【 ဆောင်းပါး 】 စည်းကြီး ကမ်းကြီး ဘကြီး မောင်တိကျ

【 ဆောင်းပါး 】 စည်းကြီး ကမ်းကြီး ဘကြီး မောင်တိကျ

ဘကြီးက ဆရာကြီး ရွှေဥဒေါင်း ခရေစီ။ဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေကို ကြိုက်ရုံတင်မက ဆရာကြီးရဲ့ လူကြီးလူကောင်းအပြုအမူတွေကိုပါ လေးစားလိုက်နာ ကျင့်ကြံတဲ့သူ။အဲဒါကြောင့်လည်း ဘကြီးက အချိန်ကို အင်မတန်လေးစား တိကျတဲ့သူ။ပြောရရင် ကျနော်တို့ တောရဲ့ မောင်တိကျဆိုတာ ဘကြီးမှ ဘကြီး။ဘယ်လောက်တိကျသလဲဆို မျက်လုံးတွေကအစ တိကျတယ်လို့ ဘကြီးက ဂုဏ်ယူစွာ ပြောလေ့ရှိတယ်။ဘာလို့လဲဆိုတော့ ညဘက် အိပ်ချိန် ဘယ်လောက်ပဲနောက်ကျကျ ဘကြီးရဲ့ မျက်လုံးတွေက ၅ နာရီခွဲတာနဲ့ အဆင်သင့် ပွင့်မြဲ။

“အဲဒါက ဘကြီး ငယ်ငယ်လေးကတည်းက အလေ့အကျင့်။ညဘက် ပွဲ (ဇာတ်ပွဲ) သွားကြည့်ပြီး ညနက်မှာ အိပ်လည်း မနက် ၅ နာရီခွဲဆိုတာနဲ့ နိုးတာပဲ။စောလွန်းရင် ၅ နာရီ ၂၅။နောက်ကျလွန်းရင် ၅ နာရီ ၃၅။အဲဒီကြားထဲမှာ မျက်လုံးက အလိုလိုပွင့်တာချည်းပဲ” လို့ ဘကြီးက ဆိုတယ်။

ကျနော် လူပျိုဖြစ်လာတော့ ဘကြီးမျက်လုံးက အဲဒီလောက်တိကျပါ့မလားလို့ သံသယရှိတာနဲ့ ၄-၅ ခါမက မနက် ၅ နာရီကျော်မှာထပြီး ဘကြီးမျက်လုံးကို စောင့်ကြည့်ခဲ့ဖူး။တကယ့်ကို ၅ နာရီခွဲနဲ့ကွာလှ အပိုအလို ၂ မိနစ်၊ ၃ မိနစ်။ဘကြီးမိန်းမ ကြီးတော်ကြီးက “နင့်ဘကြီးမျက်လုံးမှာ ဘဲလ်တပ်ထားတာ” တဲ့။

ဘကြီးက အဲဒီလို မောင်တိကျ။အလုပ်ချိန်ဆိုရင်လည်း တိတိကျကျ။ဘကြီးလယ်မှာ လူဌားအနေနဲ့ လုပ်နေတဲ့သူတွေဆို ၆ နာရီမထိုးခင် ဘကြီးနဲ့အတူ  နွားဝေယျာဝစ္စ စတင်လုပ်ကြရ။အဲဒီကိစ္စပြီးတော့မှ မနက်စောစောစာ စားကြရ။ပြီးတော့မှ လုပ်ငန်းခွင်ထဲ ဝင်ကြ။

နေ့ခင်း ၁၂ နာရီဆိုရင် ထမင်းစားချိန်။ထမင်းအေးဆေးစား။ထမင်းစားပြီး အိပ်ချင်တဲ့သူ တရေးအိပ်။မအိပ်ဘူးဆိုလည်း အေးဆေးနား။မွန်းလွဲ ၁ နာရီခွဲကျမှ အလုပ်ပြန်ဆင်းရ။ဘကြီးကတော့ နေ့ခင်းပိုင်း တရေးအိပ်တာဟာ အလုပ်ကို စိတ်ပါလက်ပါလုပ်နိုင်ဖို့ ခွန်အားဖြစ်စေတယ်ဆိုတဲ့ ယူဆချက်အရ နာရီဝက်လောက်တော့ ရအောင် အိပ်လိုက်တာပဲ။

“ဘကြီးကတော့ တခြားတွေးစရာ ပူစရာတွေလည်း သိပ်မရှိတော့ ခေါင်းချပြီးတာနဲ့ အိပ်ပျော်သွားတာပဲ” တဲ့။

