【 နိုင်ငံတကာဆောင်းပါး 】 နိုင်ငံတကာအောင်မြင်မှုတွေနဲ့ ရန်ကုန်က တရုတ်ရိုးရာ ခြင်္သေ့အက

【 နိုင်ငံတကာဆောင်းပါး 】 နိုင်ငံတကာအောင်မြင်မှုတွေနဲ့ ရန်ကုန်က တရုတ်ရိုးရာ ခြင်္သေ့အက

တရုတ်ရိုးရာ ခြင်္သေ့၊ နဂါး အကဆိုတာ တရုတ်နှစ်သစ်ကူး (နွေဦးပွဲတော်) မှာဆိုရင် မပါမဖြစ် ထည့်သွင်းကြလေ့ရှိတဲ့ မြူးမြူးကြွကြွ အကဖျော်ဖြေမှုတွေထဲ ပါဝင်ပါတယ်။

သွက်လက်ပြီး မြူးကြွတဲ့ တူရိယာသံတွေဖြစ်တဲ့ ဗုံသံ၊ လင်ကွင်းသံတို့နဲ့အတူ လေ့ကျင့်ပြင်ဆင် ပြသကြတာလည်းဖြစ်ပါတယ်။ဒါထက်ပိုတာက ဒီအကကို ဂီတ၊ တေးသွားနဲ့အတူ မြိုင်ဆိုင်လိုက်ဖက်တဲ့ ဖျော်ဖြေရေးတင်ဆက်မှုအပြင် ပြိုင်ပွဲအနေနဲ့လည်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် တင်ဆက်မှုတွေလည်း ပြုလုပ်ကြပါတယ်။

မြန်မာနိုင်ငံ ရန်ကုန်မြို့မှာဆိုရင် ကိုဗစ်မတိုင်မီ နှစ်တွေအထိ တရုတ်နှစ်သစ်ကူးပွဲတော်နဲ့အတူ တရုတ်ရိုးရာ ခြင်္သေ့၊ နဂါးအကစွမ်းရည်ပြိုင်ပွဲတွေကို မြန်မာနိုင်ငံ ခြင်္သေ့နဂါးအကအဖွဲ့ချုပ်က ကြီးမှူးပြီး ကျင်းပကြလေ့ရှိပါတယ်။ပြည်တွင်းက ခြင်္သေ့အကအဖွဲ့တွေဟာ နိုင်ငံတကာပြိုင်ပွဲတွေကိုလည်း သွားယှဉ်ပြိုင်ကြပြီး အခုဆိုရင်လည်း ၂၀၂၄ ခုနှစ်အတွက် သွားရောက်ယှဉ်ပြိုင်မယ့်အခြေအနေရှိနေပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်ကစလို့ စင်ကာပူမှာ ကျင်းပမယ့် ၁၃ ကြိမ်မြောက် စင်ကာပူ နိုင်ငံတကာခြင်္သေ့အကပြိုင်ပွဲကို မြန်မာက ခြင်္သေ့အကအဖွဲ့ သွားရောက်ယှဉ်ပြိုင်ဖို့ရှိနေတာ တွေ့ရပါတယ်။

