【 နိုင်ငံတကာဆောင်းပါး 】 အာရှခရီးသွားလာမှုအတွက် အလားအလာကောင်းနိုင်တဲ့ တရုတ်နှစ်သစ်ကူး

【 နိုင်ငံတကာဆောင်းပါး 】 အာရှခရီးသွားလာမှုအတွက် အလားအလာကောင်းနိုင်တဲ့ တရုတ်နှစ်သစ်ကူး

တရုတ်နှစ်သစ်ကူး (နွေဦးပွဲတော်) လို့ သိကြတဲ့တရုတ်လူမျိုးတို့ရဲ့ နှစ်သစ်ကို စတင်ဖို့ နီးကပ်လာချိန်မှာပဲ တရုတ်နိုင်ငံနဲ့ အာရှရဲ့ ခရီးသွားလုပ်ငန်းတွေက လှုပ်ရှားအသက်ဝင်လာပါတယ်။
 
တရုတ်နှစ်အလိုက် ရာသီခွင်အရ နဂါးနှစ်ဖြစ်တဲ့ အခုလာမယ့်နှစ်သစ်ကူးနဲ့အတူ နိုင်ငံတကာ လေယာဉ်လက်မှတ်ရှာဖွေမှုဟာ တစ်နှစ်ထက် တစ်နှစ် ခုနစ်ဆ ခုန်တက်ခဲ့တယ်လို့ အွန်လိုင်းခရီးသွားအေဂျင်စီ Tongcheng Travel က ဖော်ပြပါတယ်။ဒါ့အပြင် ဇန်နဝါရီ ၂၆ ရက်ကနေ မတ် ၅ ရက်အတွင်း ခရီးသည် သန်း ၈၀ ခန့် ခရီးသွားဖို့ရှိနေတယ်လို့ တရုတ်နိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အကြီးတန်းအရာရှိ Liang Nan က သတင်းစာရှင်းလင်းပွဲတစ်ခုမှာဆိုခဲ့တယ်လို့ BNN Bloomberg က ဖော်ပြထားပါတယ်။ဒါဟာ တစ် ရက်တာအတွက် ခရီးစဉ် ၂ သန်းခန့်ရှိပြီး ၂၀၂၉ ရဲ့အဆင့်ထက် ၉.၈ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။
 
Liang ရဲ့အဆိုအရ ဂျပန်၊ တောင်ကိုရီးယားနှင့် အရှေ့တောင်အာရှတို့လို ပြည်ပနေရာတွေက ရေပန်းစားနေပြီး ပြည်တွင်းအနေနဲ့လည်း Hainan အပန်းဖြေကျွန်းပေါ်ရှိ Sanya ကဲ့သို့ Xinjiang ဒေသက အားလပ်ရက်အတွင်း ခရီးသွားလာမှု သိသိသာသာ ပိုများလာမယ်လို့ ဆိုပါတယ်။အခြားတစ်ဖက်မှာ ပုံမှန်အားဖြင့် သန်းနဲ့ချီ တဲ့ အလုပ်သမားတွေအတွက်လည်း ဒီကာလက ၎င်းတို့ရဲ့ မိသားစုတွေနဲ့အတူ နှစ်ကူးကိုဖြတ်သန်းဖို့ အိမ်ပြန်ကြတဲ့အချိန်လည်း ဖြစ်ခဲ့ပါတယ်။ဒါကြောင့် ကိုဗစ်မတိုင်မီကဆိုရင် ဒီအချိန်က ကမ္ဘာပေါ်မှာ အကြီးမားဆုံး လူအများအပြား လှုပ်ရှားသွားလာမှုဖြစ်စဉ်အဖြစ် ရှိနေခဲ့ပါတယ်။
 
အခုနှစ်မှာတော့ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် အားလပ်ရက်ကလည်း ဖေဖော်ဝါရီ ၁၀ ရက်ကနေ ၁၇ ရက်အထိ ၈ ရက်ဆိုတော့ အရင်နှစ်တွေထက် တစ်ရက်ပိုကြာမှာလည်းဖြစ်ပါတယ်။ဒီလို ပိတ်ရက်ရှည်မှာ ခရီးသွားရှာဖွေသူတွေရဲ့ကြား ထင်ရှားလာတဲ့  အရှေ့တောင်အာရှနိုင်ငံတွေရဲ့ပါဝင်လာမှုကလည်း အားတက်စရာဖြစ်နေပါတယ်။
 
