【 ဆောင်းပါး 】 “အလုပ်မပြုတ်အောင် ...”

【 ဆောင်းပါး 】 “အလုပ်မပြုတ်အောင် ...”

ညက အသိတစ်ယောက်ဆုံးသွားကြောင်း သိရသည်။

သေသူမှာ ကျနော့်ထက် ဆယ်နှစ်ကျော်ကျော်ငယ်သည်။ယခုမှ သုံးဆယ်ကျော်ကျော်။သူနှင့် လဘက်ရည်ဆိုင် တစ်ခါတလေ အတူထိုင်တတ်သည်။တစ်ခါလား နှစ်ခါလားတော့ မသိ ဘီယာဆိုင် ထိုင်ဖူးသည်။သူ့အမျိုးသမီးက ယခင်က ဗိုလ်ချုပ်စျေး အထည်ဆိုင်တွင် အထည်အကူရောင်းသည်။ယခုတော့ သူ့မိန်းမမှာ အလုပ်မရှိ။မအေဖြစ်သူနှင့် အတူနေသဖြင့် သူ့တိုက်ခန်းတွင် မအေနှင့် မိန်းမအပြင် ကလေးနှစ်ယောက် ရှိသည်။စုစုပေါင်း ၅ ယောက်ရှိသည့် မိသားစု။

ကလေးတွေက ဒီနှစ်မှာ ကျောင်းမတက်။အကြီးမလေးက ငါးတန်း၊ အငယ်မလေးက ၃ တန်း။ထိုသေသူက ယခင်က နိုင်ငံခြားကုမ္ပဏီတစ်ခုမှာ လုပ်သည်။နောက်တော့ ကုမ္ပဏီက ပြန်ထွက်သွားသဖြင့် တိုက်ခန်း မြေညီထပ် လှေကားအတက်အဆင်းတွင် ကွမ်းယာဆိုင်လေး ဖွင့်သည်။ထိုဆိုင်ကို သူ့မိန်းမဖြစ်သူက ထိုင်တာများသည်။သူက ညဘက်ဆို စားသောက်ဆိုင်တစ်ခုမှာ ကားပါကင်စောင့်လုပ်သည်။ထိုစားသောက်ဆိုင်က ညဘက် ကေတီဗွီလည်းရှိသဖြင့် မနက်မှပြန်ရသည်။ဒီတော့ ညလူဖြစ်သည့် ထိုသူနှင့် ပြီးခဲ့သည့်နှစ်ကတည်းက ကျနော် သိပ်မတွေ့ဖြစ်တော့။တစ်ခါတရံ လမ်းမှာတွေ့ဖြစ်မှသာ မေးထူးခေါ်ပြော။

ဒီတော့ သေသည့်သူနှင့်ပတ်သက်ပြီး နောက်ပိုင်းကာလအခြေအနေ သိပ်မသိ။စီးပွားရေး အဆင်ပြေသလား၊ မပြေသလားလည်း မသိ။ဒီနေ့အချိန်အခါက လူတိုင်း ဘုံတူညီမှုမှာ အဘက်ဘက်က အဆင်မပြေမှုများပင်ဖြစ်သည်။ဒီတော့ ဒီအကြောင်းကို မေးလေ့မရှိ။ရှောင်လေ့ရှိသည်။မေးလို့ ဖြေလို့လည်း ကိုယ့်မှာ သူ့ပြဿနာကို ဖြေရှင်းပေးနိုင်သည့် အားကမရှိ။ဒီအခြေအနေမှာ တစ်ယောက်နှင့် တစ်ယောက် အဆင်ပြေလား၊ မပြေလားဆိုသည်ကို မမေးတာက ဒီခေတ်၏ ယဉ်ကျေးမှုတစ်ရပ်လိုပင်။

မနက်ကျတော့ အပြင်မသွားခင် သေသည့်အိမ်ကို ကျနော်ဘာကူလုပ်ပေးရမလဲမေးဖို့ ဝင်သွားလိုက်သည်။သေသူ၏ တိုက်ခန်းက တတိယထပ်။ဒီတော့ မြေညီကနေ လေးထပ်မြောက်ကို တက်ရင်း အပေါ်ရောက်မှာ သူမိခင်နှင့် ကလေးတွေကိုသာ တွေ့ရသည်။သူ့မိန်းမဖြစ်သူက အလုပ်ကိုလိုက်သွားပြီး စီစဉ်စရာရှိတာ စီစဉ်နေသည်။သူ့တိုက်ခန်းတွင် ကျနော့်လို သတင်းမေးလာသူ လမ်းထဲမှ လူအချို့နှင့် အိမ်သုံးပစ္စည်းတွေ ကျိုးတို့ကျဲတဲနှင့်။

