【 နိုင်ငံတကာ 】ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှု တရုတ်တပ်မတော်စတင်

【 နိုင်ငံတကာ 】ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှု တရုတ်တပ်မတော်စတင်

အမေရိကန်အောက်လွှတ်တော် ဥက္ကဋ္ဌ နန်စီ ပလိုစီ၏ ခရီးစဉ်ကို တုံ့ပြန်သောအားဖြင့် ထိုင်ဝမ် ပတ်လည်မှ နေရာများတွင် တရုတ်တပ်မတော်က ကျည်အစစ်ဖြင့် ၃ ရက်ကြာ စစ်ရေးလေ့ကျင့်မှု စတင်လိုက်ပြီ ဖြစ်သော်လည်း ထိုင်ဝမ်က လေကြောင်းခရီးစဉ်များနှင့် သင်္ဘောခရီးစဉ်များအပေါ် သက်ရောက်မှုသည် မပြောပလောက်ကြောင်း ပြောခဲ့ပါတယ်။

ထိုင်ဝမ်ကျွန်းပတ်ပတ်လည်မှ နေရာ ၆ ခုတွင် ကျည်အစစ်ဖြင့် စစ်ရေးလေ့ကျင့်မှုကို မူလက စီစဉ်ထားသည့်အတိုင်း ကြာသပတေးနေ့ မွန်းတည့်ချိန်တွင် စတင်သည်ဟု တရုတ်အစိုးရ ရုပ်သံ စီစီတီဗွီက ဖေါ်ပြခဲ့ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်း စစ်မျက်နှာစစ်ဌာနချုပ်က  ကြာသပတေးနေ့ နေ့လည် တစ်နာရီတွင် ရေလက်ကြား၌ တာဝေးပစ်လက်နက်များ စမ်းသပ်ပစ်ခတ်ကြောင်း စီစီတီဗွီက ဖေါ်ပြပြီး ထိုင်ဝမ် ရေလက်ကြား အရှေ့ပိုင်းမှ နေရာတစ်ခုကို အတိအကျပစ်ခတ်မှုများ ပြုလုပ်သည်ဟု ပြောပါတယ်။ အခြားအသေးစိတ်များကိုမူ ပြောကြားခြင်းမပြုပေ။

 

ပယ်လိုစီ၏ ခရီးစဉ်ကို တုံ့ပြန်သောအနေဖြင့် ပြုလုပ်သည့် ဆယ်စုနှစ်များစွာအတွင်း အပြင်းထန်ဆုံး စစ်ရေး လေ့ကျင့်မှုပြုလုပ်မည်ဟု ကြေညာပြီးနောက် လေကြောင်းလိုင်းများအနေဖြင့် အန္တရာယ်ဇုန်ကို ရှောင်ရှားရန် တရုတ်က သတိပေးထားပါတယ်။ ထိုလေ့ကျင့်မှုများတွင် ဒုံးကျည်စမ်းသပ်မှုများနှင့် ကျည်အစစ်ဖြင့် ပစ်ခတ်မှုများ ပါဝင်ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် တတိယ သြဇာအကြီးမားဆုံးဖြစ်သော ပယ်လိုစီသည် ထိုင်ဝမ်သမ္မတ ချိုင်အင်းဝန်နှင့် တိုင်ပေတွင်တွေ့ဆုံပြီးနောက် အမေရိကန် ပြည်ထောင်စုသည် ထိုင်ဝမ်ကို ပစ်ပယ်မည်မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်က အင်္ဂါနေ့ကပင်စတင်ပြီး ထိုင်ဝမ်ကမ်းလွန် အရှေ့ပိုင်း ရေပိုင်နက်တွင် တာဝေးပစ်ဒုံးကျည်စမ်းသပ်မှုများနှင့် ပဲ့ထိန်း ဒုံးကျည်များ ပစ်ခတ်စမ်းသပ်သည်ဟု ဆိုသော်လည်း ထိုသို့သော ဖြစ်ရပ်များကို ထိုင်ဝမ်ဘက်ကဖေါ်ပြခြင်း မရှိသေးပေ။

ထိုစစ်ရေးလေ့ကျင့်မှု တပ်များကို အထူးတပ်လှန့်ထားကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ထိုသို့သော စစ်ရေးလေ့ကျင့်မှုများသည် ဒေသတွင်းတည်ငြိမ်မှုကိုလည်း ထိခိုက်စေမည်ဟု ဖေါ်ပြခဲ့ပါတယ်။  လေကြောင်းခရီးစဉ်များအနေဖြင့် တနင်္ဂနွေနေ့တွင် စစ်ရေးလေ့ကျင့်မှု ပြီးစီးသည်အထိ ဂျပန်နှင့် ဖိလစ်ပိုင်မှ အခြားလမ်းကြောင်းများကို အသုံးပြုနိုင်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝန်ကိုချိုင်ပြောပါတယ်။ သင်္ဘောများမှာ ထိုစစ်ရေးလေ့ကျင့်သည့် နေရာများကို ရှောင်ကွင်းသွားလာနိုင်မည်ဖြစ်ကြောင်း သူက ပြောပါတယ်။

“သင်္ဘောသွားလာတာက လေကြောင်းခရီးလို ပုံသေလမ်းကြောင်း မရှိဘူး။ ပိုမိုလွတ်လပ်တယ်” ဟု ဗုဒ္ဓဟူးနေ့နှောင်းပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ဝန်က ပြောပါတယ်။ “အရင်ကလုပ်သလိုပဲ စစ်ရေးလေ့ကျင့်တဲ့နေရာတွေကို ရှောင်ပြီးသွားကြပါ” ဟု သူက ပြောခဲ့ပါတယ်။

ပယ်လိုစီ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ပြင်းထန်စွာတုံ့ပြန်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင် ဖိအားပေးခံနေရပါတယ်။ ပေကျင်းသည် ပယ်လိုစီ၏ ခရီးစဉ်ကို တားမြစ်နိုင်ခြင်းမရှိသောကြောင့် တရုတ်အမျိုးသားရေး ဝါဒီအချို့က စိတ်ပျက်နေပါတယ်။ ပယ်လိုစီသည် ဗုဒ္ဓဟူးနေ့တွင် ထိုင်ဝမ်မှ တောင်ကိုရီးယားသို့ ထွက်ခွာသွားပြီး ကြာသပတေးနေ့တွင် တောင်ကိုရီးယားတွင် ဆွေးနွေးပွဲများ ကျင်းပပြီးနောက် ဂျပန်သို့ဆက်လက်သွားရောက်မည် ဖြစ်ပါတယ်။

Linko

Ref: The Guardian

ပေကျင်း၊ ဩဂုတ် ၄