【 ဆောင်းပါး 】 ဒီနေ့ အမြတ်က မနက်ဖြန် အရင်းတောင်မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ ?

【 ဆောင်းပါး 】 ဒီနေ့ အမြတ်က မနက်ဖြန် အရင်းတောင်မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ ?

ကုန်ဈေးနှုန်း တစ်နေ့တခြား တရိပ်ရိပ်တက်နေတဲ့အတွက် ဒီနေ့ အမြတ်နဲ့ ရောင်းထားလို့ရတဲ့ ငွေက မနက်ဖြန် အရင်းတောင် မရတော့လို့ လုပ်ငန်းငယ်လေးတွေ အရှုံးနဲ့ ရင်ဆိုင်နေရပြီး၊ ရေရှည်မရပ်တည်နိုင်တော့တဲ့ပြဿနာကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ။

အမြတ်တွက်တာကတော့ အရင်းအနှီးပေါင်းစုံအတွက် ကုန်ကျစရိတ်အားလုံး (ကုန်ကြမ်း၊ ထုတ်လုပ်မှုစရိတ်၊ ဝန်ထမ်းစရိတ်၊ လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်၊ အဆောက်အဦ၊ ကား၊ ပရိဘောဂ စတဲ့ ပုံသေရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် စုစုပေါင်း) ကို နုတ် ကျန်တာ အမြတ်ပေါ့၊ ဒီလိုသုံးချက်တွက်နည်းနဲ့ လွယ်လွယ်တွက်လည်း ရပါတယ်။

အခုတလော ခပ်စိပ်စိပ်ကြားနေရတဲ့ ညည်းသံတွေကတော့ “ဒီနေ့ရောင်းလို့ရတဲ့ အရင်းရော အမြတ်ရောပေါင်းတဲ့ ငွေက နောက်နေ့ရင်းဖို့ မလောက်ဘူး” ဆိုတဲ့ အသံတွေပါပဲ။ဒီဒဏ်ကို အများဆုံးခံစားနေရသူတွေကတော့ မီးဖိုချောင်ကုန်ပစ္စည်း ရောင်းချသူတွေဖြစ်ပါတယ်။သားငါးဟင်းသီးဟင်းရွက် ရောင်းချသူတွေ၊ လက်ဖက်ရည်ဆိုင်လို၊ အသုတ်၊ မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ နန်းကြီးသုတ်လို နံနက်ခင်းစာ ရောင်းချသူတွေ အဓိကခံစားရတာပေါ့၊ သူတို့က တစ်နေ့စာ တစ်နေ့ ဝယ်ရောင်းရတဲ့သူတွေကိုး၊ များသောအားဖြင့် ငွေရင်းလည်း သိပ်မတတ်နိုင်ကြတော့၊ နေ့ပြန်တိုးလိုမျိုး အတိုးများများပေးရတဲ့ အကြွေးတွေယူပြီး ရောင်းချရာကနေ အကြွေးသံသရာကနေ ရုန်းထွက်ဖို့ သိပ်ကိုခက်ခဲပြီး ဝဲဂယက်မှာ သံသရာလည်နေရသူတွေပေါ့။

ဆိုတော့ ဒါကို ကျော်လွှားနိုင်အောင် ဘယ်လိုလုပ်ကြမလဲ၊ တချို့က ဈေးနှုန်းအပေါ်မှာ ကစားဖို့ စဉ်းစားလုပ်ဆောင်ကြသလို အချို့က အရေအတွက်ပမာဏအပေါ်မှာ လျှော့ချဖို့ ကြိုးစားကြတယ်။ဈေးနှုန်းသမားက ခါတိုင်း သုံးခု တစ်ထောင်ရောင်းရာကနေ သုံးခု တစ်ထောင့်နှစ်ရာ ပြောင်းရောင်းပြီး ဈေးတင်ကြတာပေါ့။အရေအတွက် သမားရိုးကျရောင်းနေကျ အရွယ်ထက် သေးလိုက်ပြီး ဈေးကိုတော့ နဂိုအတိုင်းပဲ ထားလိုက်တာပေါ့။လက်ဖက်ရည်ဆို ခွက်ထဲမှာ အရင်ထက် လက်တစ်လုံးနီးပါးလောက် လျှော့ထည့်ပေး၊ ဈေးကတော့ အရင်လို တစ်ခွက် တစ်ထောင့်နှစ်ရာပဲ ထားတာပေါ့။

