【 ဆောင်းပါး 】 အခက်အခဲတွေကို အခွင့်အလမ်းအဖြစ် ဘယ်လိုပြောင်းမလဲ ?

【 ဆောင်းပါး 】 အခက်အခဲတွေကို အခွင့်အလမ်းအဖြစ် ဘယ်လိုပြောင်းမလဲ ?

အခက်အခဲအကျပ်အတည်းတွေနဲ့ ကင်းတဲ့ လုပ်ငန်းရယ်လို့ မရှိပါဘူး။

အခက်အခဲအကျပ်အတည်းဆိုတာ အလုပ်တိုင်းမှာ မလွဲမသွေကြုံရမယ့်ကိစ္စပါ။ဒီတော့ အခက်အခဲအကျပ်အတည်းတွေကို မကြုံတွေ့ရအောင် ရှောင်ပြေးနေမယ့်အစား မိမိလုပ်ငန်းအတွက် မောင်းနှင်အား တစ်နည်းအားဖြင့် တိုးတက်ဖို့အတွက် အခွင့်အလမ်းအဖြစ် ပြောင်းပစ်လိုက်နိုင်ရင် အောင်မြင်မှုရစေဖို့အတွက် အင်မတန်ဉာဏ်ပါတဲ့၊ တုံ့ပြန်မှုတစ်ခု ဖြစ်လာမှာပါ။

မန်နေဂျာတစ်ယောက်ရဲ့ တာဝန်မှာ Anticipation လို့ခေါ်တဲ့ အနာဂတ်ကို မျှော်မြင်ပြီး မိမိကုမ္ပဏီ/လုပ်ငန်းအတွက် အခွင့်အရေးရှာခြင်း၊ ဖြစ်လာနိုင်ဖွယ်ရှိသော အခက်အခဲအကျပ်အတည်းများကို ကျော်လွန်နိုင်ဖို့ ကြိုတင်စီမံ အစီအစဉ်ဆွဲထားရမယ့် တာဝန်တစ်ခုလည်း ပါဝင်ပါတယ်။ဒီတော့ ကြုံလာမယ့် အခက်အခဲအကျပ်အတည်းတွေကို မိမိကုမ္ပဏီ/လုပ်ငန်းအတွက် အခွင့်အလမ်းအဖြစ် ပြောင်းလဲအသုံးချနိုင်ရင် အလွန်ကောင်းမွန်တဲ့ မှတ်တိုင်စိုက်ထူခြင်းတစ်ခုပဲ မဟုတ်ပါလား။

တစ်ခါတလေမှာ အကြောင်းတစ်ခုက မိမိလုပ်ငန်း/ကုမ္ပဏီအတွက် အခက်အခဲအတားအဆီးတစ်ခု ဖြစ်လာနိုင်တယ်ဆိုတာ ခန့်မှန်းမိပေမယ့်လည်း “ဖြစ်ချင်မှ ဖြစ်မှာပါလေ။ငါ့ကုမ္ပဏီအပေါ်တော့ ဖြစ်နိုင်မယ် မထင်ပါဘူး၊ မတော်တဆဖြစ်လာခဲ့ရင်လည်း ငါ့ကုမ္ပဏီရဲ့ အတတ်ပညာ ကြွယ်ဝမှုနဲ့ အင်အားတောင့်တင်းမှုကြောင့် အသာအယာဖြေရှင်း ကျော်လွှားနိုင်မှာပါ” ဆိုပြီး ဖော့တွက်/လျှော့တွက်မိတဲ့အတွက် ဘာမှကြိုတင်ပြင်ဆင်ထားမှုမရှိဘဲ တကယ်လည်း ကြုံလာရော မရှုနိုင်မကယ်နိုင်ဖြစ်ပြီး ဘာမှ မခုခံ မကာကွယ်နိုင်ဘဲ အမှန်တကယ် ခက်ခဲကျပ်တည်းတဲ့ အခြေအနေကို ဆိုက်ရောက်သွားပြီး၊ ဆုံးရှုံးနစ်နာမှုတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ဒါကြောင့် အခက်အခဲအကျပ်အတည်းတွေကို ကြုံလာမှ ကျော်လွှားဖို့ နည်းလမ်းရှာကြံ တုံ့ပြန်တာထက်စာရင် ကြိုတင်ခန့်မှန်း တွက်ဆထားပြီး ကြုံလာရင် ဘယ်လိုလုပ်မလဲဆိုတာကို အစီအစဉ် (Plan) ကြိုတင်ရေးဆွဲထားသင့်ပါတယ်။

