【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ရိုးရာ တစ္ဆေပွဲတော်

【 နိုင်ငံတကာဆောင်းပါး 】 တရုတ်ရိုးရာ တစ္ဆေပွဲတော်

တစ်ကမ္ဘာလုံးက လူတွေလိုပဲ တရုတ်လူမျိုးတွေမှာလည်း အထူးဓလေ့ထုံးတမ်းတွေ ရှိနေကြပါတယ်။
 
တရုတ်လ  (၇) လပိုင်းမှာတော့ တရုတ်လူမျိုးတို့က တစ္ဆေလလို့ခေါ်ပြီး အဲဒီလမှာဆိုရင် ကွယ်လွန်သူတွေနဲ့ တစ္ဆေတွေကို ရည်စူးပြီး စွန့်ကြဲကျွေးမွေးတဲ့ ပွဲတော်တစ်ခုကို ပြုလုပ်ကြလေ့ရှိပါတယ်။
 
ဒီပွဲတော်ကို တရုတ်ရိုးရာ တစ္ဆေပွဲတော်လို့ သိကြပြီး အင်္ဂလိပ်လိုတော့ Hungry Ghost Festival လို့ ဖော်ပြကြပါတယ်။ပွဲတော်သက်တမ်းက နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိနေပြီဖြစ်ပြီး တာအို (တောက်) ဘာသာအရ မိုး၊ မြေ၊ ရေ သခင်တွေအနက် မြေအရှင်သခင် မွေးဖွားတဲ့နေ့လို့လည်း ဆိုကြပါတယ်။အခြားတစ်ဖက်မှာတော့ မကျွတ်မလွတ်တဲ့ သရဲတစ္ဆေတွေကို အပြစ်လျှော့ပေးတဲ့ရက် ဖြစ်တယ်လို့လည်း ဖော်ပြမှုတွေမှာ တွေ့ရပါတယ်။ဒါ့အပြင် တရုတ်ဗုဒ္ဓဘာသာမှာတော့ ဗုဒ္ဓမြတ်စွာ ဝမ်းမြောက်တော်မူတဲ့နေ့၊ ရဟန်းသံဃာတို့ အာပတ်ဖြေတဲ့ (ဝါကျွတ်ပွဲ) နေ့လို့လည်း ဆိုကြပါတယ်။
 
ဒီပွဲတော်ကို ပုံမှန်ကတော့ တရုတ်လ (၇) လပိုင်း (၁၅) ရက်နေ့မှာ ကျင်းပလေ့ရှိကြပေမယ့် တရုတ် နိုင်ငံတောင်ပိုင်းမှာတော့ တချို့က (၇) လပိုင်း (၁၄) ရက်မှာလည်း ကျင်းပပြုလုပ်ကြပါတယ်။ပွဲတော်အနှစ်သာရမှာဆိုရင် ကွယ်လွန်သူ မိဘဘိုးဘွားတွေကို သတိတရ ဒါနပြုကျွေးမွေး ကန်တော့တဲ့ ချစ်စဖွယ်ပွဲတော်အဖြစ် ခံစားမိမှာဖြစ်ပါတယ်။ဒီပွဲတော်ဟာ ရိုးရာပွဲတော်တွေအနက် တရုတ်နိုင်ငံ ကျန်းရှီး (Jiangxi) ပြည်နယ်နဲ့ ဟူနန် (Hunan) ပြည်နယ်မှာတော့ တရုတ်ရိုးရာ တစ္ဆေပွဲတော်ဟာ သင်္ချိုင်းကန်တော့ပွဲ (ချင်းမင်ပွဲတော်) နဲ့  နဝမအကြိမ် မြောက် ပွဲတော်တို့ထက် ပိုအရေးကြီးတယ်လို့ ယူဆချက်တွေရှိပါတယ်။
 
           အယူအဆ
 
တာအိုဘာသာအယူအရ တရုတ်လ (၇) လပိုင်းကာလကို ငရဲနဲ့ ပြိတ္တာဘုံတံခါးကို ဖွင့်တာကြောင့်  ငရဲသား၊ ပြိတ္တာ၊ သရဲတစ္ဆေ စတဲ့ ဘုံသားတွေဟာ အပြစ်လျော့ လွတ်မြောက်လာကြပြီး လူ့ပြည်ကိုလာလို့ သာဓုခေါ်၊ စွန့်ကြဲမှုတွေ လက်ခံရယူနိုင်တဲ့ အခါသမယလည်းဖြစ်တယ်လို့ ဆိုကြပါတယ်။
 