ငှက်ပျောသီးတို့ ကြက်ဥတို့လို ပစ္စည်းမျိုးကျတော့ အရင် သုံးလုံး တစ်ထောင်ကနေ လေးလုံး တစ်ထောင့်လေးရာ ဈေးတင်ရောင်းတာတို့၊ ငါးလုံး တစ်ထောင် ရောင်းရာကနေ လေးလုံး တစ်ထောင် ရောင်းပြီး ဈေးတက်လိုက်တာပေါ့။ဒီလို မီးဖိုချောင်စားကုန်နဲ့ အဆာပြေစားသောက်ကုန် ရောင်းချတဲ့ လုပ်ငန်းတွေအတွက်က နေ့စဉ် နည်းဗျူဟာပေါင်းစုံနဲ့ ကုန်ဈေးနှုန်းတက်လို့ ကမောက်ကမဖြစ်တဲ့အခြေအနေကို ရှဉ့်လည်းလျှောက်သာ ပျားလည်းစွဲသာ၊ ဝယ်သူလည်းမထိခိုက် မိမိတို့လည်း သိပ်မမြတ်သည့်တိုင်အောင် အရင်းမပြုတ် လုပ်ငန်းမပြုတ်ရအောင် လှည့်ပတ်လုပ်နိုင်ပါသေးတယ်။ခံစားရသူကတော့ စားသုံးသူတွေပဲပေါ့၊ တက်သမျှ စရိတ်စကကို စားသုံးသူကပဲ ခံရစမြဲပါ။မစားမဖြစ် မလွန်ဆန်နိုင်တော့လည်း အဆင်ပြေသလို မီးစင်ကြည့်ကရတာပေါ့။

ဒါပေမဲ့ စားသောက်ကုန်၊ လူသုံးကုန် အကြီးစား အငယ်စား လုပ်ငန်းရှင်တွေအတွက်ကတော့ ရေရှည်စီမံချက် သေချာရေးဆွဲ လုပ်ဆောင်ပါမှ တည်တံ့နိုင်မယ့် တိုက်ပွဲတစ်ခုဖြစ်ပါတယ်။သူတို့လည်း ဈေးတင်မလား၊ ထုတ်လုပ်စရိတ်၊ လုပ်ငန်းမှုစရိတ် သက်သာအောင် လျှော့ချပြီး ကြံ့ကြံ့ခံမလား၊ အဖက်ဖက်က တွက်ဆပြီး လုပ်ဆောင်ရမယ့် အခြေအနေ အကျဉ်းအကျပ်ထဲ ရောက်နေတာပါ။ဈေးတင်တော့လည်း ဝယ်သူလိုက်မလာရင် ရှုံးမှာပဲ၊ အရည်အသွေးလျှော့ချပြန်ရင်လည်း စားသုံးသူ/သုံးစွဲသူရဲ့ လိုအပ်ချက် လိုလားချက်ကို မဖြည့်နိုင်တော့ပဲ ရှုံးထွက် ထွက်ရမှာပါပဲ။
အခုလို အခြေအနေဆိုက်ရောက်လာတဲ့အခါမှာ လုပ်ငန်းတော်တော်များများ လုပ်ဖို့ စဉ်းစားတာက စရိတ်လျှော့ချဖို့ပါ။

