【 နိုင်ငံတကာ 】 ရာမာဒန်ကာလအတွင်း ဂါဇာတွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ ချမှတ်၊ နှစ်ဖက်လိုက်နာဖွယ်မရှိ

【 နိုင်ငံတကာ 】 ရာမာဒန်ကာလအတွင်း ဂါဇာတွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် လုံခြုံရေးကောင်စီ ချမှတ်၊ နှစ်ဖက်လိုက်နာဖွယ်မရှိ

ဂါဇာ၊ မတ် - ၂၇
 
မြင့်မြတ်သော ရာမာဒန်လအတွင်း ဂါဇာတွင် ချက်ခြင်းအပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တနင်္လာနေ့တွင် ချမှတ်ခဲ့သော်လည်းအရှေ့အလယ်ပိုင်းမှ ထွက်ပေါ်လာသော သတင်းများအရ အစ္စရေးနှင့် ဟားမတ်စ်အဖွဲ့ နှစ်ခုစလုံးက လိုက်နာဖွယ်မရှိကြောင်း ဖော်ပြခဲ့တာကို တွေ့ရပါတယ်။
 
အဖွဲ့ဝင် ၁၅ နိုင်ငံရှိသော လုံခြုံရေးကောင်စီတွင် ထောက်ခံမဲ ၁၄ မဲ ရရှိသည့် ထိုဆုံးဖြတ်ချက်သည် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခဖြစ်ပွားပြီးနောက် ဂါဇာတွင် အပစ်အခတ်ရပ်ရန် လုံခြုံရေးကောင်စီက ပထမဆုံးတောင်းဆိုသည့် ဆုံးဖြတ်ချက်ဖြစ်ပါတယ်။
 
ဂါဇာတွင် အပစ်အခတ်ရပ်စဲရန် တောင်းဆိုသည့် ဆုံးဖြတ်ချက် မူကြမ်းများကို ယခင်က ၃ ကြိမ်တိုင် ဗီတိုဖြင့်ပယ်ချသော အမေရိကန် ပြည်ထောင်စုသည့် တနင်္လာနေ့တွင် မဲမပေးဘဲ နေပြီး မူကြမ်းကို အတည်ပြုခွင့်ပေးခဲ့ပါတယ်။
 
ထိုဆုံးဖြတ်ချက် ချမှတ်ခြင်းကို ဟားမတ်စ်က ကြိုဆိုပါတယ်။အပစ်အခတ်ရပ်စဲရေး ကတိပြုရန်နှင့် ပါလက်စတိုင်းပြည်သူများကို မျိုးဖြုတ်သည့် စစ်ရပ်ရန်အတွက် အစ္စရေးကို ဖိအားပေးရန် ဟားမတ်စ်က ကြေညာချက်တစ်စောင်တွင် လုံခြုံရေးကောင်စီကို တိုက်တွန်းခဲ့ပါတယ်။
 
အကျဉ်းသားလဲလှယ်ရေးအစီအစဉ်တွင် ချက်ခြင်းပါဝင်ရန် အသင့်ရှိကြောင်း ထိုကြေညာချက်တွင် အလေးထားပြောပြီးအမြဲတမ်းအပစ်အခတ်ရပ်စဲရန် လိုအပ်ကြောင်း ပြောကာ အစ္စရေးတပ်များ ဂါဇာမှ ဆုတ်ခွာရေးကိုလည်း ထိုကြေညာချက်တွင် တောင်းဆိုထားပါတယ်။
 
အမေရိကန်ပြည်ထောင်စုက မဲမပေးဘဲနေပြီးနောက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးအဆင့်မြင့်အရာရှိများပါသည် ကိုယ်စားလှယ်အဖွဲ့၏ ဝါရှင်တန်ခရီးစဉ်ကိုဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပါတယ်။
 
ဟားမတ်စ်က ဖမ်းဆီးထားသည့် ဓာစာခံများ လွှတ်ပေးရေး စည်းကမ်းချက်မပါဘဲ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ခြင်းသည် အမေရိကန်ပြည်ထောင်စု၏ မူဝါဒကို နောက်ဆုတ်လိုက်ခြင်းဖြစ်သည်ဟု နေတန်ယာဟု စွပ်စွဲခဲ့ပါတယ်။
 
           ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် တရုတ်တောင်းဆို
 
ရာမာဒန်အတွက် ဂါဇာတွင် အပစ်အခတ် ချက်ခြင်းရပ်ရန် တောင်းဆိုသည့် မကြာသေးမီက ချမှတ်လိုက်သော လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန် တရုတ်က တောင်းဆိုခဲ့ပါတယ်။
 
“ပဋိပက္ခဖြစ်ပြီး ၆ လနီးပါးကြာတဲ့အခါ ပါလက်စတိုင်းအရပ်သား ၃၂,၀၀၀ အသက်ဆုံးရှုံးတယ်။သူတို့တွေအတွက် တနင်္လာနေ့က လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က သိပ်နောက်ကျသွားပြီ။ဒါပေမဲ့ မကြုံစဖူး ပြင်းထန်တဲ့ လူသားချင်းစာနာမှုအကျပ်အတည်း ရင်ဆိုင်နေရတဲ့ ဂါဇာပြည်သူ သန်းပေါင်းများစွာအတွက် ဒီဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်နေတာကြာပြီဖြစ်တဲ့ မျှော်လင့်ချက်ရှိနိုင်တယ်” ဟု ကုသလမဂ္ဂဆိုင်ရာ တရုတ်အမြဲတမ်း ကိုယ်စားလှယ်က ပြောခဲ့ပါတယ်။
 
စိုးချစ်
သတင်းရင်းမြစ် - CMG ၊ TRT