【နိုင်ငံတကာ】ဆိပ်ကမ်းဖွင့်ပေးရန် သဘောတူညီချက်ရေးထိုးပြီး နောက်တစ်ရက်မှာ အိုဒက်ဆာဆိပ်ကမ်းကို ရုရှားက ဒုံးကျည်ဖြင့်ပစ်

【နိုင်ငံတကာ】ဆိပ်ကမ်းဖွင့်ပေးရန် သဘောတူညီချက်ရေးထိုးပြီး နောက်တစ်ရက်မှာ အိုဒက်ဆာဆိပ်ကမ်းကို ရုရှားက ဒုံးကျည်ဖြင့်ပစ် 

ကမ္ဘာ့စျေးကွက်သို့ ကောက်ပဲသီးနှံများ တင်ပို့မှု ပြန်လည်စတင်ရန်အတွက် ပင်လယ်နက်ဆိပ်ကမ်းများ ပြန်လည်ဖွင့်လှစ်ရန် ရုရှားနှင့် ယူကရိန်းတို့ သဘောတူ လက်မှတ်ရေးထိုးပြီးနောက် တစ်ရက်အကြာတွင် ယူကရိန်းနိုင်ငံ အိုဒက်ဆာ ဆိပ်ကမ်းရှိ အခြေခံအဆောက်အအုံများကို ရုရှားက ပစ်ခတ်သည့် ဒုံးကျည်များထိမှန်ခဲ့ကြောင်း ယူကရိန်းစစ်တပ်က ပြောကြားခဲ့ပါတယ်။ "ရန်သူက အိုဒက်ဆာ ပင်လယ်ကူးသန်းရောင်းဝယ်ရေးဆိပ်ကမ်းကို ကာလီဘာခရုဇ်ဒုံးကျည်များနဲ့ တိုက်ခိုက်ခဲ့ရာမှာ ဒုံးကျည် ၂ စင်းကို လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက ပစ်ချခဲ့ပြီး ၂ စင်းကတော့ ဆိပ်ကမ်းရဲ့ အခြေခံအဆောက်အအုံကို ထိမှန်ခဲ့ကြောင်း" Operational Command South မှ တယ်လီဂရမ်မှာ ရေးသားခဲ့ပါတယ်။

ရုရှားကျူးကျော်မှုအတွင်း ယူကရိန်းသိုလှောင်ရုံများတွင် ပိတ်မိနေသည့် သီးနှံတန်ချိန်သန်းပေါင်း များစွာကို တင်ပို့ရန်အတွက် ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းများကို ပြန်လည်ဖွင့်လှစ်ရန် ရုရှားနှင့် ယူကရိန်း တို့ သောကြာနေ့က အစ္စတန်ဘူလ်တွင် အဓိကသဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ ယူကရိန်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အဆိုပါ တိုက်ခိုက်မှုက အစ္စတန်ဘူလ်မြို့၌ ကုလသမဂ္ဂနှင့် တူရကီတို့အား ကြားဝင်စေ့စပ်ပေးပြီး ရုရှားက ရေးထိုးခဲ့သော သဘောတူညီချက်များနှင့် ကတိများကို မေးခွန်းထုတ်စရာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရုရှားနိုင်ငံသည် ယူကရိန်းပင်လယ်နက်ဆိပ်ကမ်းများမှ သီးနှံတင်ပို့မှုအတွက် ဘေးကင်းသော စင်္ကြံသဘောတူညီချက်အရ ရုရှားက ၎င်း၏ကတိကဝတ်များကို ဖြည့်ဆည်းဆောင်ရွက်ရန် ကုလသမဂ္ဂနှင့် တူရကီတို့အား တောင်းဆိုထားပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရန် တောင်းဆိုချက်ကို ချက်ခြင်း အကြောင်းမပြန်ခဲ့ပါဘူး။ ကိယက်ဗ့်ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဘရစ်ဂျစ်ဘရင့်ကတော့ ဒီတိုက်ခိုက်မှုဟာ ဒေါသထွက် စရာလို့ ပြောခဲ့ပါတယ်။

Linko

Ref: english.alaraby

ကိယက်ဗ့်၊ ဇူလိုင် ၂၄