စရိတ်လျှော့ချဖို့ လုပ်ဆောင်နိုင်တာတွေ အများကြီးရှိပါတယ်။ရောင်းတဲ့ ကုန်ပစ္စည်းအလိုက် တချို့ကလည်း ထုတ်ပိုးပုံ ပြင်ခြင်းဖြင့် စရိတ်လျှော့ချဖို့ ကြိုးစားကြတာပေါ့။ကျွန်တော့် အတွေ့အကြုံအရ Golden Eagle ကို ပြိုင်ဖက်တွေနဲ့ ဈေးနှုန်းယှဉ်ပြိုင်နိုင်အောင် အရင်းအနှီးလျှော့ချဖို့လိုတဲ့ အခြေအနေတစ်ခု ရင်ဆိုင်ခဲ့ရဖူးပါတယ်။အဲဒီအချိန်မှာ မန်နေးဂျင်းဒါရိုက်တာအသစ်က တခြားစရိတ်တွေလျှော့ဖို့ မစဉ်းစားခင်မှာ မလိုအပ်ဘဲ ကုန်ကျစရိတ်များနေတယ်လို့ သူသံသယဝင်နေတဲ့ ထုတ်ပိုးပုံကို အရင်သုံးသပ်ပါတယ်။ဒီမှာ ဘူးခွံကို အရမ်းကောင်းအောင် လုပ်ထားတဲ့အတွက် စရိတ်သိပ်များနေတာကို တွေ့ခဲ့တယ်။ဘူးခွံကို စပါယ်ရှယ်ကာလာလို့ခေါ်တဲ့ ရွှေမျှင်နဲ့ တိုက်ရိုက်ပုံနှိပ်ထားတော့ ဈေးသိပ်ကြီးတာပေါ့၊ ဒါကို ငွေမျှင်အခံပေါ် အဝါရောင်တင်ရိုက်တဲ့ နည်းစနစ်နဲ့ အစားထိုးလိုက်တော့ ကုန်ကျစရိတ်ကို သုံးပုံတစ်ပုံလောက် လျှော့ချနိုင်ခဲ့တယ်။ထုတ်ပိုးပုံအပေါ် သိပ်ဂုဏ်ယူနေတဲ့ အမာခံစားသုံးသူတွေလည်း လုံးဝကို မရိပ်မိ မသိရှိလိုက်ပါဘူး။ (ကမ္ဘာကျော် Reader’s Digest မဂ္ဂဇင်းကလည်း အတွင်းစာမျက်နှာ အရည်အသွေးကို လျှော့ချပြီး သူ့ရောင်းဈေးကို တက်ဖို့ မလိုအောင် လုပ်ဆောင်နိုင်ခဲ့ဖူးပါတယ်)။

နောက်ထပ် ကျွန်တော့်အတွေ့အကြုံကတော့ Vegas ရဲ့ အတွင်းက အစီခံကို တစ်မီလီမီတာလောက် မဆိုစလောက်လေး နည်းနည်းရှည်လိုက်တာပါ။ဒီလိုလုပ်လိုက်ခြင်းဖြင့် တစ်လိပ်ချင်းစီ ထည့်ရမယ့် ဆေးသားကို လျှော့ချလိုက်နိုင်တဲ့အတွက် စရိတ်အများကြီး ကျသွားပါတယ်။ဒါ့အပြင် သောက်ရတာ ပိုချောမွေ့ (Smooth) တယ်ဆိုပြီး ပရိသတ်က ပိုသဘောကျ လက်ခံလာတဲ့ အကျိုးကျေးဇူးကိုပါ အဆစ်ရလိုက်ပါသေးတယ်။ဆေးသားနည်းသွားလို့ သောက်လို့မဝဘူးဆိုတဲ့ ပြဿနာလည်း မရှိခဲ့ပါဘူး။

