【 နိုင်ငံတကာ 】 စင်ကာပူမှ တရုတ်နိုင်ငံသားများ လောင်းကစားရှောင်ရန် တရုတ်သတိပေး

【 နိုင်ငံတကာ 】 စင်ကာပူမှ တရုတ်နိုင်ငံသားများ လောင်းကစားရှောင်ရန် တရုတ်သတိပေး

ပေကျင်း၊ မတ် - ၁၉

စင်ကာပူရှိ တရုတ်နိုင်ငံသားများအနေဖြင့် လောင်းကစားပုံစံအားလုံးမှ ရှောင်ရှားရန် တရုတ်သံရုံးက တနင်္လာနေ့တွင် တိုက်တွန်းလိုက်ပြီး ပြည်ပတွင် လောင်းကစားလုပ်ခြင်းသည် တရုတ်ဥပဒေများကို ချိုးဖောက်ကြောင်း ပြောကြားလိုက်ပါတယ်။

လူကြိုက်များသော ခရီးသွားနေရာဖြစ်သည့် အရှေ့တောင်အာရှတစ်ခွင်မှ လောင်းကစားလုပ်နေသည့် တရုတ်နိုင်ငံသားများကို ဖြိုခွဲရန် အားထုတ်မှုများကို ပေကျင်းက အရှိန်မြှင့်တင် လုပ်ဆောင်နေစဉ် ထိုသတိပေးချက် ထွက်လာခြင်းဖြစ်ပါတယ်။

သံရုံးက ကြေညာချက်တစ်စောင်တွင် တရုတ်နိုင်ငံသားအားလုံးအနေဖြင့် ၎င်းတို့၏ ဥပဒေသိရှိ နားလည်မှု အဆင့်မြှင်တင်ရန်နှင့် လောင်းကစားခြင်းရှောင်ရန် အလေးအနက် သတိပေးခဲ့ပါတယ်။စင်ကာပူသည် Las Vegas Sands နှင့် Genting Singapore တို့က ဖွင့်ထားသည့် ကာစီနို ၂ ခုရှိသော နိုင်ငံဖြစ်ပါတယ်။

“ပြည်ပမှ ကာစီနိုများကို တရားဝင်ဖွင့်ထားစေကာမူ တရုတ်နိုင်ငံသားများ နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ခြင်းသည် မိမိတို့နိုင်ငံ ဥပဒေကို ချိုးဖောက်သည်ဟု သံသယဖြစ်စေသည်” ဟု သံရုံးက ပြောကြားပြီး ထိုချိုးဖောက်မှုများအတွက် သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများသည် ချိုးဖောက်မှုများအတွက် အကာအကွယ်ပေးနိုင်ဖွယ်မရှိကြောင်း ဆက်လက်ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံသည် နယ်စပ်ဖြတ်ကျော်၊ ကမ်းလွန်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများကို ဖြိုခွဲမှုကို အရှိန်မြှင့်တင်ပြီး ထိုတရားမဝင်လုပ်ငန်းများနှင့် ပြည်ပမှ နိုင်ငံသားများအပေါ် ခြိမ်းခြောက်မှုများကို ထိန်းချုပ်ရန် ကြိုးစားရင်း အလားတူသတိပေးချက်များကို အခြားနိုင်ငံများသို့လည်း ပေးပို့နေပါတယ်။

“နယ်စပ်ဖြတ်ကျော် လောင်းကစားသည် လိမ်လည်မှု၊ ငွေကြေးခဝါချမှု၊ ပြန်ပေးဆွဲမှု၊ ဖမ်းဆီးချုပ်နှောင်မှု၊ လူကုန်ကူးခြင်းနှင့် မှောင်ခိုကူးခြင်း စသည့် အန္တရာယ်များကိုလည်း ဖြစ်စေနိုင်သည်” ဟု စင်ကာပူရှိ တရုတ်သံရုံးက ၎င်းတို့၏ တနင်္လာနေ့ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားပါတယ်။

တောင်ကိုရီးယားနှင့် သီရိလင်္ကာမှ တရုတ်သံရုံးများသည်လည်း အလားတူကြေညာချက်မျိုးကို မကြာသေးမီက ထုတ်ပြန်ခဲ့ကြပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် တရုတ်နှင့် ဖိလစ်ပိုင်မှ တရားဥပဒေစိုးမိုးရေး အေဂျင်စီများသည် ရေခြားမြေခြားလောင်းကစားတွင် ပါဝင်သည့် တရုတ်နိုင်ငံသားများကို ပြန်လည်ပို့ဆောင်ရန် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ဖိလစ်ပိုင်ရှိ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

“တရုတ်အစိုးရသည် လောင်းကစား၏ မည်သည့်ပုံစံကိုမဆို အမြဲတမ်းဆန့်ကျင်ခဲ့ပြီး လောင်းကစားလုပ်ငန်း လုပ်ကိုင်ရန် တရုတ်နိုင်ငံသားများ နိုင်ငံမှထွက်ခွာခြင်းကိုလည်း အမြဲတမ်းဆန့်ကျင်သည်” ဟု အထက်ပါသံရုံးက ပြောပါတယ်။

ထို့အပြင် တရုတ်နှင့် ဗီယက်နမ် ပြည်သူ့လုံခြုံရေးဝန်ကြီးများသည် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် သဘောတူခံပြီး နယ်စပ်ဖြတ်ကျော် လောင်းကစားလုပ်ငန်းကို အတူတကွတိုက်ဖျက်ရန် နားလည်မှု စာချွန်လွှာတစ်စောင်ကိုလည်း လက်မှတ်ရေးထိုးခဲ့ပါတယ်။

စင်ကာပူရှိ တရုတ်သံရုံးက တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနသည် နယ်စပ်ဖြတ်ကျော်နှင့် အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးအတွက် သတင်းပို့သည့် ပလက်ဖောင်းတစ်ခု ထူထောင်ထားပြီး ထိုနေရာတွင် တရုတ်နိုင်ငံသားများသည် သဲလွန်စများ၊ သံသယရှိသော လှုပ်ရှားမှုများကို သတင်းပို့နိုင်ကြောင်း ဖော်ပြထားပါတယ်။

စိုးချစ်
သတင်းရင်းမြစ် - Reuters