မှတ်မိကြပါဦးမယ်၊ ကိုဗစ် ၁၉ ဖြစ်ကြတဲ့ ကာလတုန်းက လူတွေအနေနဲ့အခြားလူတွေနဲ့ ထိတွေ့ဆက်ဆံရမှုကို ရှောင်ကျဉ်ရတဲ့အတွက် အိမ်တွင်းပုန်းတွေ ဖြစ်လာကြပြီး၊ အပြင်ထွက်တာ နည်းလာပါတယ်။ဒီအခါ လူအများအပေါ် အားကိုးရတဲ့ စားသောက်ဆိုင်လုပ်ငန်းတွေ လူအဝင်နည်းလာတဲ့အတွက် စီးပွားရေးထိခိုက်လာခဲ့ပါတယ်။ဒီအခက်အခဲအကျပ်အတည်းကို ကျော်လွှားဖို့အတွက် စားသောက်စရာကို ဖုန်း စတဲ့ အွန်လိုင်းကမှာယူပြီး အိမ်တိုင်ရာရောက် ပေးပို့ရောင်းချ ဝန်ဆောင်မှုပေးတဲ့ Home Delivery စနစ် ပေါ်ပေါက်လာပြီး အဲဒီရောင်းချမှုစနစ်က ကိုဗစ် ၁၉ ကပ်ဆိုး လွန်မြောက်သွားပေမယ့် ဆက်လက်တွင်ကျယ် အသုံးတည့်နေဆဲဖြစ်ပြီး ရောင်းချမှု ပုံစံသစ်တစ်ခုအဖြစ် ရှင်သန်ရပ်တည်လာခဲ့တာ အားလုံးအသိပါပဲ။ထို့အတူပဲ အွန်လိုင်းစာသင်ကြားမှုတွေ၊ အွန်လိုင်းက live လွှင့် ရောင်းချတဲ့ စနစ်တွေပေါ်ပေါက် တွင်ကျယ်လာခဲ့ပါတယ်။

ဝယ်ယူသူ ပရိသတ်တွေကလည်း ဒီလို အိုးမကွာအိမ်မကွာ စိတ်တိုင်းကျ ပစ္စည်းရွေးချယ်ဝယ်ယူနိုင်ပြီး၊ အိမ်တိုင်ရာရောက် ဝန်ဆောင်မှုရနိုင်တဲ့ ဒီစနစ်ကို နှစ်သက်လက်ခံလာခဲ့တယ်။

နောက်ထပ် သာဓကအကြီးကြီးတစ်ခုက ကင်မရာလောကမှာ ဖြစ်ခဲ့ဖူးပါတယ်။ကိုဒက်ဖလင် (Kodak Film) က တစ်ခေတ်တစ်ခါက ပြိုင်စံရှား ဖလင်ကုမ္ပဏီတစ်ခု ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ဖလင်ကင်မရာခေတ်ကနေ ဒစ်ဂျစ်တယ် ကင်မရာခေတ်ကိုပြောင်းတဲ့ ခပ်ပြင်းပြင်းအရွေ့မှာ ကိုဒက်က သူ့အောင်မြင်မှုမှာပဲ ယစ်မူးပြီး သတိမထားခဲ့တာလား မသိ၊ ဒစ်ဂျစ်တယ် ကင်မရာတွေ အရမ်းတွင်ကျယ်လာတဲ့အချိန်မှာ ကိုဒက်က ပါမလာနိုင်တော့ဘဲ ဂန္ထဝင်ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်ခုအဖြစ်သာ ရာဇဝင်ထဲမှာ ကျန်ခဲ့တာကို မှတ်မိကြမှာပါ။