စရိတ်လျှော့ချတဲ့နေရာမှာ တချို့လုပ်ငန်းရှင်တွေက ကုန်ကြမ်းကို လျှော့ချဖို့ ကြိုးစားကြပါတယ်။ကုန်ကြမ်းကို ဈေးသက်သာတဲ့ဆီက များများဝယ်သိမ်းထားတာမျိုး လုပ်တတ်ကြသလို၊ အချို့ကတော့ ပါဝင်တဲ့ အမယ်တွေကို နည်းနည်းဆီ အနံ့အရသာ မသိသာဘဲ လျှော့ချဖို့ ကြိုးစားကြတယ်။ဥပမာ - ပေါင်မုန့်တို့၊ နံပြားတို့၊ ပလာတာတို့အတွက် ထည့်ရမယ့် ထောပတ်တို့ ကြက်ဥတို့ကို နည်းနည်းလျှော့လိုက်တာမျိုးပေါ့။အချို့ကျတော့လည်း ဈေးသက်တာတဲ့ ကုန်ကြမ်းအမျိုးအစား ပြောင်းသုံးလိုက်တာပေါ့။ဥပမာ - သကြားအဖြူအစား အညို ရောသုံးတာ၊ နို့ဆီတံဆိပ်ပြောင်းသုံးတာ ဒါမှမဟုတ် ချက်နို့ဆီနည်းနည်း ရောသုံးတာ စသဖြင့်ပေါ့။

ဒီလိုအကူးအပြောင်းတွေမှာ အရေးအကြီးဆုံးက မိမိရဲ့ အမာခံပရိတ်သတ် လက်ခံနှစ်သက်တဲ့ အနံ့အရသာကနေ သိသိသာသာ ပြောင်းလဲမသွားဖို့ပါပဲ။ပရိတ်သတ်က အရည်အသွေးခိုလိုက်တယ်လို့ သံသယဝင်သွားတာနဲ့ မိမိရောင်းအား ထိုးကျသွားပြီး၊ အမှတ်တံဆိပ် (Brand) ပါ သေသွားတတ်ပါတယ်။သိတဲ့အတိုင်း Brand တစ်ခုသေသွား နာမည်ပျက်သွားရင် ပြန်အဖတ်ဆည်ဖို့ လုံးဝမလွယ်ကူတော့ပါဘူး။တစ်နည်းပြောရရင် Customer Satisfaction လို့ခေါ်တဲ့ စားသုံးသူ/သုံးစွဲသူရဲ့ စိတ်ကျေနပ်မှု မရတော့ဘူ ဆိုရင် “ပြန်ပေတော့ မစဉ်းစားနဲ့” လို့သာ မှတ်ယူရတော့မှာပါ။

အသေးစားလုပ်ငန်းရှင်တွေကတော့ စရိတ်လျှော့ချဖို့ စဉ်းစားတဲ့နေရာမှာ ဝန်ထမ်းလျှော့ဖို့ စိတ်ကူးတတ်ကြတယ်။ဒါက အရမ်းမှားပါတယ်။ရင်းနှီးမြှုပ်နှံမှုမှာ အဖိုးအတန်ဆုံးဖြစ်တဲ့ လူသားရင်းမြစ်ကို လျှော့ချတာဟာ မိမိလုပ်ငန်းရဲ့ အနာဂတ်ကို မိမိဖာသာရိုက်ချိုးလိုက်တာနဲ့ အတူတူပါပဲ။အခုလို လုပ်သက်ရ ဝန်ထမ်းတွေ လုပ်ငန်းအပေါ်မှာ ကျွမ်းကျင် အသားကျလာအောင်အတွက်ကို နှစ်ဦးနှစ်ဖက် အချိန် ငွေကြေးများစွာ စိုက်ထုတ်ပြီး ပျိုးထောင်ခဲ့ရတာပါ။တစ်နေ့ တစ်လုံး ဥပေးတဲ့ ငန်းကြီးကို တစ်မနက်နဲ့ ရိုက်သတ်လိုက်သလို ဖြစ်သွားမှာပေါ့။လုပ်ငန်းတစ်ခု ရေရှည်ရှင်သန် အောင်မြင်နိုင်ဖို့ဆိုတာ ကျွမ်းကျင်ဝန်ထမ်းတွေ မရှိမဖြစ်လိုအပ်ပြီး သိပ်အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပါတယ်။

