【 ပြည်တွင်း 】 မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့် အကောင်ထည်ဖော်သည့် စွန့်ပစ်ပစ္စည်းအသုံးချမှုဆိုင်ရာ သုတေသန ဓာတ်ခွဲခန်း မန္တလေးမှာ ဖွင့်လှစ်ထား

【 ပြည်တွင်း 】 မဲခေါင်-လန်ချန်း ရန်ပုံငွေဖြင့် အကောင်ထည်ဖော်သည့် စွန့်ပစ်ပစ္စည်းအသုံးချမှုဆိုင်ရာ သုတေသန ဓာတ်ခွဲခန်း မန္တလေးမှာ ဖွင့်လှစ်ထား

မန္တလေး၊ မတ် - ၁၉

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေစီမံကိန်း (၂၀၂၁) ဖြင့် ဆောင်ရွက်သည့် ဒေသတွင်း စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချမှုဆိုင်ရာ သုတေသနဓာတ်ခွဲခန်းကို မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ရှိ မန္တလေးနည်းပညာတက္ကသိုလ် (MTU) မှာ ဖွင့်လှစ်ခဲ့တယ်လို့ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ သိရပါတယ်။

အဆိုပါသုတေသနဓာတ်ခွဲခန်းကို မတ်လ ၁၁ ရက်နေ့က ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ဖွင့်လှစ်နိုင်ခြင်းကြောင့် ဒေသတွင်းနိုင်ငံများရဲ့ စွန့်ပစ်ပစ္စည်းများ စီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးမှာ ပူးပေါင်းဖြေရှင်းနိုင်မယ့် နည်းပညာများကို ဖော်ထုတ်ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ထို့အတူ စွန့်ပစ်ပစ္စည်းများ ပြန်လည် လည်ပတ် အသုံးပြုရေးဆိုင်ရာ စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့ သိပ္ပံနည်းကျ တီထွင်ဆန်းသစ်မှုများကို ပူးပေါင်းဆောင်ရွက်နိုင်မှာဖြစ်သလို သတင်းအချက်အလက်များ ဝေမျှနိုင်ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင် ထိခိုက်နိုင်မှုကို လျှော့ချနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိစီမံကိန်းဟာ အခြားတက္ကသိုလ်များအတွက် စံနမူကောင်းများ ဖြစ်လာနိုင်တယ်လို့လည်း ဆိုပါတယ်။

အောင်အောင်