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

Linko
Ref - AP