【 ပြည်တွင်း 】 သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို ၁၀ ရက်တိုင်တိုင် ကျင်းပမည်

【 ပြည်တွင်း 】 သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို ၁၀ ရက်တိုင်တိုင် ကျင်းပမည်

မန္တလေး၊ ဖေဖော်ဝါရီ - ၂၈

မန္တလေးမြို့ အရှေ့ဘက်က သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို လာမယ့် တပေါင်းလပြည့်နေ့ကစပြီး ၁၀ ရက်တိုင်အောင် ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ဘုရားဂေါပကအဖွဲ့နဲ့ ဒေသခံတွေဆီကနေ သိရပါတယ်။

“အစဉ်အလာမပျက် ကျင်းပသွားမှာပါ၊ စျေးဆိုင်ခန်းတွေအတွက် မကြာခင်လျှောက်လွှာခေါ်သွားမှာပါ၊ ရွှေစာရံဘုရားပွဲက ပွဲမစခင်ကတည်းက ဘုရားဖူးတွေ၊ နတ်ပွဲလာသူတွေနဲ့ စည်ကားနေပါပြီ” လို့ ဂေါပကအဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

ပွဲတော်ရက်တွေမှာ တည်ခင်းရောင်းချကြမယ့် ၁၂ ပွဲစျေးသည်တွေအတွက်၊ ဘုရားခြေရင်းအနီးမှာ စျေးဆိုင်ခန်းနေရာတွေ ချထားပေးဖို့ လျာထားတာတွေ့ရပြီး မကြာခင်မှာပဲ လျှောက်လွှာခေါ်ယူသွားမှာဖြစ်တယ်လို့ သိရပါတယ်။

“ဒီနှစ်က အရောင်းအဝယ် သိပ်ကောင်းမယ် မထင်ဘူး၊ ဖြစ်နိုင်ရင် ဆိုင်ခန်းငှားခ သတ်မှတ်စျေး လျှော့ချပေးစေလိုတယ်၊ အခုကြားနေတာက တစ်သိန်း၊တစ်သိန်းခွဲဆိုတော့ သိပ်အဆင်ပြေကြမယ် မထင်ဘူး၊ ဆိုင်ခန်းငှားခ လျှော့လျှော့ပေါ့ပေါ့ လုပ်ပေးစေလိုပါတယ်” လို့ နှစ်စဉ် ပွဲတော်ရက်တွေရောက်တိုင်း ဆိုင်ခန်းငှားပြီး စျေးရောင်းချနေတဲ့ ၁၂ ပွဲစျေးသည်တစ်ဦးက ပြောပါတယ်။

မန္တလေးမြို့ အရှေ့ဘက်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာအနီး ဒုဋ္ဌဝတီမြစ်ကမ်းဘေးက သမိုင်းဝင် ရွှေစာရံဘုရားပွဲတော်ကို နှစ်စဉ် တပေါင်းလပြည့်နေ့ကနေ လပြည့်ကျော် ၉ ရက်နေ့အထိ၊ ၁၀ ရက် ကျင်းပပြုလုပ်လေ့ရှိတာဖြစ်ပါတယ်။

နှစ်စဉ်တိုင်းလည်း ပွဲတော်ရက်မတိုင်ခင်ကတည်းက ဘုရားဖူးလာသူတွေနဲ့ စည်ကားလေ့ရှိတာမှာ ဒီနှစ်မှာလည်း ပြီးခဲ့တဲ့ တပို့တွဲလပြည့်နေ့ကစလို့ ဘုရားဖူးနဲ့ နတ်ပွဲလာရောက်သူတွေနဲ့ အထိုက်အလျောက် စည်ကားနေပြီဖြစ်ပါတယ်။

ရွှေစာရံဘုရားကို မြန်မာနှစ် ၄၁၆ ခုနှစ်က ပုဂံဘုရင် အနော်ရထာမင်းရဲ့ မိဖုရားတစ်ဦးဖြစ်တဲ့ စောမွန်လှမိဖုရားက သူ့ရဲ့မြနားဋောင်းကို ဌာပနာထည့်သွင်းပြီး တည်ခဲ့တာပါ။နားဋောင်းတော် ကောင်းကင်ယံ ဝဲပျံခိုက်မှာ စာပုတီးငှက်တွေ ဝန်းရံ ပျံသန်းနေတာကို အစွဲပြုပြီး ရွှေစာရံဘုရားလို့ ခေါ်တွင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ရွှေစာရံဘုရားကို မန္တလေး-ပြင်ဦးလွင် ကားလမ်းအတိုင်း အုန်းချောလမ်းဆုံ မီးပွိုင့်ကတစ်ဆင့် ရွှေစာရံဘုရားသို့ လမ်းညွှန်ဆိုင်းဘုတ်အတိုင်း သွားရတာဖြစ်ပြီး မန္တလေးမြို့နဲ့ ၁၅ မိုင်ခန့်အကွာ ဒုဋ္ဌဝတီမြစ်ဘေးမှာ တည်ရှိတာဖြစ်ပါတယ်။

ဖြူလုံး