【 ဆောင်းပါး 】 အချက်ပြမှားခြင်း

【 ဆောင်းပါး 】 အချက်ပြမှားခြင်း

တစ်နေ့က မြို့ထဲ ကိစ္စရှိသဖြင့် ဘတ်စ်ကားစီးကာ လာမိသည်။လမ်းတွင် မီးပွိုင့်တွေက အများကြီး။တချို့နေရာများတွင် ကိုယ်ပိုင်ကားများ၊ တက္ကစီများက လမ်းပေါ်ရပ်ထားသလို တချို့တက္ကစီများက လိုင်းကားရှေ့မှသွားကာ ခရီးသည်တားသည့်နေရာ ရပ်ပေးသဖြင့် လမ်းမှာ ပိတ်သည့်နေရာ ပိတ်ကာ သွားရလာရသည်မှာ ခရီးထောက်ကုန်သည်။ဘတ်စ်ကားမောင်းသူမှာ မောင်းနေရင်း ဆဲဆိုနေသလို တစ်ချက် တစ်ချက် အရှိန်တင်မောင်းသဖြင့် ကားပေါ်ပါ ခရီးသည်အားလုံးမှာ တန်းတစ်ခုခုကိုကိုင်ထားပြီး သတိမပြတ်နေရသည်။

မီးပွိုင့်တစ်ခုတွင် မီးနီရာမှ စိမ်းလို့ ဖြတ်ဖို့ ပြင်နေစဉ် ထပ်မီးနီသဖြင့် ဘရိတ်ဆောင့်အုပ်လိုက်ရသဖြင့် ခရီးသည်များအားလုံး အလဲလဲအပြိုပြိုဖြစ်ကုန်ပြီး ကားပေါ်မှာ မအေနှမဆဲခြင်းများ၊ ကားသမားနှင့် ခရီးသည်ကြား စကားများခြင်းများဖြစ်ကြသည်။နောက်မှ ခရီးသည်တစ်ဦးက မီးပွိုင့်က ချက်ခြင်းနီလို့ ဖြစ်ရတာ၊ အချက်ပြတာ ချက်ခြင်းပြောင်းလို့ဖြစ်ရတာပြောသဖြင့် စကားများတာ ပြီးသွားသော်လည်း အချက်ပြခြင်းကို မကျေမနပ်ပြောလို့ မဆုံးတော့။

ဒီလို ဘရိတ်အုပ်လို့ ဖရိုဖရဲဖြစ်ရခြင်းကြောင့် ထိခိုက်မှုမရှိခဲ့သော်လည်း မြို့ထဲ ကိစ္စရှိသည့်နေရာ ရောက်သည်အထိ ထိုဖြစ်ရပ်က ကျနော့်စိတ်ထဲ ဖျောက်လို့မရ ဖြစ်နေခဲ့သည်။အချက်ပြတာ မှားခြင်းသည် ဒီလိုလမ်းပေါ်မှာတောင် ဒီလိုထိခိုက်နိုင်ပါလားဟု တွေးမိသလို အခြားသောနယ်ပယ်များတွင် ထိုသို့သော မှားယွင်းမှုလိုမျိုး ကိစ္စများကြောင့် ဖြစ်လာသည့် အကျိုးဆက်များအကြောင်းကိုပါ အိမ်ပြန်ရောက်သည်အထိ ကျနော် ဆင့်ကဲ တွေးနေမိခဲ့သည်။

ကျနော်က ကျောင်းဆရာ၊ ကျူရှင်ဆရာဆိုတော့ အချက်ပြမှားခြင်းကို မီးပွိုင့်ကနေ ဘဝတွေအထိ ဖြန့်ကြက်ကာ တွေးမိသလို သင်ပေးရသည့် ကျောင်းစာတွေထဲထိ ထည့်တွေးမိသည်။ရူပဗေဒထဲက အရွေ့ဟုခေါ်သော အင်နားရှား၏ အန္တရာယ်သက်ရောက်မှုကို ယခုအချက်ပြမှားခြင်းဖြင့် သဲသဲကွဲကွဲ သိလာမိသည်။ဘဝတွေနှင့် စီးပွားရေးလုပ်ငန်းများတွင်ရော ဖြန့်တွေးသည့်အခါ ယနေ့ဖြစ်နေသည် ခေတ်နှင့်ပါ တွဲဖက်မြင်ကြည်လိုက်သည့်အခါ အချက်ပြမှားခြင်း၊ မှားသောအချက်အလက်ကို ယုံကြည်ခြင်းသည် မည်မျှထိခိုက်သည်ကို မြင်မိတော့သည်။

