【 နိုင်ငံတကာဆောင်းပါး 】 လူသားအများဆုံး အိမ်ပြန်ချိန် …

【 နိုင်ငံတကာဆောင်းပါး 】 လူသားအများဆုံး အိမ်ပြန်ချိန် …

ဒီကာလ ဒီလပိုင်းမှာဆိုရင် များပြားလှတဲ့ လူအုပ်ကြီးတွေဟာ မီးရထားတွေ၊ လေယာဉ်ပျံတွေ 
၊ သင်္ဘောတွေ၊ ဘတ်(စ်) ကားတွေနဲ့ ခရီးနှင်လာကြတဲ့အချိန်ဖြစ်ပါတယ်။
 
သယ်ယူပို့ဆောင်ရေး နည်းလမ်းမျိုးစုံကိုသုံးပြီး အဆင်ပြေသလို ခရီးနှင်လာတဲ့ လူအရေအတွက်ဟာ နှစ်စဉ် ပျမ်းမျှ သန်း ၂၀၀ ဝန်းကျင်ရှိနေပါတယ်။အံ့ဩစရာ ကိန်းဂဏန်းတစ်ခုဖြစ်ပြီး ဒီခရီးသွားရွေ့လျှားမှုကြီးက ဘာအတွက်ဖြစ်ပါလဲဆိုတာလည်း စိတ်ဝင်စားဖွယ် ကောင်းပါတယ်။
 
သန်းနဲ့ချီတဲ့ လူတွေထဲမှာ တချို့ကတော့ ခရီးမိုင် ထောင်နဲ့ချီဝေးတဲ့အရပ်ကနေ ရက်ရှည်ခရီးနှင်လာကြသူတွေလည်း ပါဝင်ကြပါတယ်။ဒါပေမဲ့ တကယ်တမ်း စိတ်ဝင်စားဖွယ် ဒီအကြောင်းအရင်းက ရိုးရှင်းပြန်ပါတယ်။ဖြစ်စဉ်ရဲ့ နောက်ကွယ်အကြောင်းအရင်းမှာဆိုရင် သူတို့တွေက အိမ်ပြန်ကြတာဖြစ်ပါတယ်။ဒီမှာ ကွဲလွဲတဲ့အချက်တော့ရှိပါတယ်။သာမန်အိမ်ပြန်ချိန်နဲ့မတူဘဲ သူတို့ရဲ့အိမ်ပြန်ခရီးမှာ နက်ရှိုင်းတဲ့အဓိပ္ပါယ် ရှိကြပါတယ်။ဒါဆို …. ဘယ်လိုအိမ် ပြန်ခရီး ဖြစ်နေလို့ပါလဲ …..။
 
တစ်နှစ်မှာ ဒီတစ်ကြိမ်သာ သူတို့အတွက် ရက်ဆယ်ချီပြီး ခွင့်ရက်ရှည်ရတဲ့ အချိန်ကာလဖြစ်ပါတယ်။ဒါက သူတို့ရဲ့ နှစ်သစ်ကူးလ (နွေဦးပွဲတော်) ကာလဖြစ်ပါတယ်။ဒီနှစ်သစ်ကူးက တရုတ်နှစ်ကူးဖြစ်ပြီး သူတို့ကလည်း အများစုက တရုတ်လူမျိုးနဲ့ တရုတ်နွယ်ဖွားတွေဖြစ်ပါတယ်။တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်လူမျိုး၊ တရုတ် အနွယ်တွေရဲ့ အခုလိုအိမ်ပြန်ခရီးကို ကမ္ဘာကြီးက အလေ့အထတစ်ခုအဖြစ်တောင် သိထားကြပြီ ဖြစ်ပါတယ်။ဒီအိမ်ပြန်ခရီးက ကြည်နူးစရာအကြောင်းအရင်းတွေပါဝင်ပြီး နေရပ်ရင်းကိုပြန်ကြချိန် သူတို့နဲ့အတူ မိသားစုအတွက် သူတို့စုဆောင်းထားတဲ့ လုပ်အားခနဲ့ ငွေတွေလည်း တစ်ပါတည်း ယူဆောင်လာကြလေ့ရှိပါတယ်။
 
ဒီအိမ်ပြန်ချိန်ကို သူတို့က အလေးအနက်ထားကြပါတယ်။တရုတ်လူမျိုးတို့ရဲ့ အိမ်ပြန်ခရီးနဲ့ပတ်သက်ပြီး ဖော်ပြတဲ့ သတင်းတစ်ပုဒ်မှာဆိုရင် “တရုတ်လူမျိုးတွေအဖို့ ဒီအချိန်မှာ အရေးကြီးဆုံးက မိသားစုနဲ့ အတူတူရှိနေဖို့ပါ၊ မိသားစုက ပထမဦးစားပေးပါ” လို့ ပေကျင်းမှာ လာအလုပ်လုပ်တဲ့ သက်လတ်ပိုင်း အလုပ်သမားတစ်ဦးကဆိုခဲ့တဲ့အကြောင်းကို အပြေးလေး အမှတ်ရမိပါတယ်။ဒါကြောင့်လည်း တရုတ်နှစ်သစ်ကူးကာလမှာ တရုတ်နိုင်ငံအပါအဝင် တရုတ်နွယ်ဖွားတွေရှိကြတဲ့ အာရှနိုင်ငံအများစုနဲ့ ကမ္ဘာတစ်ဝန်း နိုင်ငံတော် တော်များများမှာ ခရီးသွားလုပ်ငန်းတွေ အလုပ်ဖြစ်တဲ့အချိန်လည်းဖြစ်ပါတယ်။
 