ဘကြီးက အလုပ် လုပ်ချိန်မှာ သည်းသည်းမဲမဲ လုပ်လေ့ရှိတယ်။သူကိုယ်တိုင်ကလည်း အောက်သက်ကြေသူမို့ သူ့လူဌားတွေကို ပီပီပြင်ပြင် ခိုင်းနိုင်တယ်။သူ့လူဌားတွေ ပြီးစလွယ်လုပ်တာ၊ အလုပ်ခိုကပ်တာမျိုးဆို နည်းနည်းလေးမှ သည်းမခံ။ပြောစရာရှိရင် ခပ်ပြတ်ပြတ်ပြောလေ့ရှိ။

ဒါပေမဲ့၊ တကယ်လက်ကြောတင်းတဲ့ သူ့လူဌားတွေ နှစ်လရှည်ကြာ အလုပ် လုပ်ရုံတင်မက အဖေအပြင် သူတို့ရဲ့သားတွေပါ အလုပ်ဝင်လုပ်တဲ့အထိ နှစ်လရှည်ကြာ လုပ်ငန်းဖော်ဖြစ်ကြတယ်။တောသားတွေအတွက် ဘကြီးရဲ့ အချိန်တိကျမှုနဲ့ စည်းကမ်းကြီးမှုက သိပ်အဆင်မပြေလှပေမယ့် ကျန်တာအားလုံး အဆင်ပြေတာကြောင့်ပါပဲ။

ဘယ်ဟာတွေ အဆင်ပြေကြသလဲဆိုတော့ ဘကြီးက သူ့လူဌားတွေနဲ့အတူ ဟင်းတစ်ခွက်တည်း စားတာက နံပါတ်တစ်လို့ ဆိုရပါမယ်။ပြီးတော့ ထမင်းဟင်း ကပ်စီးမနည်း။သူစားသလို အသားငါးတစ်မျိုးမျိုးတော့ ပါမြဲ။စားနိုင်မှ လုပ်နိုင်မယ်ဆိုတာ ဘကြီးရဲ့ မူဝါဒ။

ညနေ ၅ နာရီဆိုရင် အလုပ်သိမ်းကြ၊ အဲဒါလည်း ဘကြီးရဲ့ မူဝါဒ။သူ့လူဌားတွေကို နင်းကန်အလုပ်ခိုင်းတာမျိုး ဘယ်တော့မှမရှိ။ဒါပေမဲ့၊ အလုပ် လုပ်တဲ့အချိန် သပ်သပ်ရပ်ရပ်လုပ်၊ မခိုမကပ် လုပ်ကြ။တခြားလယ်ရှင်တွေက သူတို့လူဌားတွေကို အလုပ်သိမ်းခိုင်းတာ မမှောင်မချင်း။ပြီးတော့ နေ့ခင်းထမင်းစားပြီးရင် ခဏသာနားပြီး အလုပ်ပြန်ဆင်းရတာဆိုတော့ ဘကြီးက ကျွေးတာရော ခိုင်းတာရော ပေးတာပါ အပုံကြီးသာတာကြောင့် ဘကြီးဆီမှာ လူမြဲကြတာတဲ့။

အဲဒါကြောင့်လည်း ကောက်စိုက်ရာသီမှာ ဘကြီးရဲ့လယ်ထဲ ကောက်စိုက်ချင်တဲ့သူ အပြည့်။မနက်စောစော ၆ နာရီ လယ်ထဲကို ရောက်လာရင် ဘကြီးမှာ တပြုံးပြုံးနဲ့။ကောက်စိုက်သမတွေကို ဘယ်လယ်ရှင်ကမှ မနက်စောစောစာ မကျွေးပေမယ့် ဘကြီးကတော့ ထမင်းကြော်၊ မုန့်ဟင်းခါး၊ ဘူးသီးကြော်နဲ့ ထမင်း၊ ဘိန်းမုန့်၊ ကောက်ညှင်းပေါင်း စသဖြင့် တစ်နေ့ တစ်မျိုး နှစ်စဉ်မပျက် ကျွေးမပျက်။ပြီးတော့ နေ့ခင်းစာတစ်နပ်ကလည်း ဆီပြန်၊ ထမင်းစားပြီးရင် အေးဆေးနား၊ အလုပ်ကို စိတ်ပါလက်ပါလုပ်၊ ညနေဆို ၅ နာရီ အလုပ်သိမ်း။တခြားလယ်ရှင်တွေနဲ့ အကွာကြီး။