ဟန်းဖုန်းတွေရဲ့ ခေတ်ပြောင်းတော်လှန်ရေး အရွေ့ကလည်း သံဝေဂယူစရာ သင်ခန်းစာယူစရာတွေ တော်တော်ရှိခဲ့ပါတယ်။လိုင်းဖုန်းခေတ်နဲ့ ခလုတ်ဖုန်းခေတ်တွေမှာ မင်းမူခဲ့တဲ့ အယ်ရစ်ဆင် (Ericsson) တို့ နိုကီယာ (Nokia) တို့ရဲ့ ကြီးမားတဲ့ အောင်မြင်မှုနဲ့ ကြီးမားတဲ့ ကျဆုံးမှုတွေ၊ စမတ်ဖုန်းတွေ ခေတ်အစမှာ ကြီးစိုးခဲ့တဲ့ ဘလက်ဘယ်ရီ (Blackberry) ကြီးဟာ အန်းဒရွိုက် (Android) နဲ့ အိုင်အိုအက်စ် (iOS) သို့ အရွေ့မှာ ပြတိုက်ထဲ ပို့လိုက်ရတဲ့ အနေအထားကို ရောက်သွားခဲ့ပါတယ်။

ဒါတွေအားလုံးကို သုံးသပ်ကြည့်ရင် အခက်အခဲအကျပ်အတည်းတွေကို  ကြိုတင်စီမံချက်နဲ့ ရင်ဆိုင်ကျော်လွှားဖို့ လစ်ဟာခဲ့တဲ့အတွက် စီးပွားလုပ်ငန်းတစ်ခုလုံး ပြိုလဲဖျက်သိမ်းလိုက်ရတာတွေကို သင်ခန်းစာယူဖွယ် တွေ့ရမှာဖြစ်ပါတယ်။
အဲဒီတော့ စီးပွားတွေအပေါ် ခြိမ်းခြောက် စိန်ခေါ်နေတဲ့ အခက်အခဲအကျပ်အတည်း ဘယ်နှစ်မျိုးရှိမလဲ အရင်သုံးသပ်ကြည့်ရအောင် -

(၁) ဈေးကွက်တွင်း အလှည့်အပြောင်းများ - ဒီအခက်အခဲအကျပ်အတည်းက ထိချက် အရမ်းပြင်းနိုင်တယ်လို့ သုံးသပ်ရမှာပါ၊ စားသုံးသူတွေရဲ့ အလေ့အကျင့်ပြောင်းလဲသွားခြင်း၊ ပြိုင်ဖက်တွေက အားအရမ်းကြီးလာခြင်း၊ အစိုးရရဲ့ မူဝါဒပြောင်းလဲခြင်းတို့ ပါဝင်ပါတယ်။မိမိအနေနဲ့ ဒီအခြေအနေကို ကိုယ်လိုရာပြောင်းလိုက်ဖို့ မဖြစ်နိုင်ဘဲ၊ ဒီဈေးကွက်တွင်း အလှည့်အပြောင်းများရဲ့ အရွေ့နဲ့ သဟဇာတဖြစ်အောင် အလိုက်သင့် လိုက်ရွှေ့တတ်ဖို့ လိုပါတယ်။

(၂) ငွေကြေးတန်ဖိုး အလှည့်အပြောင်းများ - ဒီအကြောင်းထဲမှာ ငွေကြေးဖောင်းပွနှုန်း မြင့်တက်ခြင်း၊ ငွေလဲလှယ် ဈေးနှုန်း မြင့်တက်ခြင်း၊ ရင်းနှီးမြှုပ်နှံမှုရဲ့ အတိုးနှုန်းကျဆင်းခြင်း စတဲ့ ဂယက်တွေကြောင့် မိမိရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ပိုင်ဆိုင်မှုတွေက ရုတ်တရက် နေရင်းထိုင်ရင်း တန်ဖိုးလျော့ကျ အားနည်းသွားရတတ်တဲ့ အခက်အခဲအကျပ်အတည်းတွေနဲ့ ကြုံပြီး မရှုနိုင်မကယ်နိုင် အခြေအနေကို အချိန်တိုတစ်ခုအတွင်းမှာ ကျရောက်သွားနိုင်ပါတယ်။

