【 နည်းပညာ 】 ဦးနှောက်တစ်ခုလုံးကို ခွဲခြမ်းစိပ်ဖြာနိုင်မယ့် ချစ်ပ်ပြားကို တရုတ်သိပ္ပံပညာရှင်တွေ ဒီဇိုင်းဆွဲ

【 နည်းပညာ 】 ဦးနှောက်တစ်ခုလုံးကို ခွဲခြမ်းစိပ်ဖြာနိုင်မယ့် ချစ်ပ်ပြားကို တရုတ်သိပ္ပံပညာရှင်တွေ ဒီဇိုင်းဆွဲ

ပေကျင်း၊ မတ် - ၁၅

တရုတ်ဦးနှောက်သိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ဟာ လူသားတွေမှာ တွေ့ရှိရတဲ့ ဇီဝကမ္မဖြစ်စဉ်တွေနဲ့ ရောဂါဖြစ်ပွားမှုတွေကို ပိုမိုနားလည်စေပြီး အချိန်နဲ့တစ်ပြေးညီ ခွဲခြမ်းစိပ်ဖြာနိုင်စေမယ့် ချစ်ပ်ပြားကို ဒီဇိုင်းရေးဆွဲ တီထွင်ခဲ့ကြတယ်လို့ CMG သတင်းအရ သိရပါတယ်။

အာကာသစူးစမ်းလေ့လာရေး နည်းစနစ်အပေါ် အခြေခံပြီး အဆိုပါချစ်ပ်ပြားကို တရုတ်သိပ္ပံပညာရှင်တွေက တီထွင်ခဲ့တာဖြစ်ပါတယ်။

လူသားတွေရဲ့ ဦးနှောက်အာရုံကြောကို မှတ်တမ်းတင်တဲ့ နည်းပညာဟာ ကြီးမားတဲ့ အာရုံကြောအစုအဝေးတွေရဲ့ ဒိုင်းနမစ်တိုင်းတာမှုတွေကို လုပ်ဆောင်နိုင်ပေမယ့်လည်း နောက်ပိုင်းမှာ တိုင်းတာမှုကရရှိတဲ့ ကြီးမားတဲ့ အချက်အလက်တွေကို နောက်ဆက်တွဲ ခွဲခြမ်းစိပ်ဖြာရာမှာတော့ နည်းပညာပိုင်းအရ စိန်ခေါ်မှုတွေရှိနေပါသေးတယ်။

ဦးနှောက်တစ်ခုလုံးကို အချိန်နဲ့တစ်ပြေးညီ ခွဲခြမ်းစိပ်ဖြာနိုင်တဲ့ နည်းစနစ်ဟာ အာကာသထဲက လျင်မြန်သော ရေဒီယိုပေါက်ကွဲမှုတွေကို နက္ခတ္တဗေဒဆိုင်ရာ သုတေသနပြုလုပ်ရာမှာ ကိုင်တွယ်ဖြေရှင်းပုံနဲ့ ဆင်တူကြောင်း တရုတ်သိပ္ပံအကယ်ဒမီမှ သုတေသီတွေက သဘောပေါက် နားလည်ခဲ့ကြပြီး၊ စကြဝဠာရှိ လျှို့ဝှက်ဆန်းကြယ်တဲ့ ရေဒီယိုအလင်းတန်းများ လျင်မြန်စွာ လုပ်ဆောင်ပုံကိုလည်း အတုယူကာ တစ်စက္ကန့်လျှင် 500-megabyte-per-second ရုပ်ပုံစီးကြောင်းအတွက် ဒီဇိုင်းထုတ်ထားတဲ့ ချစ်ပ်တစ်ခုကို တီထွင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါချစ်ပ်ပြားကို Zebra ငါးတွေမှာ သုတေသီတွေက စမ်းသပ်ခဲ့ကြပြီး၊ ၎င်းစနစ်ဟာ ငါးတွေမှာ ဦးနှောက်အာရုံကြော ၁၀၀,၀၀၀ အထိ လှုပ်ရှားမှုတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်သုတေသီတွေဟာ ဦးနှောက်ကို အချိန်နဲ့တစ်ပြေးညီ ထိန်းချုပ် ခွဲခြမ်းစိပ်ဖြာနိုင်မယ့် နည်းစနစ်ကို အသုံးပြုပြီး ဦးနှောက်-ကွန်ပြူတာ ကြားခံဗျူဟာနယ်ပယ်ကို သရုပ်ပြနိုင်ခဲ့သလို၊ Zebra ငါးတွေ ရေမကူးနိုင်ဘဲ အကြောသေနေတဲ့အခြေအနေမှာတောင် အဆိုပါစနစ်က ဦးနှောက်အာရုံကြောတွေကို ထိန်းချုပ်လှုပ်ရှားစေနိုင်ခဲ့ပါတယ်။

ယခုလို တရုတ်သိပ္ပံပညာရှင်တွေရဲ့ ဦးနှောက်တစ်ခုလုံးကို ခွဲခြမ်းစိပ်ဖြာနိုင်မယ့် ချစ်ပ်ပြားကို ဒီဇိုင်းရေးဆွဲ တီထွင်ဖန်တီးနိုင်မှုဟာ အနာဂတ်မှာ လူသားတွေရဲ့ ဦးနှောက်အာရုံကြောနဲ့ သက်ဆိုင်တဲ့ ရောဂါတွေအပြင်၊ ကိုမာဝင်နေစေတဲ့ ဖြစ်စဉ်တွေနဲ့ ဇီဝကမ္မဖြစ်စဉ်တွေကို ပိုမိုနားလည်စေနိုင်ပြီး တွန်းလှန်နိုင်မယ့် လမ်းစပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Damien
Ref - CMG