သူ့အမေက ကျနော့်ကိုမြင်တော့ မျက်ရည်စမ်းစမ်းဖြင့်။တစ်မိသားစုလုံးကို ဦးဆောင်နေသူတစ်ယောက် ကွယ်လွန်ခြင်းက သူ့သားသမီးများကိုသာမက သူ့မိခင်ဖြစ်သူတွင်ပါ စိတ်အားငယ်ခြင်းများကို အတိုင်းသား တွေ့ရသည်။

ဖြစ်သည်က နေမကောင်းတဲ့ကြားက အလုပ်မှာ လူလျှော့တဲ့အထဲ ပါသွားမှာစိုးလို့ အလုပ်သွားဆင်းတာ။မနေ့ကတည်းက သွေးတိုးနေလို့ သူမိန်းမက သွေးကျဆေးသောက်သွားဦး ပြောသေးတာ။အလုပ်ထဲရောက်မှ သောက်မယ်လို့ ပြောပြီး အလုပ်သွား။ဟိုမှာ သောက်ဖို့ မေ့ပြီး ဖြစ်တာဆိုပြီး မအေက မျက်ရည်ကျလေသည်။နောက်တော့ “ငါ့သားက မသေခင်ကတည်းက နမိတ်ကြိုပြောနေတာ၊ အလုပ်-လုပ်ရင်းနဲ့ပဲ သေမယ်လို့။အခု သူပြောတဲ့အတိုင်းပဲ” ဟု ပြောကာ မျက်ရည်ကျလေသည်။ဘွားအေမျက်ရည်ကျတော့ မြေးတွေလည်း တရှုံ့ရှုံ့။စိတ်ထဲမကောင်းလှ။အလုပ်မပြုတ်အောင် .. ဆိုတာက ဒီအချိန်မှာ အားလုံးကြုံနေရသည့် ကြီးမားသည့် လှိုင်းလုံးကြီးလို။

ကျနော် အသုဘအိမ်ကနေ ပြန်လာပြီး အလုပ်ကိုရောက်သည်အထိ “အလုပ်-လုပ်ရင်း သေမယ်” ဆိုသည့် စကားကိုသာ နားထဲကြားနေမိတော့သည်။အလုပ်ထဲ အလုပ်-လုပ်ရင်း သေမယ်ဆိုသည့် စကားမျိုးက ယခင်က သိပ်ကြားရလေ့ရှိသည့် စကားတွေ မဟုတ်။သိပ်မကြားရ။ကြားရလျှင်လည်း အထူးအဆန်း။ယခုတော့ အလုပ်ထဲမှာ သေတာတွေ ကြားလာရသည်။ကျနော်ပဲ စိတ်ထင်နေသည်လား။ကျနော်တို့လို့ ဝင်ငွေနည်းလူတန်းစားတွင် သေသည့်စကားက မကြာခဏကြားနေရသည်။

လွန်ခဲ့သည့် လေးငါးနှစ်လောက်က မင်္ဂလာစျေးအနီး ငှက်ပျောသီးသည် စျေးရောင်းရင်း ငုတ်တုတ်သေတော့ လူတိုင်း အထူးအဆန်းလို။နောက်တစ်ခါတော့ ရထားပေါ်မှာ အထမ်းသည် ဦးလေးကြီးတစ်ဦး ရထားစီးနေရင် သေနေတာကို ကြုံရဖူးသည်။ဒီတုန်းက တစ်ပတ်လောက် စိတ်ထဲမကောင်း။သူ့မှာ နေမကောင်းဖြစ်နေရဲ့သားနှင့် စျေးရောင်းရပါလားဟု။

နေမကောင်းဖြစ်ရဲ့သားနှင့်  အလုပ်ဆင်းသည်မှာ သားဇော သမီးဇော၊ မိဘဇော၊ အလုပ်ဇောတွေကြောင့် များသည်။ယခုခေတ်တွင်တော့ သားဇော သမီးဇော၊ မိဘဇောတွေထက် စားဝတ်နေရေးဇောတွေကြောင့်က များလာသည်။ဒီထဲ ကျနော်လဲပါသည်။ဘယ်သူမဆို နေမကောင်းလျှင် အိမ်မှာ နားချင်ကြသည်ပဲဖြစ်သည်။သို့သော် နားလို့မရအောင် မပြည့်စုံသည့်အခါ ထိုသို့ဆိုးဝါးသည့် ကိုယ့်ကာယဒုက္ခကို မည်သည့်စိတ်ဖြင့် ကျော်လွှားကြရသည်ကို မိဘတိုင်းသိကြသည်။ဒီအတွက်လည်း သားသမီးနှင့် မိဘကို ပြောလေ့လည်း မရှိကြ။

