【 ဆောင်းပါး 】 စာရေးဆရာဝင်းဦး၊ မင်းသားဝင်းဦး (၂)

【 ဆောင်းပါး 】 စာရေးဆရာဝင်းဦး၊ မင်းသားဝင်းဦး (၂)

အမှန်အတိုင်းဆိုလျှင် ဝင်းဦးက ၁၉၈၅ ခုနှစ်တွင် အသက် ၅၀ ပြည့်ရမည်။

အမှန်အတိုင်းဟု ဘာကြောင့်ပြောရသလဲဆိုလျှင် ဝင်းဦး၏ ဗိုလ်သင်တန်းတုန်းက သူငယ်ချင်း စာရေးဆရာခင်မောင်အေး (မန္တလေး) က‌ ဝင်းဦးအသက်နှင့်စပ်လျဉ်း၍ ဆောင်းပါးရေးထားတာ ဖတ်ထားရ၍ဖြစ်သည်။

ခင်မောင်အေး (မန္တလေး) ၏ သမီး အင်းယားလိပ်မင်္ဂလာဆောင်တွင် ဝင်းဦးက ချီးမြှင့်စကားပြောရသည်။ခင်မောင်အေး၏ သမီးကို ဝင်းဦးက “ကျနော့် နှမ/ညီမ---” မင်္ဂလာဘာညာ ပြောခဲ့သည်။ဤသည်ကို ခင်မောင်အေးက ဗိုလ်သင်တန်း တစ်ပတ်တည်း အတူဆင်း မိတ်ဆွေဖြစ်လျက် သူ့သမီးကို သမီး/တူမစသည် ပြောရမည့်အစား နှမ/ညီမပြောသည်မှာ သူ့ကိုယ်သူ အသက်ကြီးသူဟု ထင်မှာစိုး၍ဖြစ်ကြောင်း ဆောင်းပါးရေးလိုက်သည်ကို ကျနော်ဖတ်လိုက်ရ၍ဖြစ်သည်။

ဝင်းဦးကတော့ ဆရာနတ်နွယ်တို့ မိတ်ဆွေများကို စုံလင်စေချင်သည်။စာရေးဆရာတို့လို စာပေအနုပညာရှင်တွေက လူပေါင်းစုံနှင့် ပေါင်းသင်းဖို့က ခက်သည်။စီးပွားရေး လူမှုရေးကိစ္စတွင် လိုအပ်သလောက်သာ ပြောချင်သည်။အခြားပြောစရာစကားလည်းမရှိ။ဆရာနတ်နွယ်က “ဘာသာစကား မတူကြ” ဟု ပြောသည်။ပြောဆိုလိုသည့် အကြောင်းအရာခြင်းက ကွာသည်၊ “ပန်းချီအကြောင်း သီချင်းအကြောင်း” ပြောနေရာတွင် “နွားပွဲဈေး” အကြောင်း ဝင်ပြောလျှင် မသင့်တော်။တစ်ဘက်ကလည်း ဘာဆက်ပြောရမှန်းမသိ။မသိဘဲနှင့်လည်း မနေချင်။အကောင်ကြီးကြီး စီးပွားရေးသမားနှင့်ဆိုလျှင် ပိုဆိုးသည်။ငွေကြေးစကား သိန်းသန်းနှင့်ချီ၍ ပြောနေကြသည်။ကိုယ်က စာရေးဆရာအနေနှင့် စာမူခအကြောင်း ထောင်သောင်းလောက်သာ ပြောစရာရှိသည်။အဲဒီ လူမှုရေးနည်းသည် ဘာညာ ထင်ချင်သလိုသာထင် မတတ်နိုင်၊ ဘာသာစကားမတူဆိုသည်မှာ မြန်မာလိုပြောတာချင်းမတူဟု ဆိုလိုသည်မဟုတ်။စိတ်ဝင်စားမှုချင်း စီးမျောပုံချင်း မတူသည်ကိုသာ ပြောလိုချင်းဖြစ်သည်။