တစ်ဖက်မှာလည်း တစ္ဆေလလို့ ခေါ်ဆိုတာနဲ့အညီ တစ်နှစ်တာရဲ့ ကြောက်စရာအကောင်းဆုံး လအဖြစ် အယူရှိကြပါတယ်။ဒါကြောင့် ဒီကာလမှာ တားမြစ်ကန့်သတ် သတိပေးချက်တွေရှိနေပြီး ဥမာအနေနဲ့ မွေးကင်းစ ကလေးငယ်တွေကို ညနေဘက်နဲ့ ညအချိန် အပြင်မခေါ် ဖို့ တားမြစ်တာ၊ သီချင်းဆိုတာ၊ လေချွန်တာ၊ ရေကူးတာတွေကို ရှောင်ဖို့လိုမျိုး သတိပေးတားမြစ်တာတွေရှိကြပါ တယ်။
 
           ပွဲတော်ကျင်းပပုံ
 
ဒီပွဲတော်မှာဆိုရင် တရုတ်လူမျိုးတွေက မိသားစုဘိုးဘွားတွေရဲ့ အောက်မေ့ ကမ္ပည်းမှတ်တိုင်လေးတွေကို စားပွဲပေါ်တွင်တင်လို့ အမွှေးနံ့သာတိုင်တွေကို မီးရှို့ပူဇော်ပြီး စားသောက်ဖွယ်ရာတွေကို ပြင်ဆင်လှူဒါန်း ဒါနပြုကြပါတယ်။တစ်နေ့ကို သုံးကြိမ် ပြင်ဆင်ကြလေ့ရှိတယ်လို့ဆိုပြီး အဓိကအခမ်းအနားကိုတော့ ညအချိန်မှာ ကျင်းပလေ့ရှိတယ်လို့ ဆိုပါတယ်။ညအချိန်မှာတော့ မိသားစုဘိုးဘွားတွေရဲ့ အောက်မေ့ ကမ္ပည်းမှတ်တိုင်လေးတွေကို စားပွဲပေါ်မှာ ထားရှိကြလေ့ရှိသလို ပန်းချီနဲ့ ဓာတ်ပုံဟောင်းတွေကို ထားရှိပြီး အမွှေးနံ့သာတိုင်တွေ ထွန်းညှိုပူဇော်ကြပါတယ်။စားသောက်ဖွယ်ရာတွေကို စားပွဲပေါ်မှာပြင်ပေးထားပြီး မိသားစုဘိုးဘွားတွေရဲ့ ကမ္ပည်းမှတ်တိုင်ရှေ့မှာ ဂါရ၀ပြု ကန်တော့ကြတာဖြစ်ပါတယ်။
 
           တစ္ဆေလရဲ့ ပထမဆုံးနေ့
 
ပထမနေ့မှာဆိုရင် လူတွေက အိမ်အပြင်ဘက် ဒါမှမဟုတ် အဆောက်အဦတွေနဲ့ဝေးတဲ့ လမ်းဘေးတစ်လျှောက်၊ လယ်ကွင်းတွေမှာ စက္ကူပိုက်ဆံတွေကို မီးရှို့ကြပါတယ်။တချို့ကလည်း ဘုရားကျောင်းတွေမှာ ကုသိုလ်ပြုကြပါတယ်။ဒါကြောင့်လည်း ဒီလမှာ တရုတ်နိုင်ငံကို ခရီးရောက်ခဲ့ရင် မြေပြင်ပေါ်မှာ ကွယ်လွန်သူတွေနဲ့ မကျွတ်မလွတ်သူတွေအတွက် ရည်စူးပြုလုပ်ထားတဲ့ ငွေစက္ကူပြာနဲ့ အကြွင်းအကျန်တွေကို တွေ့ရမှာလည်းဖြစ်ပါတယ်။ကျန်ရစ်သူတွေဟာ ဒီကာလအတွင်း ကွယ်လွန်သူတွေအတွက် ကုသိုလ်ပြု ငွေ ကြေးအထောက်အပံ့ ပေးလိုကြတာဖြစ်ပါတယ်။လမ်းဘေးအခမ်းအနားတွေ၊ ဈေးပွဲတော်တွေ၊ ဘုရားပွဲတွေလည်းရှိကြပြီး ရပ်ကွက်တွေမှာတော့ အနီရောင်မီးပုံးတွေကို ချိတ်ဆွဲထားကြလေ့ရှိပါတယ်။
 