ဒီလိုကုန်ဈေးနှုန်းကြီးမြင့်မှုကြားထဲမှာ မိမိကုန်ပစ္စည်း အမှတ်တံဆိပ် ကြားညပ်မသွားစေဖို့ အတွက် Brand လို့ခေါ်တဲ့ စားသုံးသူ/သုံးစွဲသူတို့ရဲ့ နှလုံးသားထဲမှာ မြတ်နိုးတန်ဖိုးထားဂုဏ်ယူတဲ့ အမှတ်တံဆိပ်တစ်ခုအဖြစ် ရေရှည်ရပ်တည်ဖို့အတွက်ကတော့ သာမာန် နေ့စဉ်စားသောက်ကုန်တွေလို လွယ်လွယ်လုပ်လို့ မရပါဘူး။ဈေးနှုန်းကို ခဏခဏပြင်နေလို့ရှိရင်လည်း စားသုံးသူ/သုံးစွဲသူတွေရဲ့ စိတ်ကျေနပ်မှု (Satisfaction) ရအောင် လုပ်နိုင်တော့မှာ မဟုတ်ပါဘူး။ဒီတော့ ကုန်ဈေးနှုန်းမတည်ငြိမ်မှု၊ ငွေကြေးဖောင်းပွမှု လောကဓံအောက်မှာ မားမားရပ်တည်နိုင်ဖို့အတွက် ယခုတင်ပြမယ့် အကြံဉာဏ်တွေအတိုင်း လုပ်ဆောင်သွားပါလို့ တိုက်တွန်းလိုက်ရပါတယ်။

           (၁) တန်ဖိုးအပေါ်မှာ အခြေခံပြီး ဈေးသတ်မှတ်ပါ (Value-Based Pricing)

ဒီဈေးသတ်မှတ်နည်းကတော့ သမားရိုးကျ ဈေးသတ်မှတ်နည်းဖြစ်တဲ့ ဈေးကွက်တွင်း ကာလပေါက်ဈေးနဲ့ ညှိပြီး ဈေးသတ်မှတ်နည်း၊ ကုန်ကျစရိတ်အပေါ်တွက်ချက်ပြီး ဈေးသတ်မှတ်နည်း မဟုတ်ပဲ၊ မိမိကုန်ပစ္စည်း အမှတ်တံဆိပ် (Brand) အပေါ်မှာ စားသုံးသူ/သုံးစွဲသူတွေက ဘယ်လိုသဘောထားရှိလဲ၊ ဘယ်ဈေးတန်းအထိ လိုလိုလားလား ပေးဝယ်မလဲဆိုတာကို လေ့လာအကဲဖြတ်ပြီး ဈေးသတ်မှတ်တဲ့နည်းပါ။စားသုံးသူ/သုံးစွဲသူထားတဲ့ တန်ဖိုးအပေါ်မှာ ဈေးသက်မှတ်ထားတာဖြစ်လို့ ဈေးကွက်တွင်း ကာလပေါက်ဈေးက ဘယ်လောက်ပဲဖြစ်ဖြစ် မိမိက တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ့်ဈေးတန်းနဲ့ကိုယ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။စားသုံးသူ/သုံးစွဲသူတွေက သူတို့နှစ်သက်တဲ့ အရည်အသွေး (Preferred Quality)၊ ဝယ်ယူရလွယ်ကူအဆင်ပြေမှု (Convenience) နဲ့ တစ်မူထူးခြားတဲ့ပုံစံ (Unique Feature) တွေအပေါ်မှာ တန်ဖိုးထားတတ်ပါတယ်။ဒါကြောင့် စားသုံးသူ/သုံးစွဲသူတို့ရဲ့ ဝယ်လိုအားအပေါ် မူတည်ပြီး ရောင်းအားကျမှာ စိုးရိမ်စရာမလိုဘဲ မိမိရဲ့ဈေးနှုန်းကို အတက်အကျ ပြောင်းလဲသတ်မှတ်နိုင်မှာဖြစ်ပါတယ်။လူဆိုတာ ကိုယ်တန်ဖိုးထားတဲ့ အရာအတွက် ဘယ်ဈေးပေးရပေးရ ဝယ်ယူဖို့ ဝန်မလေးကြပါဘူး။ဒီနေရာမှာ ဥပမာတစ်ခု စဉ်းစားကြည့်နိုင်တာကတော့ ရွှေဈေးနှုန်းပဲဖြစ်ပါတယ်။ရွှေဈေး တစ်ကျပ်သား ၃ ထောင်ကနေ အခု တစ်ကျပ်သား ၃၉ သိန်းနီးပါးဖြစ်လည်း ရောင်းအားကျမသွားဘူးဆိုတာ သက်သေပါပဲ။