(၃) လုပ်ငန်းစဉ် ကမောက်ကမဖြစ်ခြင်း - ဒီအခက်အခဲအကျပ်အတည်းထဲမှာတော့ မိမိရုံးတွင်းလုပ်ငန်းစဉ်ကြောင့်သော်လည်းကောင်း၊ လုပ်ငန်းသုံး စနစ်/ကိရိယာတွေ ချို့ယွင်းချက်ကြောင့်သော်လည်းကောင်း၊ ခေတ်မမီတော့သောကြောင့်လည်းကောင်း၊ ဝန်ထမ်းအပြောင်းအလဲများခြင်း (လူဟောင်းများ နုတ်ထွက်ခြင်း/လူသစ်များကို အချိန်ယူ လေ့ကျင့်ပေးနေရခြင်း) ကြောင့် ကျွမ်းကျင်ဝန်ထမ်းလျော့နည်းနေခြင်း စသည်တို့ကြောင့် ကုန်ပစ္စည်းအရည်အသွေး၊ ဝန်ဆောင်မှုအရည်အသွေးတွေက ယခင်စံချိန်ကိုမမီတဲ့ အခက်အခဲအကျပ်အတည်းတွေ ကျရောက်လာနိုင်လာနိုင်ပါတယ်။

(၄) နာမည်ပျက်မယ့်ကိန်းဆိုက်လာခြင်း - တစ်ခါတရံ မှားယွင်းတဲ့ ကြော်ငြာပုံစံ (ပုံ၊ စာသား၊ အသုံးအနှုန်း စသည်) တို့က ပင်မစားသုံးသူ/သုံးစွဲသူတို့ရဲ့ လက်ရှိခံစားချက်၊ ခံယူချက်နဲ့ လိုက်လျောညီထွေမရှိဘဲ ဆန့်ကျင်မှုဖြစ်မိသွားခြင်း၊ မိမိထိုးဖောက်နေတဲ့ ဈေးကွက်တွင်းက ပင်မစားသုံးသူတွေရဲ့ လူမှုရေးစံကို ချိုးဖောက်မိသကဲ့သို့ ဖြစ်မိသွားခြင်းတို့ ဖြစ်နိုင်သကဲ့သို့ မိမိလုပ်ငန်းအပေါ်ကို အားကိုးပြီး၊ ပူးပေါင်းလာသူတွေ၊ ရင်းနှီးမြှုပ်နှံသူတွေ မျှော်လင့်မျှော်မှန်းသလိုမဖြစ်ဘဲ အနည်းငယ်အားမလိုမရဖြစ်ပြီး ယုံကြည်ချက်ပျက်ချင်သလို အနေအထားသို့ ဆိုက်ရောက်သွားမိခြင်းတို့ ဖြစ်လာနိုင်လို့ ဒီ အခက်အခဲအကျပ်အတည်းကလည်း ပြန်ထွက်ရခက်တဲ့၊ ဘေးကျပ်နံကျပ်ဖြစ်စေတဲ့၊ သတိကြီးစွာထားရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။

(၅) နည်းပညာ ခေတ်ပြောင်းမှုနောက် လိုက်မမီခြင်း - အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲနေတဲ့ ခေတ်မီနည်းပညာတွေကို လိုက်မမီဘဲ မျက်ခြေပြတ်ပြီး ကျန်ခဲ့ခြင်းကြောင့် စီးပွားလုပ်ငန်းက အိုဟောင်းတဲ့ ခေတ်ဆွေးလုပ်ငန်းတစ်ခုအဖြစ် နောက်ကျ ကျန်ခဲ့ခြင်းဟာ ခေတ်နဲ့ ရင်ဘောင်တန်းလိုက်နိုင်တဲ့ ပြိုင်ဖက်တွေ၊ နောက်ပေါက်တွေကို နေရာဖယ်ပေးလိုက်ရတဲ့ အနေအထားကို ကျရောက်သွားနိုင်တဲ့အတွက် ဒီအခက်အခက်အကျပ်အတည်းမျိုး မကြုံရအောင်လည်း သတိထားရမှာဖြစ်ပါတယ်။

