【နိုင်ငံတကာဆောင်းပါး】အမေရိကန်မူလတိုင်းရင်းသားကလေးငယ်များကို ဘော်ဒါဆောင်ပို့ဆောင်မှု ယခင်ထက်များနေ

【နိုင်ငံတကာဆောင်းပါး】အမေရိကန်မူလတိုင်းရင်းသားကလေးငယ်များကို ဘော်ဒါဆောင်ပို့ဆောင်မှု ယခင်ထက်များနေ

ရာနှင့်ချီသောတိုင်းရင်းသားကလေးများကို လူဖြူလူ့အဖွဲ့အစည်းတွင် ပေါင်းစည်းရန် ဖက်ဒရယ်အစိုးရမှ စီမံခြင်းအရ ဌာနေအမေရိကန်ကလေးငယ်များသည် ၁၉ရာစုကတည်းက ဒေသခံတိုင်းရင်းသား ကျောင်းအိပ် ကျောင်းစားစာသင်ကျောင်းများ အနည်းဆုံး ၅၂၃ ကျောင်းကို တက်ရောက်ခဲ့ရကြောင်း အကျိုးအမြတ်မယူတဲ့ အဖွဲ့တစ်ခုက ပြောခဲ့သည်။

National Native American Boarding School Healing Coalition မှ ဌာနေ ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်းများ စာရင်းအသစ်ကို ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့ရာ ယခင်ထုတ်ပြန်ခဲ့သည့် အရေအတွက်ထက် ကျော်လွန်သွားခဲ့သည်။

ယခုထုတ်ပြန်သည့် အမေရိကန်ပြည်ထောင်စုရှိ ဌာနေတိုင်းရင်းသား ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်းများစာရင်းတွင် ပိတ်ထားသည့် ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်းအများအပြားနှင့် ယနေ့ထိ ဆက်လက်လည်ပတ်ဆဲ အချို့လည်းပါဝင်သည်။

ပြီးခဲ့သည့်နှစ်က ပြည်ထဲရေးဌာနသည် ယခင်ဖက်ဒရယ်အစိုးရ၏ ဌာနေအမေရိကန်ကလေးငယ်များကို လူဖြူအမေရိကန်လူ့အဖွဲ့အစည်းတွင် ပေါင်းစည်းရန် ကြိုးပမ်းအားထုတ်မှုများအပေါ် ပြန်လည်သုံးသပ်ချက် တစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။

ဖက်ဒရယ်အစိုးရသည် ၁၈၁၉ခုနှစ် မှ ၁၉၆၉ခုနှစ်ကြားတွင် လူဖြူအမေရိကန်လူ့အဖွဲ့အစည်းပေါင်းစည်းရန် အတင်းအကျပ်ခိုင်းစေသော ကျောင်းအိပ်ကျောင်းစား စာသင်ကျောင်း ၄၀၈ ကျောင်းကို လည်ပတ်ရန် သို့မဟုတ် ပံ့ပိုးပေးသည်ကို တွေ့ရှိခဲ့သည်။

National Native American Boarding School Healing Coalition ၏ CEO ဖြစ်သူ ဒီဘိုချ်ပါကားက သူမ၏အဖွဲ့သည် နောက်ထပ်အဖွဲ့အစည်း ၁၁၅ ခုကို ဖော်ထုတ်ခဲ့ပြီး အများစုမှာ ဗဟိုအစိုးရ၏ ပံ့ပိုးကူညီမှုမရှိဘဲ လုပ်ဆောင်နေကြောင်း CNN သို့ ပြောကြားခဲ့သည်။

“ မသိတာတွေ အများကြီးပဲ၊ အသင်းတော်များမှ မှတ်တမ်းများရယူရန် ကြိုးစားခြင်းဟာ  ယခုအချိန်အထိ မယုံနိုင်လောက်အောင် ခက်ခဲနေဆဲပဲ”လို့ ဆိုသည်။

“ကျမတို့ မှတ်တမ်းအချို့ စတင်ရရှိနေပြီဖြစ်သော်လည်း မလုံလောက်သေးပါ” ဟု ပါကား က ပြောကြားခဲ့သည်။

“မိသားစုတွေအတွက် သူတို့ချစ်ရတဲ့သူတွေကို ရှာတွေ့အောင် ကူညီပေးနိုင်အောင် ဒီလှုပ်ရှားမှုကို ဖန်တီးဖို့ ကျမတို့ တကယ်ကြိုးစားနေပါတယ်”ဟုဆိုသည်။

ဌာနေအသိုက်အဝန်းများစွာရှိ တိုင်းရင်းသားများသည် ကျောင်းအိပ်ကျောင်းစားဘော်ဒါကျောင်းများသို့ ခေါ်ဆောင်သွားသော ဆွေမျိုးများကို ရှာဖွေနေဆဲဖြစ်ကြောင်းပါကားမှ ပြောကြားခဲ့သည်။

“သူတို့ရဲ့ မိသားစုဝင်တွေ ရှိတဲ့နေရာကို ပို့ဆောင်ပေးနိုင်တဲ့ အချက်အလက်တွေကို သူတို့ ရှာဖွေနေတုန်းပါပဲ။ ကလေးတော်တော်များများ ဘော်ဒါဆောင်တွေမှာ သေဆုံးနေကြတယ်ဆိုတာ ကျမတို့သိပြီး အခုချိန်မှာ သူတို့ကို ဘယ်နေရာထားခဲ့လဲ ရောက်နေလဲမသိပါဘူး” လို့ ပါကားက ဆိုသည်။

