【 ပြည်တွင်း 】 ဒဂုံအရှေ့မှ ဘုန်းကြီးကျောင်းများ၌ အရိပ်ရသစ်ပင်များကို လာမည့် ဇွန်လတွင် စိုက်ပျိုးမည်

【 ပြည်တွင်း 】 ဒဂုံအရှေ့မှ ဘုန်းကြီးကျောင်းများ၌ အရိပ်ရသစ်ပင်များကို လာမည့် ဇွန်လတွင် စိုက်ပျိုးမည်

ရန်ကုန်၊ ဧပြီ - ၂၆

လာမယ့် ဇွန်လထဲ ကျရောက်မယ့် သဘာ၀ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ ရန်ကုန်တိုင်းဒေသကြီးထဲက ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ထဲက ဘုန်းကြီးကျောင်းတွေမှာ အရိပ်ရသစ်ပင်များကို စိုက်ပျိုးသွားဖို့ရှိတယ်လို့ ဘိုကာရှီ မြန်မာမှ သိရပါတယ်။

မီးဖိုချောင်မှ ထွက်ရှိလာတဲ့ စွန့်ပစ်အမှိုက်တွေအပါအဝင် ထမင်းဟင်းအကျန်တွေ၊ စွန့်ပစ်ထားတဲ့ အသီးအရွက်၊ အသား၊ ငါးတွေ၊ သဘာဝကထွက်ရှိတဲ့ သစ်ရွက်အမှိုက်တွေကို မြေဆွေးလုပ်ပြီး သစ်ပင်များ စိုက်ပျိုးတာတွေနဲ့ ကိုယ်တိုင်စိုက်ပျိုးရေးလုပ်နိုင်ဖို့ သင်တန်းတွေပေးနေသလို ယခုလို သစ်ပင်စိုက်ပျိုးမှုအစီအစဉ်တွေကိုလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

“အရိပ်ရတဲ့ အပင်တွေ စိုက်ဖြစ်မှာပါ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာ စိုက်မှာ” လို့လည်း ဘိုကာရှီ မြန်မာမှ တာဝန်ရှိသူတစ်ဦးက ပြောပြပါတယ်။

ရန်ကုန်မြို့ရဲ့ ဒုတိယအကြီးဆုံးဖြစ်တဲ့ ထားဝယ်ချောင်အမှိုက်ပုံမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက် ညနေပိုင်းက အမှိုက်ပုံရဲ့ ခြံစည်းရိုးတစ်လျှောက်မှာ တမာ၊ ခရေ၊ သရက်၊ မန်ကျည်း၊ မယ်ဇယ် အစရှိတဲ့ အရိပ်ရသစ်ပင် ၂၅၀ နီးပါးကို စိုက်ပျိုးခဲ့တယ်လို့ သိရပါတယ်။

လာမယ့် ဇွန်လ ၅ ရက်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့မှာလည်း သစ်ပင်စိုက်ပျိုးမယ့် အစီအစဉ်တွေကို စီစဉ်ထားကြတယ်လို့ သိရပါတယ်။

လင်းလင်း