ကျနော်ဆို ဘဝမှာ နေမကောင်းသော်လည်း စာမသင်လို့ မဖြစ်သည့်အခါ ကြုံရသည့်အခါ နေမကောင်းတာကို အကြောင်းပြပြီး စာသင်ခန်းထဲ နားနေလေ့ရှိသည်။ရထားပေါ်မှာ သေနေသည့် အထမ်းသည်ကြီးကိုတွေ့ပြီးနောက် စိတ်ထဲ ကိုယ်ချင်းစာပြီး သူမသေခင် ဘယ်လောက်တောင် ဝေဒနာခံစားရမလဲ၊ သက်သောင့်သက်သာနေချင်မလဲ၊ သူ့မိသားစုကို သူ့ရဲ့နောက်ဆုံးအချိန်မှာ ဘယ်လောက်တွေ့ချင်မလဲဆိုတာ တွေးပြီး စိတ်မကောင်းဖြစ်မိသည်။

ယနေ့ခေတ်က အလုပ်ကို မပျက်ရဲ။မပြုတ်ရဲ။ဖတ်ခဲ့ဖူးသည့် အနောက်တိုင်း နိုဗယ်များထဲက ဇာတ်ဝင်ခန်းများလိုပင်။အင်္ဂလန် ကျောက်မီးသွေးတွင်းထဲ အလုပ်-လုပ်ရင်း သေဆုံးသွားသည့် ကျောက်မီးသွေးတွင်းတူးသမားတွေလို အဖြစ်မျိုးတွေ၊ နေမကောင်းဘဲ လူလျှော့ခံရမှာစိုးသဖြင့် သေကာမှ သေရော၊ အလုပ်မပျက်ရဲဘဲ ကျောက်မီးသွေးတွင်းထဲ သေနေသည့် ကျောက်မီးသွေးတူးသည့်သူတွေလို။ယခု ဒီလိုမျိုး ပုံစံတူတွေ ယခု ကျနော့်ဘေးမှာ တွေ့နေရလေပြီ။ဖြစ်နေလေပြီ။  

အလုပ် ...။ ဟုတ်သည်။ကျနော်ရော အလုပ်မရှိမှာ မကြောက်ဘူးလား။
ကျနော်လည်း ရှိနေသည့် စာသင်သည့်အလုပ်ပြုတ်မှာ ကြောက်နေရသည်။ဒီတော့ အလုပ်က တောင်းဆိုသမျှကို မငြင်းရဲ။အလုပ်က ပြဋ္ဌာန်းသမျှ မငြင်းဆန်ရဲ။ကျနော်တို့နောက်မှာရှိနေသည့် မိသားစုတွေ၊ ချစ်ရခင်ရသူတွေကို  အဆုံးရှုံးမခံရဲသောကြောင့် ဘာမဆိုငြင်းရန် နှုတ်တွန့်ရလေသည်။ဒီလိုနှင့် ကျနော်တို့သက်တမ်းနှင့် ခံနိုင်ရည်အားတွေက လျော့နည်းကာ မာနတွေ၊သိက္ခာတွေ တဖြုတ်ဖြုတ်ကြွေရလေသည်။ဒီလိုဖြစ်လာအောင် ဘယ်သူက ဖန်တီးခဲ့သလဲဆိုသည်ကို သိပေမယ့် ပြင်ရန် မဖြစ်နိုင်သည့်အခါ၊ ဖယ်ရှားရန်မဖြစ်သည့်အခါ ကျနော်တို့မှာ လည်စင်းခံရုံသာ။

ကျနော့်အိမ်ဘေးက ကလေးငယ်တွေရဲ့ မနက်ဖြန်ဆိုတာကို ကျနော် တစ်ညလုံးတွေးပြီး ရင်မောမိသည်။ခေတ်က ကျနော်တို့ကို စုတ်ပြတ်သပ်အောင် ရိုက်ချသွားသည်။ဒီထဲမှာ စာနာချင်းတွေ၊ ကိုယ်ချင်းစာတရားတွေ၊ သနားညှာတာ ချစ်ခင်ခြင်းတွေ၊ လောကဝတ်တွေ စသည့် လူမှန်လျှင် လိုက်နာကျင့်သုံးရသည့် ကြီးမြတ်သည့်အရာတွေအားလုံး ....။

မနက်ဖြန်မှာ ကျနော်တို့ရှိမည်၊ မရှိမည်ဆိုတာ မသေချာ။သို့သော် အလုပ်-လုပ်ရင်း သေသည်သူတွေကတော့  ဆက်ရှိနေဦးမည်ဆိုတာ သေချာလှပေသည်။

မောင်ဦးလွင်