【ဆောင်းပါး】နှစ်နိုင်ငံကြာပန်းဒဿနများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုလက်မှုပညာ

【ဆောင်းပါး】နှစ်နိုင်ငံကြာပန်းဒဿနများနှင့် ဒြပ်မဲ့ယဉ်ကျေးမှုလက်မှုပညာ 

ရေကန်၊အင်း၊အိုင်၊ချောင်းရိုးကမ်းစပ်များတွင် ပွင့်သောကြာပန်းလေးများသည် ခန်းနားထည်ဝါသော ဂုဏ်သတ္တိများ ရှိနေသည်။ နေရောင်နှင့်ပွင့်သော ပဒုမ္မာကြာ၊ လရောင်ဖြင့်ပွင့်သော ကုမုဒြာ တို့နှင့်အတူ ကြာဖြူ ၊ကြာပြာ၊ ကြာညိုအစရှိသည့် ကြာပန်းအမျိုးမျိုးတို့သည် လူမျိုးဘာသာတိုင်းတွင် မြင့်မြတ်သော တော်ဝင်ပန်းတစ်မျိုးအဖြစ် နေရာယူထားသည်။ 
 
ကြာပင်၏ အမြစ်များက ရေကန်၏အောက်ခြေရွှံ့နွံတွင် ကုတ်တွယ်ထားပြီး ရေမျက်နှာပေါ်က ကြာပွင့်၊ ကြာရွက်တို့၏ အဆင်းနှင့်ရနံ့တို့သည် မာန်အပြည့်နှင့် လှပဝင့်ထည်နေသည်။ ကြာပန်းများသည် လူမျိုးတိုင်းတွင် ယဉ်ကျေးမှုနှင့် စီးပွားရေးဆိုင်ရာ ဒဿနများစွာဖြင့် သမိုင်းကြောင်းများစွာရှိသည်။ 
 
ရှေးမြန်မာပညာရှိများက ကြာပန်းသည် ကျေးဇူးသိတတ်ခြင်း၊ ဘေးအန္တရာယ်ကင်းခြင်း  အထိမ်းအမှတ် သင်္ကေတတို့ဖြင့် ကြာရိုး၊ ကြာရွက်၊ ကြာပွင့်၊ ကြာချပ်တို့နှင့် ပြုလုပ်သော အသုံးအဆောင်များကို ဘုရင်များ၏ ပုလ္လင်တွင် အသုံးပြုခဲ့ကြသည်ဟု မြဝတီမင်းကြီးဦးစ၏ ရွှေဘုံနိဒါန်းတွင် ဖော်ပြထားသည်များ ရှိသည်။ 
 
ကြာပန်းများသည် တရုတ်ယဉ်ကျေးမှုတွင်လည်း သန့်ရှင်းစင်ကြယ်ခြင်း၊ စည်းလုံးညီညွတ်ခြင်းဆိုသည့် သင်္ကေတ အပြင် ရွှံ့နွံတွင် ပေါက်သော်လည်း သန့်ရှင်းလှပပြီး ခံနိုင်ရည်စွမ်းရှိသော သဘောကိုဆောင်သည့် ဒဿနများရှိ သည်။ 
 
ကြာပန်းများသည် တရုတ်အနုပညာ၊ စာပေနှင့် ဘာသာရေးဆိုင်ရာ သင်္ကေတများတွင် ပါဝင်ပြီး ရိုးရာပန်းချီ၊ ကဗျာများနှင့် အတွေးအခေါ်များဆိုင်ရာ ကဏ္ဍများတွင်လည်း  မြန်မာတို့၏ ရှေးရိုးစာဆိုများနည်းတူ တစ်နည်း တစ်ဖုံ ပါဝင်နေသည်။ 
 
ထို့အတူ ကြာပင်တစ်ပင်လုံးသည် တိုင်းရင်းဆေးများတွင် အရေးပါသကဲ့သို့ စားသောက်ဖွယ်ရာများတွင်လည်း ဖွယ်ဖွယ်ရာရာ အမျိုးမျိုးဖြင့် စားသုံးကြသည်။ တရုတ်အစားအစာများတွင် ကြာစေ့နှင့်ကြာမြစ်များကို ဟင်းချို၊ အချိုပွဲ များတွင့် ထည့်၍စားလေ့ရှိသည်။ အသားများနှင့်လည်း ရော၍ ချက်ပြုတ်စားသုံးခြင်း၊ မုန့်များပြုလုပ်၍ စားသုံးခြင်းတို့ဖြင့် ကြာပင်များ၏ အမြစ် အရွက်၊အပွင့်၊ အစေ့ တို့သည်လွန်စွာပဲအသုံးဝင်လှပါသည်။ 
 