           (၂) ဈေးနှုန်းစစ်ခင်းခြင်းကို ရှောင်ကျဉ်ပါ (Avoid Price War)

Price War လို့ခေါ်တဲ့ ပြိုင်ဘက်တွေနဲ့အပြိုင် ဈေးနှုန်းစစ်ခင်းခြင်း (ဈေးချပေးတဲ့နည်းနဲ့ ယှဉ်ပြိုင်ခြင်း) ဟာ ဘယ်သူ့အတွက်မှ ရေရှည်အကျိုးမရှိသလို ကြာရင် မိမိစီးပွားပါ ယိမ်းယိုင်ချိနဲ့လာမှာဖြစ်ပါတယ်။မိမိကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ အားသာချက်က ဈေးနှုန်းတစ်မျိုးတည်းအပေါ်မှာ သတ်မှတ်မှီခိုအားထားနေရင် မိမိရဲ့အရင်းထဲက ပွန်းပဲ့ပါသွားပြီး စီးပွားပျက်ကိန်းပါ ဆိုက်သွားနိုင်လို့ သတိကြီးစွာ ထားသင့်ပါတယ်။ဈေးချပေးရင် ရောင်းကောင်းတယ်ဆိုတဲ့ မှားယွင်းတဲ့ အစွဲကို ဖျောက်ပစ်သင့်ပါတယ်။

နောက်တစ်ခု သတိချပ်သင့်တာက ဈေးချပေးပြီးရင် ပြန်တက်ဖို့ခက်တယ်ဆိုတဲ့ အချက်နဲ့ စားသုံးသူ/သုံးစွဲသူတွေက မိမိကုန်ပစ္စည်း အမှတ်တံဆိပ်ကို အဲဒီဈေးတန်းရှိ ပစ္စည်းအဖြစ် သတ်မှတ်လိုက်တာက အဆိုးဆုံးရလဒ်တစ်ခုဖြစ်လာပါလိမ့်မယ်။
အဲဒီတော့ ဈေးနှုန်းစစ်ခင်းမယ့်အစား မိမိကုန်ပစ္စည်းအမှတ်တံဆိပ်ရဲ့ တစ်မူထူးခြားတဲ့ အရည်အသွေးရှိမှုနဲ့ စားသုံးသူ/သုံးစွဲသူတို့ နှစ်သက်တဲ့ စိတ်လှုပ်ရှားဖွယ် ဝယ်ယူမှုအတွေ့အကြုံ (Customer Experience) စတဲ့ တန်ဖိုး (Value) တွေကို များများဖန်တီးနိုင်အောင် ကြိုးစားခြင်းက ပိုမိုသင့်လျော်ပြီး၊ ပရိသတ်ရင်ထဲက ချစ်ခင်နှစ်သက်မြတ်နိုး တန်ဖိုးထားတဲ့ ရေရှည်ရပ်တည်နိုင်မယ့် ကုန်အမှတ်တံဆိပ်ဖြစ်အောင် ကြိုးစားသင့်ပါတယ်။