မြန်မာပြည်တွင်းက ခြင်္သေ့အဖွဲ့တွေဟာ တရုတ်ရိုးရာ ခြင်္သေ့အကစွမ်းရည်ပြိုင်ပွဲတွေမှာ  နိုင်ငံတကာပြိုင်ပွဲတွေကနေ ဆုတံဆိပ်တွေကို ရယူထားကြတဲ့ အချက်အလက်တွေရှိကြပါတယ်။မြန်မာနိုင်ငံကိုယ်စားပြု အဖွဲ့တွေအနေနဲ့ ပြည်ပနိုင်ငံတွေကို သွားရောက်ယှဉ်ပြိုင်ရာမှာ ခြင်္သေ့အကအဖွဲ့အနေနဲ့ဆိုရင် ၂၀၁၇ ခုနှစ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ပြိုင်ပွဲမှာ ပထမဆု၊ ၂၀၁၈ ခုနှစ် တရုတ်နိုင်ငံ၊ ပေကျင်း  ဖိတ်ခေါ်ပြိုင်ပွဲ ပထမဆု၊ အနီးစပ်ဆုံးကာလအနေနဲ့  ၂၀၂၃ ခုနှစ် မကာအိုနိုင်ငံမှာ ကျင်းပတဲ့ နိုင်ငံတကာခြင်္သေ့အကစွမ်းရည်ပြိုင်ပွဲအတွင်း တတိယဆုရနဲ့ ၂၀၂၃ ခုနှစ် ထိုင်းနိုင်ငံမှာပြုလုပ်ခဲ့တဲ့ Thailand Royal Princess Cup 2023 ပြိုင်ပွဲမှာလည်း မြန်မာက အဖွဲ့နှစ်ဖွဲ့က ဒုတိယနဲ့ တတိယဆုတွေကို ရယူခဲ့ကြပါတယ်။

တရုတ်ရိုးရာ ခြင်္သေ့အကကို တရုတ်လူမျိုးတွေရဲ့ ရိုးရာယဉ်ကျေးမှုတစ်ခုအနေနဲ့ တရုတ်နှစ်သစ်ကူးပွဲတော်တွေ၊ တရုတ်ရိုးရာပွဲတော်တွေ၊ ဘုရားပွဲ၊ မင်္ဂလာပွဲတွေနဲ့ စီးပွားရေးလုပ်ငန်းဖွင့်ပွဲတွေမှာ အဓိက ကကြတာလည်းဖြစ်ပါတယ်။ဒီအက-က တရုတ်ရိုးရာပွဲတော်တွေမှာ ဂုဏ်ယူဖွယ် ထည့်သွင်းကြသလို ကျက်သရေမင်္ဂလာရှိတဲ့ အယူအဆလည်း ဒီအကနဲ့ပတ်သက်လို့ ထားရှိကြပါတယ်။အခုဆိုရင် ခြင်္သေ့၊ နဂါးအကဆိုတာက တရုတ်ရိုးရာဆိုပေမယ့်လည်း နိုင်ငံတကာမှာဆိုရင် အားကစားနည်းတစ်မျိုးအဖြစ်လည်း သတ်မှတ်လာကြပြီဖြစ်ပါတယ်။ဒါကြောင့် မြန်မာနိုင်ငံ ရန်ကုန်မြို့က တရုတ်ရိုးရာ ခြင်္သေ့အကစွမ်းရည် ကောင်းမွန်တဲ့ အချက်ကလည်း ဂုဏ်ယူစရာလို့ ဆိုကြပါတယ်။

ခြင်္သေနဲ့ နဂါးအဖွဲ့လို ဆိုကြပေမယ့် ကနည်းကဟန်ကတော့ နဂါးအကနဲ့ ခြင်္သေ့အကမှာ လုံးဝကွဲပြားခြားနားတယ်လို့ ဆိုကြပါတယ်။ခြင်္သေ့အကမှာ ဦးခေါင်းတစ်ယောက်၊ အမြီးတစ်ယောက်၊ ပေါင်းနှစ်ယောက်နဲ့ ကကြပေမယ့် နဂါးအကမှာတော့ လူအများနဲ့ တုတ်တွေကိုင်ပြီး ကပြဖျော်ဖြေကြတာလို့ ဆိုပါတယ်။ခြင်္သေ့အက ကသူတွေရဲ့ အဆိုအရ တရုတ်ရိုးရာ ခြင်္သေ့အကမှာဆိုရင် ပုံစံ (၂) မျိုးရှိတယ်လို့ ဆိုကြပါတယ်။အဲဒါကတော့ တရုတ်တောင်ပိုင်းနဲ့ မြောက်ပိုင်းခြင်္သေ့အကဆိုပြီး ရှိတာဖြစ်ပါတယ်။အရှေ့တောင်အာရှ နိုင်ငံတွေမှာတော့ ဒီလို တောင်ပိုင်း၊ မြောက်ပိုင်း ခြင်္သေ့အက (၂) မျိုးလုံးကို တွေ့နိုင်တယ်လို့ ဆိုပါတယ်။