သူမအဖွဲ့၏ စာရင်းတွင် လိုအပ်ချက်သုံးခုနှင့် ကိုက်ညီသည့် အဖွဲ့အစည်းများသာ ပါဝင်ပြီး အင်စတီကျူးရှင်းများသည် ဌာနေအမေရိကန်ကလေးများအတွက် အထူးပုံစံထုတ်ထားပြီး၊ ပညာရေးဆိုင်ရာ အစိတ်အပိုင်း တစ်ခုအဖြစ် အိမ်မှတက်သည့် နေ့ကျောင်းသားများကို အချိန်မရွေး ထားရှိနိုင်သည်။

ပြည်ထဲရေးဌာနတွင် အလားတူ စံနှုန်းများရှိသော်လည်း အမေရိကန်ဖက်ဒရယ်အစိုးရမှ တိုက်ရိုက်ပံ့ပိုးပေးသည့် ၁၉၆၉ ခုနှစ်မတိုင်မီ ဖွင့်လှစ်သော ကျောင်းများကိုသာ ရေတွက်ထားသည်။ စာရင်းတွင် လက်ရှိ ဖွင့်နေသည့် ကျောင်း ၁၂၅ ကျောင်းလည်း ပါ၀င်ပြီး ၎င်းမှာ ဌာနေတိုင်းရင်း သားအတွက် ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းများဟု သတ်မှတ်ခံထားရသည်။

၁၉ နှင့် ၂၀ ရာစုတစ်လျှောက်လုံးတွင် ဌာနေအမေရိကန်ကလေးများကို ၎င်းတို့အမည်ပြောင်းကာ ဌာနေဘာသာစကားမသုံးရန်နှင့် ဆံပင်ညှပ်ရန် ခိုင်းစေသည့်ကျောင်းများသို့ ပို့ခဲ့သည်ဟု ပြည်ထဲရေးဌာန၏ သုံးသပ်ချက်တွင် ဖော်ပြထားသည်။

ရာနှင့်ချီသော အဆိုပါကျောင်းများကို အမေရိကန်အစိုးရမှ တာဝန်ယူလည်ပတ်ခြင်း သို့မဟုတ် တိုက်ရိုက်ပံ့ပိုးပေးခဲ့သော်လည်း အများအပြားမှာ ၁၈၁၉ ခုနှစ်တွင် Civilization Fund Act ကို ကွန်ဂရက်လွှတ်တော်မှ အတည်ပြုပြီးနောက် ဘာသာရေးအဖွဲ့များနှင့် အသင်းတော်များကို လည်ပတ်စေခဲ့သည်။

အဆိုပါဥပဒေသည် ဌာနေဖွားအမေရိကန်ကလေးများအတွက် ကျောင်းပေါင်းတစ်ရာကျော် ဖွင့်လှစ်ရန် ဘာသာရေးအဖွဲ့အစည်းများကို အရင်းအမြစ်များ ပေးအပ်ထားသည်။

ကျောင်းအများစုသည် ကလေးများအား အနိုင်ကျင့်မှု၊ လျစ်လျူရှုမှုနှင့် ရိုက်နှက်ပြစ်ဒဏ်ပေးခြင်းများရှိသည့် စစ်သားလေ့ကျင့်ရေးစခန်းများကဲ့သို့ လုပ်ဆောင်ခဲ့သည်။

မကြာမီနှစ်များအတွင်း ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်းများ၏ အမှတ်ရစရာအကြောင်း အသိပညာပေးရေး ကြိုးပမ်းမှုများမှာ အမေရိကန်ဌာနေတိုင်းရင်းဖွားထဲမှ အစိုးရအဖွဲ့အတွင်းဝန်အဖြစ် ပထမဆုံးထမ်းဆောင်သော ပြည်ထဲရေးအတွင်းဝန် ဒပ်ဘ်ဟေလန်း၏ဘော်ဒါကျောင်းများကို စုံစမ်းရန် အစပျိုးလုပ်ဆောင်ခဲ့မှုနှင့်အတူ အရှိန်ရလာခဲ့သည်။

ပြည်ထဲရေးဌာန၏ ကနဦးစုံစမ်းစစ်ဆေးမှုတွင် ကျောင်းအိပ်ကျောင်းစား ဘော်ဒါကျောင်း  ၁၉ ကျောင်းတွင်  အမေရိကန်အင်ဒီးယန်း ၊ အလာစကာဇာတိနှင့် ဟာဝိုင်အီနွယ်ဖွား ကလေးငယ် ၅၀၀ ကျော် သေဆုံးမှုရှိကြောင်း တွေ့ရှိခဲ့သော်လည်း မှတ်တမ်းတင်ထားသည့် သေဆုံးသူအရေအတွက်မှာ ဒီထက် တိုးလာဖွယ်ရှိကြောင်း CNN က ဖော်ပြခဲ့သည်။

"ဖက်ဒရယ်အိန္ဒိယဘော်ဒါဆောင်တွေမှာ သေဆုံးခဲ့တဲ့ အင်ဒီယန်းကလေးငယ်အရေအတွက်ဟာ ထောင်နဲ့ချီကာ သောင်းဂဏန်းအထိ ရှိလိမ့်မယ်လို့ ဌာနက မျှော်လင့်ထားပါတယ်" ဟု အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Linko

Ref:CNN|Native American children have been sent to more Indigenous boarding schools than previously reported, group says