စီးပွားလုပ်ငန်းတွေကို စိန်ခေါ်လာတတ်တဲ့ အခက်အခဲအကျပ်အတည်းတွေကို သိပြီဆိုတော့ အဲဒါတွေကို မိမိစီးပွားလုပ်ငန်းရဲ့ တိုးတက်မှု အောင်မြင်မှုတွေ ဖြစ်လာစေမယ့် အခွင့်အလမ်းအဖြစ် ဘယ်လိုပြောင်းလဲယူကြမလဲ။

(၁) တီထွင်ဆန်းသစ်ပါ၊ နည်းသစ်လမ်းသစ် လေ့လာပါ။ - နည်းပညာအသစ်အဆန်းတွေပေါ်လာတိုင်း မိမိကို ခြိမ်းခြောက် စိန်ခေါ်မှုတွေအနေနဲ့ မခံယူဘဲ အဲဒီနည်းပညာတွေကို ပိုင်နိုင်စွာလေ့လာပြီး ကျင်လည်စွာ အသုံးချခြင်းဖြင့် မိမိရဲ့စားသုံးသူဖောက်သည်တွေအတွက် ဘယ်လိုကုန်ပစ္စည်း၊ ဝန်ဆောင်မှုအသစ်တွေ ဖန်တီးပေးနိုင်မလဲ၊ လက်ရှိ မိမိရဲ့ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကို ပိုကောင်းအောင် ဘယ်လိုမွမ်းမံနိုင်မလဲဆိုတာကို ကြံဆပါ။

(၂) ပူးပေါင်း ဆောင်ရွက်ပါ - မိမိ စီးပွားလုပ်ငန်းကို ပိုမိုကြီးပွားတိုးတက်မှုကို ဆောင်ကျဉ်းပေးနိုင်မယ့် မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းရှာဖို့က မိမိလုပ်ငန်းကုမ္ပဏီရဲ့  အရင်းအမြစ်အင်အားတစ်ခုထဲနဲ့ ကြိုးစားတာထက်စာရင်၊ ပိုမြန်မြန်၊ ပိုအရှိန်အဟုန်ကောင်းကောင်း၊ ပိုကြီးတဲ့ ငွေရင်း/နည်းပညာအရင်းကောင်းကောင်းနဲ့ ထိုးဖောက်အောင်မြင်နိုင်ပါတယ်။ဥပမာ - သုတေသနကုမ္ပဏီ၊ နည်းပညာကုမ္ပဏီတို့က စလို့ ဖြန့်ချိရေးကုမ္ပဏီ၊ ခေတ်မီစက်ကိရိယာတွေ ပံ့ပိုးပေးနိုင်တဲ့ ကုမ္ပဏီ စသည်တို့နဲ့ ပူးပေါင်းအလုပ်လုပ်နိုင်မယ့် အခွင့်အရေးရှာဖွေ လုပ်ဆောင်ရမှာဖြစ်ပါတယ်။

(၃) Business Diversification နည်းစနစ်နဲ့ ဈေးကွက်ထိုးဖောက်ပါ။ - Business Diversification လို့ခေါ်တဲ့ လက်ရှိကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ လက်ရှိဈေးကွက်ကို ထိုးဖောက်ခြင်း၊ လက်ရှိကုန်ပစ္စည်းအမှတ်တံဆိပ်နဲ့ ဈေးကွက်သစ်ကို ထိုးဖောက်ခြင်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ်အသစ်နဲ့ ဈေးကွက်အသစ်ကို ထိုးဖောက်ခြင်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ်အသစ်နဲ့ လက်ရှိဈေးကွက်ကို ထိုးဖောက်ခြင်း နည်းဗျူဟာနည်းစနစ်ကို အသုံးပြုဆောင်ရွက်ခြင်းဟာလည်း အခက်အခဲအကျပ်အတည်းတွေကို အခွင့်အလမ်းအဖြစ် ပြောင်းလဲရာမှာ အလွန်အသုံးတည့်တဲ့ နည်းဗျူဟာတစ်ခုဖြစ်ပါတယ်။