ဘကြီးက မနက်ခင်း မနက်စောစောစာ စားပြီးလို့ အလုပ်ထဲဝင်ပြီဆိုရင် သူ့လူတွေကို ခိုင်းစရာရှိတာ ခိုင်းပြီးတာနဲ့ လယ်ထဲက အိမ်ကို ပြန်လာလေ့ရှိတယ်။ပြီးတော့ ကော်ဖီခါးခါး ခွက်ကြီးတစ်ခွက်နဲ့ မိုးမရွာရင် အိမ်နံဘေးက ပက်လက်ကုလားထိုင်မှာ ကျကျနန သူ့ကိုယ်သူ တည်ခင်းလို့။မိုးကုန်ပြီဆိုရင်တော့ ဘကြီး စိုက်ထားတဲ့ ဘူးစင်ကြီးအောက်မှာ ကော်ဖီတစ်ခွက်နဲ့ စာအုပ်တစ်အုပ်။ဖတ်စရာ စာအုပ်အသစ်မရှိရင် မကြာခဏဆိုသလို ဘကြီးဖတ်လေ့ရှိတာက ဆရာကြီး ရွှေဥဒေါင်းရဲ့ ‘တစ်သက်တာ မှတ်တမ်း’ နဲ့ ဓမ္မစရိယဦးဌေးလှိုင် ရဲ့ “ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ” စာအုပ်။

“ဘယ်နှစ်ကြိမ်ဖတ်ဖတ် ဘကြီးအတွက် အရသာမပျက်တဲ့ စာအုပ်က အဲဒီ ၂ အုပ်ပဲ” လို့ ဘကြီးက ဆိုရဲ့။

ဘကြီးက ၉ နာရီခွဲမှ စာအုပ်ကိုချ၊ သူ့လူတွေ အလုပ်ပြီး၊ မပြီး လျှောက်ကြည့်။ပြီးရင် သူကိုယ်တိုင်လည်း အလုပ်တွေ ဝင်လုပ်။ ၁၂ နာရီကျမှနား။ ၁ နာရီခွဲကျမှ အလုပ်ပြန်ဆင်း၊ ညနေ ၄ နာရီဆိုရင် နား။တနင်္ဂနွေနေ့ကိုတော့ ဘကြီးက သူ့နားရက်လို့ သတ်မှတ်ကာ အဲဒီနေ့မှာ မြို့ပေါ်ပြန်တက် လက်ဖက်ရည်ဆိုင် ထိုင်ချင်ထိုင်၊သူ့မိတ်ဆွေတွေဆီ သွားလည်ချင်လည်။လယ်ထဲမှာပဲ နေတယ်ဆိုရင်လည်း သူစိတ်ပါတဲ့အလုပ်နဲ့ စာဖတ်ရင်ဖတ်။တနင်္ဂနွေမှာတော့ မနက်ခင်း ၅ နာရီခွဲ ထတာကလွဲ အချိန်ဇယားမရှိ၊ ဘကြီးရဲ့အဆိုအရ လုပ်ချင်ရာလုပ်တဲ့ ကစဉ့်ကလျားနေ့။ပြီးတော့ အဲဒီနေ့ ညနေခင်းမှာ ချက်အရက်နဲ့ အမြည်းဖွယ်ဖွယ်ရာရာနဲ့ ဘကြီး ဇိမ်ခံတဲ့နေ့။

နောက်ထပ် တင်းကျပ်တဲ့ ဘကြီးရဲ့ စည်းကမ်းက တွေ့တဲ့လူနဲ့ လက်ဖက်ရည်ဆိုင် မထိုင်။ကြုံတဲ့သူနဲ့ အရက်တွဲမသောက်။လက်ဖက်ရည်နဲ့ အရက်ဆိုတာ လူတိုင်းနဲ့ တွဲသောက်လို့ ကောင်းတဲ့ အရည်တွေ မဟုတ်ဘူးလို့ ဘကြီးက ဆိုတယ်။

ဘကြီးက အဲဒီလို စည်းကြီး ကမ်းကြီး ဂိုက်လိုင်း အကြီးကြီးတွေနဲ့ သူ့ဘဝသူ လမ်းပြလာခဲ့တာ အခု ၈၀ ကိုတောင် စွန်းလာပေါ့။

ငြိမ်းဆက်