ယခုရက်ပိုင်း စိတ်ထဲမှာ နေလို့ထိုင်လို့မရအောင်ဖြစ်မိသည့် အကြောင်းအရာတွေ အများကြီးရှိသည်။မျက်စိထဲကနေ ဖျောက်မရနိုင်သော ကိစ္စတချို့လည်းရှိသည်။ကိုယ့်ကိုယ်ကိုယ်လည်း နေစိမ့်မှုအတွက် အပြစ်တင်နေမိမှုလည်းရှိသည်။ခွင့်မလွှတ်နိုင်မှုလည်းရှိသည်။ယခုဖြစ်ရပ်နှင့် ယှဉ်ထိုးစဉ်းစားမိသည့်အခါ ထိုအရာများသည် မှားယွင်းသော အချက်ပြမှုများကို ယုံကြည်ရာမှ ဖြစ်လာခြင်းပါလားဟု တွေးမိလေသည်။

ဘဝဖြတ်သန်းမှုတစ်လျှောက် ကျနော်တို့ မယုံကြည်ခဲ့သည့်အရာများကို ရွေးချယ်ခဲ့မှုများ တစ်ကြိမ်မက တစ်ကြိမ်ရှိခဲ့ကြမည်ဖြစ်သည်။ထိုသို့ရွေးချယ်မိခဲ့ခြင်းသည် လူတိုင်းနီးပါးဖြစ်ပြီး မကြိုက်ဘဲနှင့် ရွေးချယ်မိခြင်းသည် ကြိုက်မိသော အရာများထက် ပို၍စိတ်ချရသည်ဟူသော တွေးထင်ချက်ကြောင့်သာဖြစ်သည်။ထိုတွေးထင်ချက်သည် မှားယွင်းသော အချက်ပြမှုများမှ လာလေသည်။ထိုအခါ မှားယွင်းသော ရွေးချယ်မှုများ ဖြစ်လာလေသည်။ဘဝတစ်လျှောက် လွဲမှားခဲ့သော အမှားများကြောင့် လိုရာမရောက်ခြင်းများသည် ထိုသို့သော မှားယွင်းသော အချက်ပြမှုများကြောင့်က များလေသည်။

ပြန်တွေးမိသောအခါ ထိုသို့သော အဖြစ်များက ငယ်ဘဝတစ်လျှောက် အများကြီး။ငယ်စဉ်ကဆိုလျှင် ဘောလုံးကန်သည့်အခါ ပြိုင်ဘက်မသိအောင် တစ်ယောက်နှင့် တစ်ယောက် အချက်ပေးရသည်။ဂိုးသွင်းနိုင်ဖို့ သေချာသည့်သူဆီကို ပေးရမည်ဖြစ်လာသည့်အခါ ကိုယ်က ဂိုးသွင်းနိုင်ဖို့ အခွင့်အရေးနည်းနေပါက ပို၍အခွင့်အရေးများနေသည်သူဆီကို ပေးမိသည်။ထိုအခါ ပေးသည့် ဘောလုံးကို ရသူက ဂိုးမသွင်းနိုင်ဘဲ ဘေးကန်မိသည့်အခါ ဘာကြောင့် ဒီလိုကောင်ကို ပေးမိပါလိမ့်။ငါ့ဘာသာ ဂိုးဝင်ဝင်၊ မဝင်ဝင် ကန်တာက ပိုကောင်းမည်ဆိုသည် အတွေးမျိုးလည်း တွေးမိခဲ့တာတွေရှိသည်။