အထူးသဖြင့် ယနေ့အချိန်လို အပြောင်းအလဲ အတက်အကျများတဲ့ စီးပွားရေးအခြေအနေမှာ ဈေးကွက်တစ်ခုတည်းကိုပဲ အားကိုးနေရခြင်း၊ ကုန်ပစ္စည်းအမှတ်တံဆိပ်တစ်မျိုးတည်းကိုပဲ အားကိုးနေရတဲ့ အခြေအနေကနေ၊ မတူတဲ့ ဈေးကွက်အမျိုးမျိုး၊ မတူတဲ့ စားသုံးသူအမျိုးမျိုးနဲ့ ကိုက်ညီမယ့် အသစ်အသစ်တွေကို ရှာဖွေဖော်ထုတ် လုပ်ဆောင်နိုင်တဲ့ နည်းဗျူဟာဖြစ်တဲ့အတွက် လက်တွေ့ကျင့်သုံး ဆောင်ရွက်သင့်ပါတယ်။

(၄) Agile Operations လို့ခေါ်တဲ့ နည်းစနစ်ကို မိမိရဲ့ အဖွဲ့များကြားမှာ ကျင့်သုံးစေပါ။ - Agile Operation လို့ခေါ်တဲ့ စီမံခန့်ခွဲမှု နည်းစနစ်ကို မိမိအဖွဲ့တွေကြားမှာ ကျင့်သုံးလာအောင် လေ့ကျင့်သင်ကြားပေးပါ။ဒီနည်းစနစ်ရဲ့ အခြေခံကတော့ မိမိအဖွဲ့အသီးသီးကြားမှာ ပြင်လွယ်ပြောင်းလွယ်ခြင်း (Flexibility) ဆိုတဲ့ စိတ်သဘောထားများနဲ့ ပူးပေါင်းကူညီဆောင်ရွက်ကြခြင်း (Collaboration) တို့ ဖြစ်ထွန်းစေခြင်းဖြင့် စဉ်ဆက်မပြတ်သော တိုးတက်မှုများရစေခြင်း၊ တိုးတက်တဲ့ လုပ်ငန်းစဉ်များရစေခြင်း၊ အကြံသစ် ဉာဏ်သစ်များ ကွန့်မြူးလာစေခြင်း စသည်တို့ကို ဖြစ်ပေါ်စေတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။

ထိုသို့ဖြင့် အပြောင်းအလဲများတဲ့ ဈေးကွက်အနေအထားတွေ၊ စားသုံးတွေရဲ့ လိုအပ်ချက်များကို အလျင်မြန်ဆုံးသိရှိနားလည်ပြီး ဖြည့်စွမ်းပေးနိုင်မယ့် နည်းလမ်းတွေကို ဖော်ဆောင်လုပ်ကိုင်နိုင်စေမှာဖြစ်တဲ့အတွက် ဒီ Agile Operation နည်းစနစ်ကို ကျင့်သုံးသင့်ပါတယ်။

(၅) မိမိကုမ္ပဏီနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ နာမည် ဂုဏ်သိက္ခာ သတင်းမွှေးနေအောင် အစဉ်ကြံစည် လုပ်ဆောင်ပါ - မိမိကုမ္ပဏီနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ ဂုဏ်သတင်းကောင်းတွေ စားသုံးသူ/ဖောက်သည်တွေကြားမှာ မွှေးပျံ့နေတာက ရေရှည်အကျိုးစီးပွားနဲ့ မိမိကုန်ပစ္စည်းအမှတ်တံဆိပ်အပေါ်မှာ ကာလရှည်ကြာ နှစ်သက်ချစ်ခင်သစ္စာရှိစေမယ့် နည်းစနစ်ဖြစ်လို့ အစဉ်ကြံစည် လုပ်ဆောင်သင့်ပါတယ်။ဒါကိုလုပ်ဖို့အတွက် အဖုအထစ် အခက်အခဲ တစ်စုံတရာပေါ်ပေါက်တိုင်း အမြန်ဆုံး အကောင်းဆုံး နည်းလမ်းရှာပြီး ပြေလည်အောင် ဖြေရှင်းပါ။

မိမိလုပ်ငန်းစီးပွား လုပ်ကိုင်နေတဲ့ လူမှုဝန်းကျင်က ဂုဏ်ယူထိန်းသိမ်းထားတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာတွေကို မိမိအဖွဲ့အစည်းကလည်း လေးစားလိုက်နာ စောင့်ရှောက်ပါ။

