【 ပြည်တွင်း 】 ရန်ကုန်မှာ ဘေထုပ်အနွေးထည်များ ယခင်နှစ်တွေထက် အရောင်းသွက်လာ

【 ပြည်တွင်း 】 ရန်ကုန်မှာ ဘေထုပ်အနွေးထည်များ ယခင်နှစ်တွေထက် အရောင်းသွက်လာ

ယခုနှစ်ဆောင်းရာသီကို ဝင်ရောက်လာချိန်တွင်  ဘေထုပ်အနွေးထည်ရောင်းအားက ယခင်နှစ်တွေကထက်  အရောင်းသွက်လာလာတယ်လို့  ရန်ကုန်မြို့က ဘေထုတ်အဝတ်အထည်ရောင်းဝယ်သူတွေထံက သိရပါတယ်။

“ဒီနှစ်က အခုမှာ ဆောင်းရာသီကို စတင်ဝင်ရောက်ချိန်ပဲရှိသေးတယ်။အများခေါ် ဘေထုပ်အနွေးထည်တွေ တော်တော်ရောင်းရတယ်ဗျာ။ဝယ်ဝတ်တဲ့သူများတယ်။အရင်နှစ်တွေက အခုအချိန်ဆို သိပ်မရောင်းရသေးဘူး။ဒီနှစ်ကတော့ နိုဝင်ဘာလကတည်းက တော်တော်ရောင်းရတယ်” လို့ ကြည့်မြင်တိုင်ညစျေးမှာ ဘေထုပ်အဝတ်အထည်ရောင်းတဲ့ အမျိုးသားတစ်ဦးက ပြောပါတယ်။

ယခင်တွေက  ဆောင်းရာသီရောက်တိုင်း စျေးနှုန်းအသင့်အတင့်နဲ့  စျေးနှုန်းမြင့်မားစွာပေးဝယ်ရတဲ့ အနွေးထည်တွေကို ဝယ်ဝတ်ကြသူများပေမယ့် ဒီနှစ်မှာတော့ ကုန်စျေးနှုန်းတွေအဆမတန်ကြီးလာတာနဲ့အတူ၊အလုပ်အကိုင်ရှားပါးတာကြောင့် နေ့စဉ်ဝင်ငွေနည်းပါးလာတဲ့အတွက် အခြေခံလူတန်းစားတွေသာမက ပုံမှန်ဝင်ငွေရရှိသူတွေကပါ ဘေထုပ်အနွေးထည်ကို ဝယ်ဝတ်သူများလာတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေထံက သိရပါတယ်။

“ဒီနှစ်ဆောင်းရာသီမှာ လာနီညာကလည်းရှိတော့ အအေးကပိုလာတဲ့အတွက် အနွေးထည်ဝယ်ဝတ်သူတွေများတယ်။အနွေးထည်ဝယ်ဝတ်သူတွေများတယ်ဆိုပေမယ့် တန်ဖိုးကြီးတဲ့ အနွေးထည်ကို ဝယ်ဝတ်တဲ့သူ နည်းတယ်။ပိုက်ဆံချမ်းသာတဲ့သူတွေလောက်ပဲ ဝယ်ဝတ်ကြတယ်။အများစုကတော့ ဘေထုပ်အနွေးထည်တွေကို ဝယ်ဝတ်တဲ့သူများတယ်။အသစ်ဝယ်ရင် တစ်ထည်ကို အနည်းဆုံး သုံးလေးသောင်းလောက် ပေးဝယ်ရတယ်။ဘေထုပ်ထည်ကျတော့ ငါးထောင်၊ တစ်သောင်းဆိုရင် ကောင်းကောင်းရတယ်။အစစအရာရာချွေတာနေရတဲ့ အချိန်မှာတော့ ငွေကုန်သက်သာမယ့်နည်းလမ်းကို ရွေးရတာပေါ့” လို့ ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်နေ ကိုဇော်နိုင်က ပြောပါတယ်။

အနွေးထည်စျေးနှုန်းများမှာ အမျိုးအစားနှင့် အရည်အသွေးပေါ် မူတည်ပြီး အနိမ့်ဆုံး ကျပ်နှစ်သောင်းကျော်မှ အမြင့်ဆုံး တစ်သိန်းကျော်အထိ စျေးအမျိုးမျိုးရှိပြီး ဘေထုပ်အနွေးထည်များမှာ ကျပ်ငါးထောင် (၅,၀၀၀) ဝန်းကျင်မှ ကျပ်တစ်သောင်း (၁၀,၀၀၀) ကျော်အထိသာ စျေးနှုန်းရှိတယ်လို့ ရန်ကုန်မြို့ရှိ ဘေထုပ်အဝတ်အထည်အရောင်းဆိုင်တွေထံက သိရပါတယ်။