ဒီလိုပဲ ဘဝလမ်းကြောင်းကို ရွေးရသည့်အခါ ဘယ်အလုပ်ကကောင်းသည်ဆိုသည်ပြီး ရွေးချယ်ခွင့်ရသည့်အခါ ထင်ကြေးဖြင့် ရွေးရတာဖြစ်သည်။ကျနော်ဆို  အေဂျီတီအိုင်လို့ခေါ်သည့် အင်ဂျင်နီယာအလုပ်က ဘဝကို မြင့်မြင့်မားမားဖြစ်အောင် လုပ်နိုင်ကြောင်း မျှော်လင့်ချက်ဖြင့် ရွေးချယ်မိသည်။သို့သော် ကျောင်းပြီးသည့်အခါ ဆောက်လုပ်ရေးအလုပ်တွေက မကောင်း၊ နောက်ပြီး ကိုယ်လိုချင်သည့် အနေအထားမျိုးမဟုတ်။နေပူမိုးရွာ လုပ်ငန်းခွင်မှာ အမြဲရှိနေရသော အလုပ်ဖြစ်သဖြင့် စိတ်မပါတော့။ဆက်ဆံရသည့်သူတွေက လူကြမ်းစိတ်ကြမ်းတွေနှင့်ဆိုတော့ နောက်ပိုင်း ကျူရှင်ပြသည့်ဘက်သို့ ရောက်လာခဲ့သည်။

ဆိုသည်က မှားယွင်းသော အချက်ပြမှုသည် တစ်ဦးနှင့် တစ်ဦးမတူ။တစ်ဦးအတွက် ထိုအချက်ပြမှုသည် မှန်နိုင်သော်လည်း တစ်ဦးအတွက်မူ ဘဝကို ဖရိုဖရဲဖြစ်စေနိုင်သည်။ထိုသည်မှာ နှစ်ဖက်သက်ရောက်မှုကို တွေးမိခြင်းဖြစ်သည်။

တကယ်သာ ကျနော်စာသင်ကြားခြင်းကို ရွေးချယ်ခဲ့ပါက ပညာရေးတက္ကသိုလ်သာ တက်ခဲ့မိမည်ဖြစ်သည်။သို့သော် မိမိအနားတွင်ရှိသောသူများ၏ မှားယွင်းသော အချက်ပြမှုများကြောင့် မိမိကြိုက်နှစ်သက်သည်ထက် လူတွေ ပိုအထင်ကြီးနိုင်သည့်၊ဘဝအတွက် ပိုစိတ်ချရနိုင်သည့်  အတတ်ပညာ၊ အတန်းပညာကို ရွေးချယ်မှုကြောင့် ခွေးတိုးဝက်ဝင်ဘဝမျိုးကို ရောက်ကြရသည်မှာ လူ့ဘဝတွင် အများကြီး။ထိုထဲ ကျနော်လည်းပါဝင်ခဲ့သည် မဟုတ်လား။

မှားယွင်းသော အချက်ပြမှုများကြောင့် ဖြစ်လာရသည့် ဘေးဒုက္ခများသည် ဘဝတစ်လျှောက်လုံး မကြာခဏကြုံရမည်ဖြစ်သည်။တချို့သော အချက်ပြမှုများသည် စေတနာဖြင့် လွဲမှားခြင်း ဖြစ်နိုင်သော်လည်း တချို့သော အချက်ပြမှားမှုများသည် တစ်စုံတစ်ယောက်အကျိုးအတွက် တကူးတကလုပ်ယူသော အမှားမျိုးတွေဖြစ်သည်။ကျနော်ရော ယခုထိ တစ်ယောက်ယောက်အတွက် မှားယွင်းသော အချက်ပြမှုကို ဘယ်လိုစေတနာမျိုးဖြင့် ပြမိသလဲဟု ပြန်ဆန်းစစ်မိသည်။

ကျနော်တို့ အချက်ပြမှုအပေါ် ယုံကြည်ပြီး ဖြတ်ကူးသူများ ကျနော်တို့ တာဝန်မဲ့မှုကြောင့် ဘဝတွေ တိမ်းမှောက်ကုန်ခဲ့သလား၊ တိုက်မိပျက်စီး ထိရှခဲ့ကုန်သလားဆိုတာ မကြာခဏပြန်တွေးမိနေလေသည်။

မောင်ဦးလွင်