ဆရာနတ်နွယ်က ၁၉၇၇ ဆရာမင်းကျော် အမျိုးသားစာပေဆုရသော ညက မင်းကျော်အိမ်တွင် သူနှင့် ဝင်းဦး ဆုံတွေ့ရသည်ဟု ပြောသည်။နတ်နွယ်က မောင်နေဝင်း၊ မင်းကျော်တို့နှင့် အတွဲဖြစ်သည်။တြိဂံပေါင်းဆုံမှုဟု ပြောတတ်သည်။သူတို့က ထိုအချိန်ကာလက မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်) ပါတီက ဦးဆောင်ဖွဲ့သော စာပေလုပ်သားအဖွဲ့တွင် တစ်စည်းတစ်လုံး ဖြစ်ခဲ့ကြသည်။ဆရာကျော်အောင်၊ မြဇင်၊ ညွန့်ကြူး၊ ဇော်ဇော်အောင်၊ မောင်ပန်းမွှေးတို့လည်း ထို့အတူ။သမိုင်းမှာတော့ သူ့အတိုင်းအတာနှင့်သူ မှတ်တမ်းတင်သွားလိမ့်မည်။ဆရာမင်းကျော်က ၁၉၇၇ တွင် “အဖြူကို မည်သူ အနက်ဆိုးသနည်း” ဝတ္ထုတိုစာအုပ်ဖြင့် အမျိုးသားစာပေဆုရသည်။ထိုညတွင် မင်းကျော်အိမ် စားသောက်ဝိုင်း၌ နတ်နွယ်နှင့် ဝင်းဦး ဆုံတွေ့ကြသည်။

ထိုညက ရှေးဟောင်းနှောင်းဖြစ်များ ပြောကြသည်။စာပေအကြောင်း ဂီတအကြောင်း ပန်းချီအကြောင်း အနုပညာအကြောင်း ဒဿနအကြောင်း စသဖြင့် ပြောဖြစ်ကြသည်။သူတို့က ဝင်းဦးအဖေ ပါမောက္ခကြီး အဆိုတော်ကြီး ချစ်ဒုက္ခဦးဘညွန့်၊ သူ၏အကို မင်းသားဝင်းညွန့်၊ သူ၏အမ ဒေါ်တင်တင်ဦးတို့နှင့်လည်း ခင်မင်ကြပြီးဖြစ်ကြသည်။ဘာသာစကားတူသူတို့ဖြစ်၍လည်း စကားလက်ဆုံ ပြောမကုန်။စန္ဒာတိုက်ခန်းသို့ သူတို့တွေ သွားတတ်သလို ဝင်းဦးကလည်း စာရေးဆရာများအိမ်သို့ လာတတ်သည်။မကြာမကြာလည်း ဆုံတတ်ကြသည်။

စာရေးဆရာတို့ကို စေ့ငုလေ့လာမိသော ဆရာနတ်က ဤသို့ပြောသည်။ “သူ (ဝင်းဦး) နှင့် ရင်းနှီးလာသောအခါ သူသည် စာဖတ်သူတစ်ဦးဖြစ်ကြောင်း တွေ့ရှိလာရသည်။ဤနေရာမှာ တစ်ခုတော့ပြောရမည်။စာဖတ်ခြင်းအကြောင်းပင်ဖြစ်သည်။အချို့သောစာရေးဆရာများသည် တစ်ချိန်တစ်ခါတုန်းက အထိုက်အလျောက်သော်လည်းကောင်း၊ အတော်များများသော်လည်းကောင်း စာဖတ်ခဲ့ကြမည်ဖြစ်သော်လည်း နောင် နာမည်ကြီးလာသောအခါ စာအရေးများလာသောအခါ စာဖတ်ကြဲသွားကြသည်။အချို့မှာ စာသာရေးနေသော်လည်း စာကိုမူ မဖတ်တော့သလောက်ပင်ဖြစ်သည်၊ အတိုလည်းမဖတ် အရှည်လည်းမဖတ်။မဂ္ဂဇင်းလည်းမဖတ်၊ လုံးချင်းလည်းမဖတ်။ခေတ်ပြိုင်များရေးနေသည်ကိုလည်းမဖတ်။အသစ်များရေးနေသည်ကိုလည်းမဖတ်။ထိုသူများသည် နောင်အခါတွင် တဖြည်းဖြည်း အရည်အသွေးကျသွားပြီး နောက်ဆုံးတွင် အရေအတွက်ပါ ရပ်စဲသွားတော့သည်။ သူတို့မှာ ကလောင်နာမည်တစ်ခုသာလျှင် ဆိုင်းဘုတ်အဖြစ် ကျန်ရှိတော့သည်။စာရေးဆရာအချင်းချင်းဖြစ်သော်လည်း စာမဖတ်သော စာရေးဆရာနှင့်မူ ပြောစရာအကြောင်းမရှိပါ။နေကောင်းသလား၊ ဘယ်မှာနေသလဲ၊ လက်ဘက်ရည်သောက်ပါဦးဆိုသည်လောက်ထက် ပိုပြီးပြောစရာ အကြောင်းမရှိပါ”။