           တစ္ဆေလရဲ့ နောက်ဆုံးနေ့
 
ဒီရက်ကိုတော့ အထူးပွဲတော်အဖြစ် သတ်မှတ်ကြပြီး ငရဲတံခါးတွေ ပြန်ပိတ်တဲ့နေ့လို့ အယူရှိကြပါ တယ်။
 
ဒီနေ့မှာတော့ တရုတ်လူမျိုးတွေက ပုံစံအမျိုးမျိုးနဲ့ ပြုလုပ်ကြတာတွေရှိပြီး ပထမဆုံးနေ့မှာလိုပဲ အများစုက စက္ကူပိုက်ဆံတွေ မီးရှို့တာနဲ့ အဝတ်အစားတွေကို မီးရှို့တာတွေ ပြုလုပ်ကြတယ်လို့ ဖော်ပြကြပါတယ်။ဒီလိုလုပ်တာက သရဲတစ္ဆေတွေဟာ သူတို့ရဲ့ ငရဲဘ၀မှာ ဒီအရာတွေကို သုံးနိုင်ကြတယ်လို့ ယူဆကြတာဖြစ်ပါတယ်။
 
အဲဒီနောက်မှာတော့ ဘိုးဘေးဘီဘင်တွရဲ့ ရုပ်ပုံတွေနဲ့ အောက်မေ့ ကမ္ပည်းမှတ်တိုင်လေးတွေကို မူလရှိတဲ့ နံရံတွေ၊ ဗီရိုတွေမှာ ပြန်လည်ချိတ် ဆွဲထားကြပါတယ်။သရဲတစ္ဆေတွေကို နေရပ်ပြန်ဖို့တော့ တာအိုဘုန်းကြီးတွေက ရွတ်ဆိုပြန်ပို့ကြတယ်လို့ ဆိုပါတယ်။
 
တရုတ်လူမျိုး မိသားစုတွေဟာ ဒီရက် ညနေပိုင်းမှာဆိုရင် မြစ်ငယ်တွေမှာ မီးပုံးတွေကို မျှောကြလေ့ရှိပါတယ်။
 
ရောင်စုံ သစ်သား၊ စက္ကူနဲ့ ပြုလုပ်ထားတဲ့ မီးပုံးတွေမှာဆိုရင် သက်ဆိုင်သူတွေရဲ့ ဘိုးဘွား နာမည်တွေကို မီးပုံးတွေပေါ်မှာ ရေးထားကြတာလည်းဖြစ်ပါတယ်။ဒီလိုမီးပုံးမျှောတာနဲ့အတူသရဲတစ္ဆေတွေဟာ မြစ်အတွင်း လွင့်မျောပါသွားကြတဲ့ မီးပုံးတွေနောက်ကို လိုက်ပါသွားကြတယ်လို့လည်း ယုံကြည်ကြတာဖြစ်ပါတယ်။
 
           တရုတ်ဗုဒ္ဓဘာသာ ကုသိုလ်ပြုခြင်း
 
ဒီကာလမှာဆိုရင် တရုတ်လူမျိုး ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်း မိဘဘိုးဘွားများအတွက် အထူးရည်စူးပြီး ဝါဖြေရ ဟန်းသံဃာတော်တွေကို သင်္ကန်း၊ ဆွမ်းဆေး လှူဒါန်းကုသိုလ်ပြု အမျှဝေပြီး မကျွတ်မလွတ်သေးသူတွေအတွက် ကောင်းရာဘ၀ ကူးပြောင်းဖို့ပြုလုပ်ပေးကြတယ်လို့ ဆိုပါတယ်။
 
အခုဖော်ပြပေးခဲ့တာကတော့ တရုတ်လူမျိုးတွေရဲ့ ရိုးရာပွဲတော်တွေထဲက တရုတ်ရိုးရာ တစ္ဆေပွဲ တော်အကြောင်းကို ဖော်ပြပေးခဲ့တာဖြစ်ပါတယ်။ဒီပွဲတော်ဟာ တာအိုဘာသာ၊ ဗုဒ္ဓဘာသာ စတဲ့ အယူအဆတွေပေါင်းစုံကာ ဖြစ်တည်နေပြီး ကုသိုလ်တရားပါဝင်တဲ့ မိဘဘိုးဘွားကျေးဇူးပြု ပွဲတော်အဖြစ်လည်း တွေ့မြင်ရတာဖြစ်ပါတော့တယ်။
 
မိုးသား