ဒီအကဟာ သမိုင်းကြောင်းအနေနဲ့ ဟန်မင်းဆက်ခေတ်မှာ ငါး၊ နဂါးနဲ့ တိုးနယားအကတွေရှိခဲ့ကြောင်း ဖော်ပြမှုရှိနေပြီး ခြင်္သေ့အကမှာ တရုတ်ပြည်ကနေ ဆင်းသက်ခဲ့တာမဟုတ်ဘဲ တရုတ်ပြည် ပြင်ပ အိန္ဒိယနဲ့ ပါရှားနိုင်ငံတို့က ဆင်းသက်လာတယ်လို့လည်း ဆိုပါတယ်။ဒီအကကို အေဒီ ၃ ရာစုကတည်းက တရုတ်ပြည်မှာ ကပြခဲ့ကြပြီး တန်မင်းဆက်ခေတ်မှာတော့ ပိုကျယ်ပျံ့ခဲ့တယ်လို့ ဆိုပါတယ်။ခြင်္သေ့ကို မကောင်းဆိုးဝါးတိုက်ခိုက် နှိမ်နင်းဖို့ဆိုတဲ့ ရှေးအယူလည်းရှိကြပြီး တန်မင်းဆက်ခေတ်မှာ ခြင်္သေ့အကကို ပုံစံအမျိုးမျိုးနဲ့ တင်ဆက်ကပြခဲ့ကြတယ်လို့ ဖော်ပြမှုတွေရှိပါတယ်။

ခြင်္သေ့အကနဲ့ပတ်သက်လို့ အထီးနဲ့ အစ်မ တစ်စုံစီ ပါဝင်ကပြကြတဲ့ပုံစံက မြောက်ပိုင်းခြင်္သေ့ကဟန်လို့ ဆိုပါတယ်။မြောက်ပိုင်းခြင်္သေ့အက ကကြရာမှာ ခြင်္သေ့ရဲ့သွင်ပြင်က ရွှေရောင်သစ်သားဦးခေါင်းနဲ့အတူ လိမ္မော်ရောင်အမွှေးကြမ်းတွေနဲ့ ပုံစံဖြစ်ပါတယ်။ခြင်္သေ့ထီးရဲ့ ဦးခေါင်းထက်မှာ အနီရောင်ဖဲပြားထားရှိကြပြီး၊ ခြင်္သေ့အမရဲ့ ဦးခေါင်းထက်မှာတော့ အစိမ်းရောင်ဖဲပြားရှိတယ်လို့ ဆိုကြပါတယ်။မြောက်ပိုင်းခြင်္သေ့အကပုံစံရဲ့ ဖျော်ဖြေမှုက ကြီးမားတဲ့ ဘောလုံးပေါ်မှာ ကပြတဲ့တင်ဆက်မှု ပုံစံဖြစ်တယ်လို့ ဆိုကြပါတယ်။ခြင်္သေ့အကြီးနှစ်ကောင် အငယ်နှစ်ကောင်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ကကြပြီး မိသားစုကို ဖော်ညွှန်းတယ်လို့ ဆိုပါတယ်။