           (၃) ဈေးကွက် အချက်အလက်များ ကို စိစစ်လေ့လာပါ (Analyze Market Data)

ဈေးကွက်ရဲ့ အရွေ့များ၊ ပြိုင်ဖက်တွေရဲ့ အပြုအမူ၊ စားသုံးသူ/သုံးစွဲသူတွေရဲ့အကြိုက် ပြောင်းလဲမှု စတာတွေကို လေ့လာစိစစ်ပါ။အခွင့်အလမ်း (Opportunity) နဲ့ ခြိမ်းခြောက်မှု (Threats) တွေကို စိစစ်ရှာဖွေပါ။ဝယ်လိုအားနဲ့ ရောင်းလိုအား (Demand and Supply) ရဲ့ ပြောင်းလဲမှုအရွေ့တွေကို လေ့လာစိစစ်ပါ။ဒါမှသာ ဈေးနှုန်းအပြောင်းအလဲ ဆုံးဖြတ်ချက်ကို သေချာတဲ့ အချက်အလက်တွေပေါ်မှာ အခြေခံပြီး အမှားအယွင်းမရှိ ပိုင်ပိုင်နိုင်နိုင် ချမှတ်နိုင်မှာဖြစ်ပါတယ်။

           (၄) ဈေးကွက်ရဲ့  ရွှေ့လျှားမှုအပေါ်မှာ ဈေးနှုန်းပြောင်းလဲ သတ်မှတ်ခြင်း (Dynamic Pricing)

မိမိဈေးနှုန်းကို ပြောင်းလဲသတ်မှတ်ရာမှာ ကုန်ကြမ်းဈေးနှုန်း အတက်အကျ၊ ဝယ်လိုအားနဲ့ ရောင်းလိုအား အတက်အကျ အရွှေ့အပြောင်း၊ ပြိုင်ဖက်တွေရဲ့ ဈေးနှုန်းအခြေအနေ စတဲ့ ဈေးကွက်ကို လှုပ်ခတ်ပြောင်းလဲစေတဲ့ အချက်တွေအပေါ် မူတည်စဉ်းစားရတဲ့ (Dynamic Pricing) နည်းဖြင့် စဉ်းစားသင့်တယ်။ဒီအတွက် ပြိုင်ဖက်တွေရဲ့ ဈေးအပြောင်းအလဲနဲ့ ကုန်ကြမ်းဈေးနှုန်း အပြောင်းအလဲတွေကို အချိန်နဲ့တစ်ပြေးညီ စောင့်ကြည့်လေ့လာနေရမှာဖြစ်ပါတယ်။သို့မှသာ မိမိဈေးကိုပြင်ရာမှာ လိုအပ်ချက်အရ အလျင်မြန်ဆုံး ပြောင်းလဲနိုင်မှာဖြစ်သလို အမြတ်အစွန်းကို မထိခိုက်ဘဲ ဈေးဘယ်လောက်သတ်မှတ်မလဲဆိုတာကိုပါ ကြိုတင်စဉ်းစားထားနိုင်မှာဖြစ်ပါတယ်။

           (၅) မိမိ အရောင်းအင်အားစုကိုလည်း နားလည်အောင် ပြောပြထားပါ

မိမိရဲ့ အရောင်းသမားတွေကိုလည်း ဈေးနှုန်းပြောင်းလဲရခြင်းရဲ့ အကြောင်းအရင်း၊ ဒီလိုပြောင်းလဲရခြင်းအတွက် မိမိတို့ အမှတ်တံဆိပ်အတွက် ရေရှည်မှာ ဘယ်လိုအကျိုးရှိမယ် စတာတွေကို အကျိုးသင့် အကြောင်းသင့် နားလည်အောင် ရှင်းပြထားပါ။