အိမ်ပြန်ခရီးမြင်ကွင်းအနေနဲ့ဆိုရင်လည်း သူတို့အတွက် အမောအပန်းပြေပျောက်ပြီး စိတ်ကြည်နူးစေတဲ့ လမ်းခရီးနဲ့ နေရပ်ပြင်ဆင်မှုက ဆီးကြိုလျက်ရှိနေကြပါတယ်။တရုတ်နိုင်ငံနဲ့ အာရှဒေသတစ်ဝန်းက နိုင်ငံတွေမှာဆိုရင် နေအိမ်တွေ၊ ဆိုင်တွေအပါအဝင် နေရာအများအပြားမှာ တရုတ်ထုံးစံအရ ကံကောင်းစေတယ်လို့ယူဆကြတဲ့ အနီနဲ့ ရွှေရောင်မီးပုံးတွေ၊ အလှဆင် ရောင်းချတာတွေရှိနေပြီး “ကောင်းသောနှစ်သစ်ဖြစ်ပါစေ” ၊ “ကျန်းမာချမ်းသာပါစေ” ဆိုတဲ့ စာတန်းတွေလဲ ချိတ်ဆွဲထားကြလို့ဖြစ်ပါတယ်။ဒီခံစားမှုမှာဆိုရင် တရုတ်နိုင်ငံ ပြည်တွင်း၊ ပြည်ပက သန်းနဲ့ချီတဲ့ တရုတ်လူမျိုး၊ တရုတ်နွယ်ဖွားရွှေ့ပြောင်းတွေအပြင် နေရပ်ကနေ သက်ဆိုင်သူ အိမ်ပြန်အလာကို စောင့်မျှော်နေကြတဲ့ မိသားစုတွေဝင်တွေရဲ့ ပီတိခံစားမှုတွေကလည်း နက်ရှိုင်းစွာရှိနေကြပါ တယ်။
 
အိမ်ပြန်ရောက်ရင်တော့ သူတို့ဟာ မိသားစုနဲ့အတူ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်ဖို့ လုပ်ဆောင်မြဲ အလေ့အထအတိုင်း ကြိုတင်ပြင်ဆင်မှုတွေကို ရက်သတ္တပတ်ကြာ ပြုလုပ်ကြပါတယ်။နှစ်သစ်ကူးအသုံးအဆောင်ပစ္စည်းတွေကို မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဝယ်ယူကြသလို နေအိမ်ကို သေသေချာချာ သန့် ရှင်းရေးလုပ်ကြတာတွေဖြစ်ပါတယ်။ဒါကို “မြေမှုန့်ကိုသုတ်သင်ခြင်း” လို့ လူသိများပြီး ကံကောင်းဖို့နဲ့ကောင်းချီးမင်္ဂလာကို လက်ခံရရှိဖို့ ရည်ရွယ် လုပ်ဆောင်ကြတယ်လို့ ဆိုပါတယ်။နောက်ပြီး မိသားစုကံကောင်းပျော်ရွှင်စေဖို့ ကံကောင်းစေတဲ့ တရုတ်စာလုံးတွေကပ်တာ၊ ဖက်ထုပ်ထုပ်ကြတာ၊ အန်ပေါင်းပေးတာတွေကို ပြုလုပ်ကြပါတယ်။
 
သူတို့ဟာ နှစ်သစ်ကူးပွဲတော်ရဲ့ ပျော်ပွဲရွှင်ပွဲ အခမ်းအနားအစီအစဉ်တွေကို မိသားစုနဲ့အတူ ကြည့်ရှုခံစားကြပါတယ်။အမှတ်တရဓာတ်ပုံရိုက်တာတွေလည်း မပါမဖြစ် ပြုလုပ်ကြပါတယ်။အဲဒီနောက်မှတော့ မိသားစုအတွက် အရေးကြီးတဲ့ အချက်ဖြစ်တဲ့ “နီယယ်ဖန်” လို့ခေါ်တဲ့ ပြန်လည်ဆုံစည်းရေး ညစာကို စီမံ ပြုလုပ်ကြလေ့ရှိပါတယ်။သူတို့အတွက် တစ်နှစ်တာမှာ တစ်ခါကြုံရတဲ့ မိသားစုစုံညီ နှစ်ကူးညစာ ထမင်းဝိုင်းလေးဟာ အိမ်ပြန်ခရီးရဲ့ ပြည့်၀တဲ့ အနှစ်သာရဖြစ်ပါတယ်။
 
အခု ၂၀၂၄ ခုနှစ် တရုတ်လူမျိုးတို့ရဲ့ အမြင့်မြတ်ဆုံးနှစ်တွေထဲက တစ်နှစ်ဖြစ်တဲ့ နဂါးနှစ်မှာ ရိုးရာဓလေ့ထုံးတမ်းတွေကို ဂုဏ်ပြုဖို့၊ မိသားစုသံယောဇဉ်ခိုင်ခံ့ဖို့၊ မျှော်လင့်ချက်တွေရှင်သန်ဖို့၊ အကောင်းမြင်စိတ်တွေနဲ့ အတူ ရောင်ပြန်ဟပ်မှုတွေ၊ ကျေးဇူးပြုမှုတွေနဲ့ လာမယ့်နှစ်အတွက် ရည်ရွယ်ချက်တွေချမှတ်ဖို့ ပြုလုပ်ကြတဲ့ အိမ်ပြန်ခရီးလည်းဖြစ်ပါတယ်။
 
မိုးသား