တောင်ပိုင်းခြင်္သေ့အကကတော့ ကွမ်တုန်းပြည်နယ်က ဆင်းသက်လာတာဖြစ်ပြီး ဦးခေါင်းပေါ်မှာ ဦးချိုတစ်ခုပါရှိတဲ့ သွင်ပြင်ရှိတာဖြစ်ပါတယ်။ တောင်ပိုင်းခြင်္သေ့ဦးခေါင်းကို ရှေးက ဝါးနဲ့ ပုံစံပြုလုပ်ပြီး ပိတ်ကို အပေါ်ကနေကပ်ကာ လုပ်ဆောင်ကြပါတယ်။အဲဒီနောက် ဆေးရောင်စုံနဲ့ ပုံစံဖော်ကြတယ်လို့ ဆိုပါတယ်။ရုပ်ပိုင်းဆိုင်ရာသွင်ပြင်ကို သားမွှေးနဲ့ တန်ဆာဆင်ကြတယ်လို့ ဆိုပါတယ်။အခုနောက်ပိုင်းမှာတော့ ပိုမိုခိုင်ခံ့သွက်လက်အောင် အလူမီနီယံနဲ့ပြုလုပ်တဲ့ ပုံစံတွေလည်း တွေ့လာရပါတယ်။ခြင်္သေ့အကလို့ဆိုရာမှာ လက်ရှိအများဆုံးတွေ့ရတဲ့ အကပုံစံက တောင်ပိုင်းဟန်ဖြစ်တယ်လို့ ဆိုကြပါတယ်။

တကယ်တော့ ဗုံသံ၊ လင်ကွင်းသံတွေနဲ့အတူ သွက်လက်မြူးကြွပြီး စွမ်းရည်ပြတိုင်မြင့်တွေအထက် လွှားခနဲ ခုန်တက်ဖြေဖျော်မှုက ရင်သပ်ရှုမောဖွယ်လည်းဖြစ်ပါတယ်။ဒါရဲ့ အခြားတစ်ဖက်မှာ ခြင်္သေ့အက ကသူတွေဟာ စွမ်းရည်ပြပွဲတွေမှာဆိုရင် ခက်ခဲပြီး အန္တရာယ်ကြားက ပညာသားပါလှတဲ့ ကကွက်တွေကို တင်ဆက်ရတာဖြစ်ပါတယ်။အောက်ခံတိုင်တွေရဲ့ သတ်မှတ်အနိမ့်၊ အမြင့်နဲ့အတူ ထားရှိမှုပုံစံက သာမန်ရပ်တည် ခုန်ကူးဖို့တောင် စိန်ခေါ်မှုရှိနေလို ကြည့်ရှုသူအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရသလည်း ပေးစွမ်းပါတယ်။ဒီအကမှာ ကပြသူနှစ်ဦးကြားက ယုံကြည်မှုနဲ့ နားလည်မှုတွေ၊ တိုင်ပင်ကိုက် ညီညွတ်မှုတွေကိုလည်း သတိပြုခံစားမိစေမှာလည်းဖြစ်ပါတယ်။ဒါကြောင့် ခြင်္သေ့အကဟာ လက်ရှိမှာ အပြည်ပြည်ဆိုင်ရာ အားကစားနည်းတစ်မျိုးအဖြစ် သတ်မှတ်လာကြပြီဖြစ်ပြီး ပညာသားပါတဲ့အပြင်  ဂုဏ်ကျက်သရေ အယူအဆတွေနဲ့ ပြည်စုံတက်ကြွတဲ့ အကအလှတစ်မျိုးလို့လည်း ဆိုကြပါတယ်။

ဒါကြောင့် မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ဒီလိုစွမ်းဆောင်ရည် ဂုဏ်ယူဖွယ် အဆင့်အတန်းမီတဲ့ ခြင်္သေ့အကအဖွဲ့တွေရှိနေတာက ဂုဏ်ယူဖွယ်ကောင်းတယ်လို့ ဆိုကြပါတယ်။

ဒီအကကို မြန်မာနိုင်ငံ တရုတ်နွယ်ဖွားတွေ အများစုက လက်ဆင့်ကမ်းထိန်းသိမ်း ဖြေဖျော်လျက်ရှိနေကြပါတယ်။ဒါရဲ့ အခြားတစ်ဖက်မှာတော့ ပြည်တွင်းမှာ ခြင်္သေ့၊ နဂါးအဖွဲ့ဝင်တွေ နှစ်အလိုက် လျော့ကျလာတဲ့ စိန်ခေါ်မှုလည်းရှိတယ်လို့လည်း ဖော်ပြမှုတွေရှိခဲ့ပါတယ်။

မိုးသား