ထို့အပြင် “ကိုဝင်းဦးကို မသိခင်တုန်းက သူ့ကိုစာဖတ်မည့်သူဟု မထင်ခဲ့ပါ။သည်လူဟာ သူများရေးတဲ့ဟာတွေ ဖတ်မည့်သူ မဟုတ်ပါဘူးဟု အောက်မေ့ခဲ့သည်။တကယ်တွင်ကား သူသည် စာမှန်မှန်ဖတ်သည်၊ စာဖတ်လည်းမြန်သည်။စာဖတ်လည်းများသည်။သူသည် ယခင်ကလည်း စာဖတ်ခဲ့သဖြင့် ဝတ္ထုတော်တော်များများနှင့် စာရေးဆရာတော်တော်များများအကြောင်း ပြောနိုင်သည်၊ ယခုလည်း သူအဆက်မပြတ်ဖတ်နေသဖြင့် မျက်မှောက်ခေတ် စာရေးဆရာများနှင့် သူတို့၏ စာအကြောင်းကို သူပြောနိုင်သည်။အထူးသဖြင့် မဂ္ဂဇင်းများနှင့် ဝတ္ထုတိုတော်တော်များများကို သူဖတ်သည်။ထို့နောက် သူနှစ်သက်သော ဝတ္ထုတိုများအကြောင်းကို ပြောတတ်သည်။အထူးသဖြင့် သူသည် အခြားမဂ္ဂဇင်းများတွင်ပါသော ကလောင်သစ်များကို အထူးပြုပြီး ဖတ်လေ့ရှိသည်”။

ဆရာနတ်နွယ်ပြောသည်မှာ အရေးကြီးသည်ဟု ကျနော်ထင်သည်။ဝင်းဦးသည် စာရေးဆရာတစ်ယောက်သာမက စန္ဒာမဂ္ဂဇင်း၏ အယ်ဒီတာချုပ်လည်း ဖြစ်နေသည်။စာဖတ်ရပေမည်။ကလောင်သစ်များကိုလည်း အလေးထား ဖတ်ရပေမည်။စာဖောင်ဖွဲ့ရုံမျှသာတတ်သော အယ်ဒီတာနှင့်လည်း ကြုံဖူးသည်။ထွက်ရက်မှန်ရုံမျှသာ လုပ်တတ်သော အယ်ဒီတာနှင့်လည်း ဆုံဖူးသည်။စာဖတ်တာ မတွေ့။စာအကြောင်းပြောသံမကြား၊ စာပေအဆင့်အတန်းကို သိပ်နားမလည်။သို့ကလို အယ်ဒီတာကလည်းများသည်။ယခုလို စာဖတ်နှုန်းမျိုးရှိမှသာ အယ်ဒီတာ ဖြစ်ထိုက်သည်ဟု ကျနော်ထင်သည်။စာဖတ်နှုန်းကိုသာ ပြောလိုခြင်းဖြစ်သည်။

တကယ့်ပညာပြည့်ဝ အယ်ဒီတာဖြစ်ဖို့ရန်မှာ ခက်ခဲလှပါဘိတောင်း။ကျနော့် စာပေသက် နှစ် ၄၀ အတွင်း မြင်သိထိတွေ့မှုအရ သုံးလေးယောက်သာရှိသည်။ကဗျာ၊ ဝတ္ထု၊ ဆောင်းပါးတောင်းကာ ဒီဇိုင်းဆရာက ဖောင်ဖွဲ့လျက် ထွက်လာသော စာအုပ်တွေသာများသည်။စန္ဒာက ဤသို့သော မဂ္ဂဇင်းမဟုတ်။သူတို့ထက်ပိုတာက ဝင်းဦးမှာ အဆိုတော်တစ်ဘဝ ရှိနေသေးခြင်းပင်ဖြစ်သည်။ဝင်းဦးသည် ညမင်းသားဖြစ်သည်၊ နေ့တွင် သူမထွက်တတ်။လူဝိုင်းမှာစိုးတာလည်း ပါနိုင်သည်။အမြင်ရိုးသွားမှာ စိုးရိမ်တာလည်း ပါလိမ့်မည်။စိုးရိမ်မှုထိန်းသိမ်းမှု ဖြစ်ချင်လည်းဖြစ်မည်။တစ်ခုတော့ရှိသည်၊ အရင်ခေတ် မင်းသား မင်းသမီး ညွန့်ဝင်း၊ ဝါဝါဝင်းရွှေ၊ ခင်သန်းနု စသည် အပြင်မှာ သိပ်မတွေ့တတ်။အခုခေတ်ကျမှသာ ထက်ထက်မိုးဦးတို့ ‌ဗိုလ်ချုပ်ဈေးပတ်တာ တွေ့ရခြင်းဖြစ်သည်။ဝင်းဦးက နေ့ဘက် စာဖတ် စာရေး ဇာတ်ညွှန်းရေး၊ ဝိတ်မ၊ သို့မဟုတ်လျှင် ဇာတ်ကားရိုက်မည်။တေးသံသွင်းမည်၊ ညမင်းသား ဝင်းဦးက ညဘက် သူထွက်လျှင် ဖုန်းဆက်တတ်သည်။

