【 အားကစား 】 ဖိအားအောက်ရောက်နေတဲ့ နည်းပြ ရန်နစ်ဂ်ဘက် စီရော်နယ်လ်ဒို ရပ်တည်

【 အားကစား 】 ဖိအားအောက်ရောက်နေတဲ့ နည်းပြ ရန်နစ်ဂ်ဘက် စီရော်နယ်လ်ဒို ရပ်တည်

ခရစ္စတီယာနို ရော်နယ်လ်ဒိုကတော့ မန်ယူအသင်း အောင်မြင်မှုရရှိဖို့အတွက် လက်ရှိ ယာယီနည်းပြ ရစ်ဖ် ရန်နစ်ဂ် ကို ထောက်ခံပေးခဲ့ပါတယ်။

စီရော်နယ်လ်ဒိုမှ မန်ယူအသင်းရဲ့ ယာယီနည်းပြအနေနဲ့ သူ့ရဲ့ စိတ်ကူးတွေကို အကောင်အထည်ဖော်ဖို့ အချိန်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာ မန်ယူအသင်း နည်းပြ အိုလေ ဂန်နာ ဆိုးလ်ရှား ထုတ်ပယ်ခံရပြီးနောက် ရန်နစ်ဂ် က ယာယီနည်းပြအဖြစ် မန်ယူအသင်းကို ရာသီအကုန်အထိ ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ရန်နစ်ဂ် လက်ထက်မှာ မန်ယူအသင်းရဲ့ ရလဒ်တွေ ကောင်းမွန်လာခဲ့တာကို မြင်တွေ့ခဲ့ရပေမယ့်လည်း အသင်းရဲ့ကစားပုံကတော့ ထိပ်တန်းအဆင့်ကို ရောက်ရှိခြင်းမရှိသေးပါဘူး။ဒါ့အပြင် မန်ယူအသင်းတွင်း စည်းလုံးမှုပြိုကွဲနေတယ်ဆိုတဲ့ သတင်းများလည်းထွက်ပေါ်နေပြီး ယာယီနည်းပြ ရန်နစ်ဂ်အနေနဲ့ ပြဿနာများကို ဖြေရှင်းနေရတာဖြစ်ပါတယ်။

"လွန်ခဲ့တဲ့ငါးပတ်လောက် အသင်းကို သူ (ရန်နစ်ဂ်) ရောက်လာခဲ့တယ်၊ သူ (ရန်နစ်ဂ်) က အသင်းကို အများကြီးပြောင်းလဲပေးခဲ့တယ်" လို့ စီရော်နယ်လ်ဒို က Sky Sports ကို ပြောကြားခဲ့ပါတယ်။

"ဒါပေမဲ့ သူ့စိတ်ကူးတွေကို ကစားသမားတွေကို ချပြဖို့ အချိန်ယူရမယ်၊ အချိန်ယူရပေမယ့် သူကောင်းကောင်းလုပ်နိုင်မယ်လို့ ကျနော်ယုံကြည်တယ်၊ ကျနော်တို့အသင်း ကစားပုံကောင်းမွန်ခြင်းမရှိတာကို ကျနော်တို့သိပါတယ်၊ ဒါပေမဲ့ ကျနော်တို့ ပိုမိုတိုးတက်လာမှာ သေချာပါတယ်" လို့ စီရော်နယ်လ်ဒို က ဆက်ပြောပါတယ်။

"သူရောက်လာကတည်းက ကျနော်တို့ ပိုကောင်းလာခဲ့တယ်၊ အချိန်တစ်ခုကတော့လိုတာပေါ့၊ ကစား‌သမားတွေရဲ့ စိတ်ဓာတ်၊ ကစားပုံ၊ ယဉ်ကျေးမှုနဲ့ စနစ်တွေကို အမြန်ပြောင်းဖို့ဆိုတာ မလွယ်ကူပါဘူး၊ ယာယီနည်းပြ ရန်နစ်ဂ် က သူ့အလုပ်ကို အကောင်းဆုံးဆောင်ရွက်နေတယ်လို့ ကျနော်ယုံကြည်ပါတယ်" ဟု စီရော်နယ်လ်ဒို က ပြောကြားခဲ့ပါတယ်။

ယာယီနည်းပြ ရန်နစ်ဂ် ကိုင်တွယ်ခဲ့တဲ့ မန်ယူအသင်းရဲ့ ပွဲစဉ် ၇ ပွဲမှာ အသင်းရဲ့ ခံစစ်ကစားပုံကောင်းမွန်လာခဲ့ပြီး ၅ ဂိုးသာ ပေးခဲ့ရပေမယ့် အသင်းတိုက်စစ်ပိုင်းကတော့ ၈ ဂိုးပဲ သွင်းယူနိုင်ခဲ့ကာ တိုက်စစ်အားနည်းနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

မန်ယူအသင်းရဲ့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ် ၃ ပွဲဟာ ပွဲချောင်တယ်လို့ ဆိုရမှာဖြစ်ပြီး၊ ယာယီနည်းပြ ရန်နစ်ဂ်အနေနဲ့ နိုင်ပွဲများရရှိဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။

Linko
မန်ချက်စတာ၊ ဇန်နဝါရီ - ၁၃