ကြာရွက်သည် တရုတ်တိုင်းရင်းဆေးတွင် သွေးအန်ပျောက်ဆေး၊ အပူငြိမ်းဆေး စသည့်ဖြင့် ရောဂါတော်တော် များများကုသမှုများ၌ အသုံးပြုကြသလို ပဒုမ္မာကြာဝတ်ဆံကို တရုတ်တိုင်းရင်းဆေးများတွင် ကျောက်ကပ် အားဆေးအဖြစ် အသုံးပြုကြသည်။ 
 
အစားအစာနှင့်ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သော ကြာပန်းများသည် ရေကန်၊အင်း၊အိုင်တို့တွင် တင့်တယ်သော အလှတရားတို့ဖြင့် မြင်ရသူတို့တို့ စိတ်နှလုံးကို အေးချမ်းစေသည်။  တရုတ်နိုင်ငံရှိ ဥယျာဉ်များ၊ ပန်းခြံများ၊ ဘုရားကျောင်းဝန်းများထဲတွင်လည်း အမျိုးမျိုးသော ကြာပန်းတို့၏ အလှတရားဖြင့် သာယာသောဝန်းကျင်ကို စွမ်းဆောင်ပေးထားသည်။ 
 
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် ကြာပန်းများကို ပန်းအိုးထိုးခြင်း၊ ပန်းအလှဆင်ခြင်းများတွင် အသုံးပြုကြ သည်။ ရှေးအခါက ထိုင်းလူမျိုးများသည် ဆေးလိပ်လိပ်ရာတွင် ကြာပွင့်ချပ်များကို အသုံးပြုခဲ့ကြသည်။ 
 
ကြာပွင့်ချပ်များသည် ပလတ်စတစ်ထုတ်ကုန်များမပေါ်ခင် ရှေးအခါက အစားအစာများ ၊ ဟင်းသီးဟင်းရွက် ပန်းမန်များ ထုပ်ပိုးရာတွင်လည်း အသုံးပြုခဲ့ကြသည်။ တရုတ်နိုင်ငံတွင် ကြာပန်းများစိုက်ပျိုးရေးများ တွင်ကျယ်ပြီး စားသောက်ကုန်တို့၌  ထည့်သွင်းစားသုံးမှု အလွန်များသည်။ 
 
တရုတ်နိုင်ငံ၊ ကျက်ကျန်းပြည်နယ် ကျင်းဟွာမြို့၊ ကျင်းတုန်းရပ်ကွက်၌ ဧက ၇၀၀ ကျယ်ဝန်းသည့် ရေကန်တွင် ငါးမွေးမြူကာ ကြာပန်းများစိုက်ပျိုးခဲ့ပြီး ကြာပန်းများ၏ လှပသော ရှုခင်းသာနေရာအဖြစ် အောင်မြင်လာကာ ဒေသခံတို့၏ ခရီးသွားအပန်းဖြေ နေရာအဖြစ်လည်း စီးပွားဖြစ်ခဲ့သည်။ 
 
တရုတ်နိုင်ငံ အရှေ့ပိုင်းပြည်နယ်တစ်ခုဖြစ်သော အန်ဟွီပြည်နယ်၌ တည်ရှိသော တိုင်ပင်ရေကန်တွင်  သဘာဝအံ့ဩဖွယ် ကမ္ဘာတစ်ခုကဲ့ ကြာပန်းများစွာ ဖူးပွင့်ပြီး ငှက်မျိုးစိတ် ၁၀၀ ကျော် နေထိုင်ကျက်စားသည်။ 
 
အလားတူ တရုတ်နိုင်ငံအနောက်တောင်ပိုင်း ကွေ့ကျိုးပြည်နယ်ရှိ အန်းလုန်ခရိုင်၏ Zhaodi Dyke ရှုခင်းသာနေရာတွင် ကြာပန်းများအား ဟက်တာ ၂၀၀ ခန့်စိုက်ပျိုးထားပြီး လှပဝင့်ထည်လျက်ရှိသည်။ 
 
မြန်မာနိုင်ငံတွင်လည်း ကြာပန်းများစွာ ထွက်ရှိသည့် ရေကန်၊အင်း၊ အိုင်များစွာ ရှိသည်။ အင်းလေးကန်သည် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များအကြား အထူးထင်ရှားသလို ကြာချည်ထည်များ ထုတ်လုပ်မှုတွင်လည်း ထင်ရှား သော ဒေသတစ်ခုဖြစ်သည်။ 
 