ဆရာမင်းကျော်အိမ်ကို ဝင်းဦး ဖုန်းဆက်၍ ရောက်လာခြင်းဖြစ်သည်။စန္ဒယားလှထွတ် အိမ်ကိုလည်း လူစုံနေတုန်း ဖုန်းဆက်ပြီး ရောက်လာသည်။စားကြသောက်ကြ ဆိုကြတီးကြသည်။အဆိုဝါသနာမှာ တာဝန်တစ်ရပ်လို့ဆိုသည်ထက် ပျော်၍မော်၍ပင် ဆိုရခြင်းမျိုးဖြစ်သည်။ဝါသနာပါသူက ဘယ်မှာအဆိုအတီးဝိုင်းရှိသလဲဟု နားစွင့်ကာ သွားရောက်တတ်သည်။မိမိအိမ်က စားစရာလေးယူသွား အကြော်စုံလေးဝယ်သွား စသည်ဖြင့်ရှိတတ်သည်။ဝင်းဦးက အဲသလိုဝါသနာမျိုးဖြစ်ရုံမက နာမည်ကြီးအဆိုတော်လည်း ဖြစ်နေသောအခါ ဆိုဖွယ်မရှိတော့ပေ။

ထိုကာလက ဝင်းဦးသည် ရီရီသန့်နှင့်တွဲလျက် ခေတ်ဟောင်းတေးများ ဆိုဖြစ်နေသလို စုံတွဲတေးကက်ဆက်ခွေလည်း ဆိုဖြစ်နေတာ ကြားဖူးသည်။ချစ်မိုးကြီး သဲသဲမဲမဲမှာ လူကြိုက်များနေသည်။ထို့အတူ အဆိုတော်တင်တင်မြနှင့် စုံတွဲထွက်သော ချစ်ဗျူဟာ အခွေမှာလည်း ထင်ရှားနေသည်။စန္ဒယားလှထွတ် အိမ်က စားဝိုင်းသောက်ဝိုင်းဆိုလျှင် ဝင်းဦး ဘယ်လောက်ပျော်နေ မော်နေမည်လဲ တွေးကြည့်ပေရော့။

ဝင်းဦးဇာတ်ကားအများစုမှာလည်း တေးဂီတနောက်ခံ ဇာတ်ကားများ ဖြစ်တတ်သည်။စန္ဒယားလှထွတ်ကိုလည်း နောက်ခံတီးဝိုင်းအဖြစ် သုံးတတ်သည်။အခြားနေရာများသို့ လျှောက်သွားသည်မှာလည်း မြို့ထဲက ဘားလမ်း “စန္ဒာ” တိုက်ခန်းမှာ ဝင်းဦးမိတ်ဆွေများနှင့်တော့ အတန်ငယ်ကျဉ်းနေ၍ဟု ဆိုရမည်။

သို့သော် တနင်္လာနေ့ ညနေတိုင်း ‌စန္ဒာတိုက်ခန်းမှာ ဝင်းဦး ကမကထပြုသောဝိုင်းမှာ ဆရာနတ်နွယ်တို့ မင်းကျော်တို့ပါသော စာရေးဆရာဝိုင်းဖြစ်သည်။

အချိန်ကာလကတော့ ၁၉၈၀ ပတ်လည်လောက် ဖြစ်နိုင်သည်။

(ဆက်လက်ဖော်ပြပါမည်။)

လင်းထင်