တရုတ်က ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နဲ့ မလေးရှားနိုင်ငံတို့က ခရီးသွားတွေအတွက် ဗီဇာကင်းလွတ်ခွင့်မူဝါဒသစ်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁ ရက်က စတင်အကောင်အထည်ဖော်ခဲ့ပြီး နှစ်ကုန်ပိုင်း ဒီဇင်ဘာလ အချက်အလက်တွေအရ အဆိုပါနိုင်ငံတွေကနေ အပြန်ခရီး ၂၈.၅ ရာခိုင်နှုန်း တိုးလာခဲ့တယ်လို့ ဆိုပါတယ်။
 
ခရီးသွားကဏ္ဍအတွက် လုပ်ဆောင်ရာမှာ တရုတ်အနေနဲ့ အပြန်အလှန် အစီအမံတွေနဲ့ အလေးပေးထားပြီး ထိုင်းနဲ့ တရုတ် အပြန်အလှန် ဗီဇာကင်းလွတ်ခွင့်မူဝါဒနဲ့ နှစ်နိုင်ငံဆက်ဆံရေး ခိုင်မာဖို့တည်ဆောက်ထားသလို အလားတူ တရုတ်နဲ့ စင်ကာပူကလည်း ရက် ၃၀ ဗီဇာကင်းလွတ်ရေး မူဝါဒပြုလုပ်ကာ ခရီးသွားလုပ်ငန်း ပူးပေါင်း ဆောင်ရွက်မှုကို မြှင့်တင်ခဲ့တာရှိပါတယ်။အဲဒီလို အချက်တွေကြောင့် Tuniu Travel အဆိုအရ ယင်းရဲ့ ခရီးသွား ၃၄ ရာခိုင်နှုန်းမှာ ပြင်ပခရီးသွားတွေဖြစ်မည်ဖြစ်ပြီး နှစ်သစ်ကူးအတွက် အဖွဲ့ခရီးစဉ်တွေမှာလည်း ကြိုတင်မှာယူမှု ပမာဏ တိုးလာတယ်လို့ အစီရင်ခံထားပါတယ်။
 
ထုံးစံအတိုင်း လူကြိုက်တဲ့နေရာတွေထဲ ထိုင်း၊ စင်ကာပူ၊ မော်လ်ဒိုက်၊ ရုရှား၊ နယူးဇီလန်၊ UAE ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် နော်ဒစ်နိုင်ငံတို့ ပါဝင်တယ်လို့ ဖော်ပြပါတယ်။
 
တရုတ်အတွက်တော့ လာမယ့် ၂၀၂၄ ခုနှစ်မှာ ပြည်တွင်းခရီးသွားလာမှုကို လျင်မြန်စွာတိုးတက် လာမယ်လို့ UBS က ခန့်မှန်းထားပြီး ခရီးသွားလာမှုအလားအလာကောင်းတွေရှိခဲ့တဲ့ ၂၀၁၉ ခုနှစ်အဆင့်သတ်မှတ်ချက်ကို လာမယ့် ၂၀၂၅ ခုနှစ်မှာ ပြန်လည်ရောက်ရှိလာမယ်လို့ ဖော်ပြချက်တွေလည်းရှိနေပါတယ်။တရုတ်ဟာ နိုင်ငံရဲ့ ပြည်တွင်းခရီးသွားကဏ္ဍ အခြေအနေကောင်းအဖြစ် တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း၊ Heilongjiang ပြည်နယ်၊ မြို့တော် Harbin မှာဆိုရင် မကြာသေးမီရက်သတ္တပတ်တွေကပဲ ထိပ်တန်း နွေဦးပွဲတော်ခရီးစဉ်အဖြစ် ပေါ်ထွက် လာတာကို တွေ့ရမှာဖြစ်ပါတယ်။
 
ရေခဲပြင်စကိတ်စီးတာ၊ နှင်းလျှောစီးတာနဲ့  လည်ပတ်ကြည့်ရှုစရာတွေက ခရီးသွားများကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။
 
China News Service က အစီရင်ခံသည့်အတိုင်း Fliggy ဒေတာဟာ ပြီးခဲ့တဲ့လ Heilongjiang ပြည်နယ်အတွက် ခရီးသွားကြိုတင်မှာယူမှု ၂၇၀ ရာခိုင်နှုန်း တိုးလာတယ်လို့ ဆိုပါတယ်။
 
မိုးသား