အင်းပေါခုံကျေရွာသည် ကြာဖြင့်ရက်လုပ်သည့် အဝတ်အထည်များ စဉ်ဆက်မပြတ် ထုတ်လုပ်နေသော ကျေးရွာဖြစ်သည်။  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့မှ စွန်ရဲအင်းနှင့် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့ နယ်ရှိ ဝက်သည်ကန်တို့မှ ကြာများကို အနီးဝန်းကျင်ရွာများက ကြာချည်မျှင်များ ထုတ်ယူကြပြီး ၎င်းလုပ်ငန်း များကလည်း ထင်ရှားလျက်ရှိသည်။ 
 
ကြာချည်ရက်ကန်းပညာသည် မြန်မာတို့၏ ဒြပ်မဲ့ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး မပျောက်ကွယ်အောင် ထိန်းသိမ်းရမည့် ရိုးရာလက်မှုပညာလည်းဖြစ်သည်။  ကြာချည်မျှင်ကို ပဒုမ္မာကြာပန်းမှ ထွက်ရှိသော ကြာချည်များဖြင့် ရက်လုပ်ကြ ခြင်းဖြစ်သည်။ 
 
ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့သည် ကြာပန်းကို မြင့်မြတ်စင်ကြယ်သော ပန်းအဖြစ်မှတ်ယူထား၍ ကြာချည်ဖြင့် ရက်လုပ်သည့်   ကြာသင်္ကန်းကို ရဟန်း၊သံဃာများအား ကပ်လှူပူဇော်ကြသည်။ ကြာရက်ကန်းထည်များ ဝတ်ဆင် ပါကလည်း အညံ့များပျောက်သည်ဟုသော အယူအဆများရှိသည်။ 
 
 ထို့ကြောင့် ယခုအခါတွင် မင်္ဂလာအခမ်းအနားများ၌ ကြာချည်နှင့်ပိုးချည်ကိုရောကာ လည်စည်း၊ အဝတ်အထည်များ ပြုလုပ်၍ အသုံးပြုလာကြသည်။ ကြာသင်္ကန်း၊ ကြာပုဝါ၊ ကြာပိုက်ဆံအိတ်၊ ကြာဦးထုပ်၊ ကြာအဝတ်အထည်နှင့် လူသုံးကုန်ပစ္စည်းအမျိးမျိုးတို့ကို ကုန်ချောအဖြစ် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့်ဈေး ကွက်များလည်း တွင်ကျယ်လာကြသည်။ ကြာချည်သည် အခြားချည်မျှင်များနှင့်မတူဘဲ အေးမြသော ရာသီတွင် နွေထွေးစေပြီး၊ ပူအိုက်သောရာသီတွင် အေးမြစေသည်။ 
 
ယခုဆိုလျှင် မြန်မာ့ရိုးရာကြာသင်္ကန်းထည် ရက်လုပ်သည့်ပညာများကို ကမ္ဘောဒီးယားနိုင်ငံက မြန်မာ့ရိုးရာ နည်းပညာကို သင်ယူ၍ ၎င်းတို့နိုင်ငံတွင် ကြာသင်္ကန်းရက်လုပ်သည့်လုပ်ငန်းများကို ပြန်လည်အသုံးချ  လုပ်ကိုင် လျက်ရှိသည်။ 
ထိုင်း၊ တရုတ်၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် အစရှိသော နိုင်ငံများတွင် ကြာပန်းများဖူးပွင့်သော ရေကန်၊ အင်းများသည် ကမ္ဘာလှည့်ခရီးသွားများကို အထူးဆွဲဆောင်သော အလှတရားများ ပေးစွမ်းခြင်းဖြင့် ဒေသခံတို့ကို ဝင်ငွေတိုးစေခဲ့သည်။ 
သို့ဖြစ်၍ မြန်မာနိုင်ငံတွင် သဘာဝအလှတရားများထဲက တစ်ခုဖြစ်သော ကြာရေကန်၊ အင်းများမှ  ကြာချည်မျှင် ထုတ်လုပ်မှုနှင့် ကြာရက်ကန်းချည်ထည်လုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများသည် ကမ္ဘာ့နိုင်ငံများ၌ အထူးတလည် ထင်ရှားသင့်ချိန်ကို ဒေသခံများက မျှော်လင့်စောင့်စားလျက်ရှိကြပေသည်။  
 
အမွန်