သူတို့က မိမိအမှတ်တံဆိပ်ကို ရောင်းချရာမှာလည်း ပစ္စည်းအရောင်းအဝယ်၊ ဈေးရောင်းဈေးဝယ်ဆိုတဲ့ သဘောထက် တန်ဖိုး (Value) ကို ရောင်းချတတ်အောင် သင်ကြားပေးထားပါ။မိမိအရောင်းအင်အားစုကို နားလည်သဘောပေါက်အောင် သင်ကြားထားခြင်းဖြင့် အတက်ကြမ်းတဲ့ ကုန်ဈေးနှုန်းဂယက်ကြားမှာ မိမိတို့က လှုပ်ခတ်ခြင်းမရှိဘဲ တည်တည်ငြိမ်ငြိမ် နဲ့ ကိုယ့်ဈေးတန်းနဲ့ကိုယ် ရောင်းအားလည်းမကျဘဲ ရပ်တည်နိုင်မှာဖြစ်ပါတယ်။

           (၆) မိမိရဲ့ လုပ်ဆောင်မှုရဲ့ နောက်ဆက်တွဲတွေကို အမြဲစောင့်ကြည့်ပါ

နောက်ဆုံးနဲ့ အရေးအကြီးဆုံး လုပ်ဆောင်ရမှာ တစ်ခုကတော့ မိမိအသစ်ပြင်ဆင်သတ်မှတ်လိုက်တဲ့ ဈေးနှုန်း၊ လှုပ်ရှားမှု စတာတွေရဲ့ အကျိုးဆက်ရလဒ်တွေကို စောင့်ကြည့်ရမှာပါ။မိမိမျှော်မှန်းထားတဲ့ ရလဒ်ကို ရရဲ့လား၊ ဘာတွေလွဲချော်မှုရှိမလဲ စတာတွေကို အမြဲမပြတ် စနည်းနာနေပြီး၊ ချို့ယွင်းချက် အားနည်းချက် တစ်စုံတရာ ပေါ်ပေါက်တိုင်း ချက်ခြင်းအရေးယူတည့်မတ် ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အရှုံးအမြတ်စာရင်း၊ ဈေးကွက် (စားသုံးသူ/သုံးစွဲသူတွေ) ရဲ့ တုံ့ပြန်မှုအခြေအနေ၊ ပြိုင်ဖက်တွေရဲ့ တန်ပြန်မှု၊ ဈေးကွက်ဝေစု အတိုးအလျှော့ စတဲ့ အချက်တွေကို ဈေးကွက်လှုပ်ရှားလုပ်ဆောင်မှု (Marketing Activity) တစ်ခုခုလုပ်တိုင်း မျက်ခြေမပြတ် စောင့်ကြည့်ရမှာဖြစ်ပါတယ်။

ပြောင်းလဲမှု ပြင်းထန်တဲ့ ဈေးကွက်အခြေအနေ၊ ကုန်ဈေးနှုန်းအခြေအနေတွေကြားမှာ မိမိကြိုးစားတည်ဆောက်ထားတဲ့ ကုန်အမှတ်တံဆိပ် (Brand) လေး ကြားညပ်ပြီး ကျဆုံးမသွားစေဖို့နဲ့ စားသုံးသူ/သုံးစွဲသူတွေရဲ့ ရင်ထဲမှာ ချစ်မှတ်နိုးစွာနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ Brand လေးအဖြစ် ရပ်တည်နေနိုင်အောင် နည်းဗျူဟာကျကျ လုပ်ဆောင်ခြင်းဖြင့် အောင်မြင်မှုအဆင့်ဆင့် ရရှိနိုင်ကြပါစေကြောင်း ဆန္ဒပြုအပ်ပါတယ်။

မေတ္တာဖြင့် ....

သက်ထွန်း(သျှမ်း)