မိမိကုမ္ပဏီနဲ့ အကျိုးတူလုပ်ဆောင်သူများ၊ မိမိကုမ္ပဏီနဲ့ ကုန်ပစ္စည်းအမှတ်တံဆိပ်တို့ရဲ့ အကျိုးကို လိုလားသူအားလုံးနဲ့ အစဉ်ထိတွေ့ပြီး ကောင်းမွန်တဲ့ ဆက်ဆံရေးကို ထူထောင်ထိန်းသိမ်းပါ။

အပေါ်ကတင်ပြခဲ့တဲ့ နည်းစနစ်များနဲ့ အခက်အခဲအကျပ်အတည်းတွေကို မိမိကုမ္ပဏီနဲ့ မိမိကုန်အမှတ်တံဆိပ်တို့အတွက် တိုးတက်အောင်မြင်စေကြောင်း အခွင့်အလမ်းအဖြစ် ပြောင်းလဲခြင်းဖြင့် -

-    ပြိုင်ဖက်များကြားမှာ မိမိက ပိုအားသာတဲ့ အနေအထား ရှိနေစေခြင်း။
-    တော်ရုံနဲ့ မကျရှုံးနိုင်ခြင်း၊ တစ်ခါတရံ ရှုံးနိမ့်မှုနဲ့ ကြုံလာခဲ့သည်ရှိသော်လည်း ခဏအတွင်း ပြန်လည်ထူထောင်လာနိုင်ခြင်း။
-    အကြံသစ်ဉာဏ်သစ်များဖြင့် အစဉ်သဖြင့် တိုးတက်အောင်မြင်နိုင်ခြင်း။
-    အကျိုးတူလုပ်ကိုင်သူများ၊ ဆက်စပ်ပတ်သက်သူများအားလုံးရဲ့ ယုံကြည်စိတ်ချမှုကို ခိုင်မာစေခြင်း။
-    လုပ်ငန်းစီးပွားလောက၌ အဓွန့်ရှည်ကြာစွာ တည်မြဲစွာ ရှင်သန်ရပ်တည်နိုင်ခြင်း - စတဲ့ အကျိုးကျေးဇူးများစွာကို ရရှိနိုင်မှာဖြစ်ပါတယ်။

စီးပွားရေးလုပ်ငန်းများအတွက် အခက်အခဲအကျပ်အတည်းတွေဆိုတာက အကူတကွ မွေးဖွားဖြစ်တည်လာတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေမယ့်လည်း၊ အဲဒီအကျပ်အတည်း အခက်အခဲတွေကို ကောင်းကောင်းအသုံးချတတ်မယ်ဆိုရင် မိမိကုမ္ပဏီ၊ စီးပွားလုပ်ငန်းတို့အတွက် တိုးတက်မှု၊ ဆန်းသစ်တီထွင်မှုနှင့် မဟာဗျူဟာမြောက် အသွင်ကူးပြောင်းမှုတွေအတွက် အထောက်အကူများအဖြစ် ပြောင်းလဲပစ်နိုင်တယ်ဆိုတာကို သိစေချင်ပါတယ်။

အပြုသဘောဆောင်တဲ့ စိတ်နေသဘောထားနဲ့ အခက်အခဲအကျပ်အတည်းတွေကြားမှာ အမြဲကပ်ပါလာမှာဖြစ်တဲ့ အခွင့်အလမ်းတွေကိုရှာဖွေပြီး မိမိအကျိုးစီးပွားအတွက် ပြောင်းလဲအသုံးချရင်ဖြင့် ယနေ့ခေတ်လို မှန်းဆမရတဲ့ များပြားတဲ့ စီးပွားရေးအခင်းအကျင်း အရွှေ့အပြောင်းတွေကြားမှာ ရှေရှည်တည်တဲ့ ခိုင်မာတဲ့ တိုးတက်မှုအတွက် ကြံဆောင်ဖန်တီးသူများ ဖြစ်နိုင်ကြပါစေကြောင်း ဆန္ဒပြုလိုက်ပါတယ်။

မေတ္တာဖြင့် ....

သက်ထွန်း (သျှမ်း)